(စ)-ရန်ကုန်တိုင်းဒေသကြီး အ.ထ.က(ခွဲ)ခနောင်ချောင်းဝအား အ.ထ.ကကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၄.၇.၂၀၁၈)

 

၂၀၁၇-၁၈ ခုနှစ်အတွက် ဒလမြို့နယ်မှ အ.ထ.က(ခွဲ)လေးကျောင်းကို အ.ထ.ကအဖြစ် တိုးမြှင့်ရန်တင်ပြခဲ့သော်လည်း ခနောင်ချောင်းဝ၊ သပြေကုန်း၊ ရခိုင်ချောင်ရှိ အ.ထ.က(ခွဲ)သုံးခုလုံး ပယ်ချခံခဲ့ရပါကြောင်း၊ ခနောင်ချောင်းဝ ကျေးရွာသည် ခနောင်ရှမ်းစု၊ ခနောင်မီးကြိတ်စက်၊ ခနောင်ဓနိတော၊ ခနောင်တောထဲကန်၊ ခနောင်ရွာမ၊ ခနောင်အထက်စတဲ့ ခနောင်ကျေးရွာခုနစ်ရွာထဲတွင် ပါဝင်ပြီး တစ်ဖက်တွင် လယ်ကွင်းပြင်များ အလယ်၊ တစ်ဖက်တွင် ရန်ကုန်မြစ်ကမ်းပါးတွင် တည်ရှိသည့်ရွာတစ်ရွာဖြစ်ပါကြောင်း၊ ဒလမြို့ သို့မဟုတ် အနီးဆုံး အ.ထ.က နှင့် ခုနစ်မိုင်လောက်ဝေးပြီး လယ်ယာလုပ်သားများ၊ ရေလုပ်သားများ၊ ဝင်ငွေနည်းပါးမိသားစုများနေထိုင်ရာ ရွာကြီးဖြစ်ပါကြောင်း၊ ရွာနှင့် ရွာအနီးပတ်ဝန်းကျင် ခနောင်ရွာ များရှိ ကျောင်းသူကျောင်းသားများသည် မြို့ပေါ်ရှိ အ.ထ.က ကျောင်းသို့ တက်ရောက်ပညာသင်ရန် ခက်ခဲသူများဖြစ်ပါကြောင်း၊ အ.ထ.က(ခွဲ)၏ စာသင် ကျောင်းဆောင်များတွင် ရွာလူထု၏ ညီညွတ်မှု၊ ထောက်ပံ့မှု၊ ပညာရေးကို စိတ်ဝင်စားမှုကြောင့် သောက်သုံးရေပြည့်စုံမှု၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ Multi Media ခန်းများ၊ သိပ္ပံပစ္စည်းများ၊ ကျောင်းသုံး ပရိဘောဂများနှင့် ပြည့်စုံပြီး ကျောင်းသားဦးရေ ၇၀၀ ကျော် တက်ရောက်ပညာ သင်ကြားနေသည့် အ.ထ.က(ခွဲ)ကျောင်း ကြီးဖြစ်ပြီး အဋ္ဌမတန်းကို နှစ်စဉ် ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရှိနေသည့် အ.ထ.က(ခွဲ) ကျောင်းကြီးလည်းဖြစ်ပါကြောင်း၊ အ.ထ.ကအဖြစ်သို့ တရားဝင်တိုးမြှင့်ခွင့်မရသေးသည့် အတွက် ကျောင်းသားဦးရေ ၇၀ ကျော်ခန့်သည် လုပ်အားပေးဆရာ/ဆရာမများနှင့် စာသင်ကြားနေရဆဲ အခက်အခဲများဖြစ်ပေါ်နေပါကြောင်း၊ ခနောင်ကျေးရွာများနှင့် ခနောင်ချောင်းဝရှိ အခြေခံပညာ အထက်တန်းကျောင်းသားကျောင်းသူများသည် အတန်းတင်စာမေးပွဲဖြေချိန်တွင် ရွာရှိ အ.ထ.က ကျောင်း တွင် ဖြေခွင့်မရသည့်အတွက် မြို့ပေါ်သို့သွားရောက်ဖြေဆိုနေရတာလည်း နှစ်ချီနေပြီဖြစ်ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်ပြီဖြစ်ပါသဖြင့် ခနောင်ကျေးရွာ အ.ထ.က(ခွဲ) အား အ.ထ.က အဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနဲ့ ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင် ရွက်မည်နှင့် မရှိပါကမည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၁၈-၁၉ ပညာသင်နှစ် တစ်ပြည်လုံးတွင် အခြေခံပညာကျောင်းပေါင်း စုစုပေါင်း ၆၃၈၆ ကျောင်းရှိပြီး သက်ဆိုင်ရာကျောင်းအဆင့် အသီးသီးကို တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် အခြေခံပညာမူလတန်းလွန်ကျောင်းလေးကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း လေးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်း၊ စုစုပေါင်းကိုးကျောင်း တိုးမြှင့်ဆောင်ရွက် ပေးပြီးဖြစ်ပါကြောင်း ၊ အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့်မှ အခြေခံပညာ အထက်တန်းကျောင်း အဖြစ်သို့အဆင့်တိုးမြှင်‌့ပေးရန် သတ်မှတ်ချက်မှ ၎င်းကျောင်းတွင် အထက်တန်း အဆင့်သင် ကျောင်းသား ကျောင်းသူ ၂၀၀ ဦးနှင့်အထက် ရှိရမည်ဖြစ်ပါကြောင်း၊  သွားလာရေးခက်ခဲသည့် တောင်တန်း၊ မြစ်ချောင်း ခြားနေသည့် ဒေသများဖြစ်စေကာမူ အနီးဆုံး အထက်တန်းအဆင့်သင်ကျောင်း နှင့် ၁၀ မိုင်အထက် ကွာဝေးမှ တိုးမြှင့်ပေးရန် ဦးစားပေးခြင်း သတ်မှတ်ထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ခနောင်ချောင်းဝ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၇၂ ဦးသာရှိပြီး  အနီးဆုံးပင်မ ကျောင်းဖြစ် သည့် ဒလမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင်‌့ ခုနစ်မိုင်ခန့် သာ ကွာဝေးပါကြောင်း၊ သို့ဖြစ်ပါ၍ ခနောင်ချောင်းဝကျေးရွာသည် အခြေခံပညာ အထက်တန်းကျောင်းခွဲ အဆင့်ရရှိနေပြီး အခြေခံ ပညာအထက်တန်းပညာရပ်များကိုလည်း သင်ယူခွင့်ရရှိနေသည့် အနေအထားဖြစ်ပြီး သတ်မှတ်ချက်မူ များနှင့် ကိုက်ညီမှုမရှိသေးသည့်အတွက် ဦးစားပေးအဆင့် တိုးမြှင့်နိုင်သည့်စာရင်းတွင် ပါရှိခြင်းမရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။