ကျောင်းသည် သံဖြူဇရပ်-ရေး ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပါကြောင်း၊ ကျောင်းမြေ အကျယ် ဝ.၂၂ ဧကခန့်သာရှိပြီး မျက်နှာဝ ၁၀၆ ပေ၊ အရှည် ၁၅၇ ပေသာရှိပါကြောင်း၊ အရှေ့ဘက်တွင် ပြည်ထောင်စုလမ်း၊ အနောက်ဘက်တွင် ရော်ဘာခြံ၊ မြောက်ဘက်တွင် လူနေအိမ်ခြေနှင့် တောင်ဘက်တွင် ဆေးပေးခန်းနှင့် တစ်ဆက်တည်း ရွာပိုင်မြေဘောလုံးကွင်း ရှိပါကြောင်း၊ ကျောင်းသားဦးရေလည်း ၂၁၆ ဦးရှိပြီး သတ္တမတန်းအထိပြီး ပေ ၃၀ x ၆၀ ကျောင်းဆောင် မြေစိုက်နှစ်ဆောင်သာ ရှိပါကြောင်း၊ ကျောင်းမြေထပ်ချဲ့ရန် ဆေးခန်းဘက်သာ ကျန်ရှိပါကြောင်း၊ အမှန်တကယ် ဆေးပေးခန်းဧရိယာမှာ ဝ.၁၆ ဧကသည် ကျောင်းပိုင်မြေဖြစ်ပြီး ဆေးပေးခန်းကို ဘောလုံးကွင်း၏ တောင်ဘက်ကိုရွှေ့၍ ရပါကြောင်း၊ သို့သော် ၎င်းသည် မြို့နယ်အဆင့် အရာရှိများနှင့် ဆောင်ရွက်ပေး၍ မရသည့်လုပ်ငန်း ဖြစ်သော်လည်း သက်ဆိုင်ရာအထက်ဝန်ကြီးဌာနကို အစီရင်ခံတင်ပြကြခြင်း မရှိသည့်အခြေအနေကြောင့် ရွာသူ/သားများက မိမိထံလာရောက် အကူအညီတောင်းခြင်း ဖြစ်ပါကြောင်း၊ ထိုကျောင်းလေးသည် တစ်ချိန်က လုံခြုံရေးမကောင်းသည့် ကာလတွင် ၁၉၆၈ ခုနှစ်ခန့်ကတည်းက အစိုးရ၏ပံ့ပိုးငွေ ၄၀၀၀၀၊ ရွာလူထုက ထည့်ဝင်ငွေ ၂၀၀၀၀ နှင့် အဆောင်သစ်ကို ဆောက်လှူခဲ့သည်မှာ ယခုဆို နှစ် ၅၀ ခန့် ရှိပြီး ဟောင်းနေပြီဖြစ်ပါကြောင်း၊ ယခု အဆောင်သစ်ကို အစိုးရက Wall Me တွင် ပါရှိပါကြောင်း၊ ၈၂ သိန်း၊ ရွာလူထု ၃၄ သိန်းနှင့် ထပ်မံတည်ဆောက် ထားပါကြောင်း၊ ဘတ်ဂျက်တောင်းပြီး ကျောင်းဆောက်ရန်အတွက်ကို ဟောင်းနွမ်းနေသည့် အဆောင်ဖျက်ပြီး ပြန်ဆောက်ရန် မြေကမရှိပါကြောင်း၊
ထို့ကြောင့် ၎င်းကိစ္စမျိုးများသည် ထွေ/အုပ်၊ မြေစာရင်း၊ ကျန်းမာရေးနှင့် ပညာရေးဌာန ဦးစီးမှူးများ ပေါင်းစပ်တွေ့ဆုံကြပြီး အထက်ဝန်ကြီးဌာနကို အစီရင်ခံရုံဖြင့် လုံလောက်ပါကြောင်းကို မိမိမှယူဆမိပါကြောင်း၊ မကြာမီလည်း အလယ်တန်းကျောင်းအဆင့်ကို တိုးမြှင့်ပေးသင့်သည့် အခြေအနေဖြစ်သည့်အတွက် ဘောလုံးကွင်း၏ မျက်နှာစာတောင်ဘက်ကို ရွာဆေးပေးခန်းကိုရွှေ့ပြီး မူလဆေးပေးခန်းနေရာကို ကျောင်းမြေအဖြစ် ချဲ့ထားရန် လိုအပ်လျက် ရှိပါကြောင်း၊ လူထုဝန် မပိရန် အလားတူ ကိစ္စရပ်မျိုးများကို ဝန်ကြီးဌာနချင်း ပေါင်းစပ်ဖြေရှင်းပေးသည့် အုပ်ချုပ်ရေးယဉ်ကျေးမှု ဓလေ့စနစ်တစ်ခုကို ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်းကို မိမိအနေဖြင့် တိုက်တွန်းခြင်းနှင့်အတူ မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းသည် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အဖြစ်သို့ အဆင့်တိုးမြှင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါကျောင်းတွင် ကျောင်းပိုင်မြေဧရိယာ ဝ.၂၂ ဧကရှိပြီး ၆၀ ပေ x ၃၀ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ဆောင်၊ ၆၀ ပေ x ၃၀ ပေ RC တစ်ထပ်ဆောင်တစ်ဆောင်၊ ယာယီဆောင် ၄၀ ပေ x ၃၀ ပေ သွပ်မိုး၊ ပလတ်စတစ်ကာတစ်ဆောင် စုစုပေါင်း စာသင်ဆောင်သုံးဆောင်နှင့် သင်ကြားလျက် ရှိပါကြောင်း၊ ကျောင်းသား/သူဦးရေအနေဖြင့် မူအဆင့်သင် ကျောင်းသား/သူ ၁၄၂ ဦး၊ လယ်အဆင့်သင် ကျောင်းသား ၇၄ ဦး စုစုပေါင်း ၂၁၆ ဦး ရှိပါကြောင်း၊ ကျောင်း၏ မြေဧရိယာသည် အမှန်ပင်တိုးချဲ့ရန် လိုအပ်လျက်ရှိသော နေရာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ကျေးလက်ဆေးပေးခန်းသည် အဆိုပါကျောင်း၏ ကျောင်းရှေ့မျက်နှာစာ မြောက်ဘက် တွင် မရှိဘဲ ကျောင်း၏အရှေ့ဘက်တွင် ကပ်လျက်တည်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ဆေးပေးခန်းပြောင်းရွှေ့ရန် လျာထားသည့် နေရာသည် မြေလွတ်၊ မြေရိုင်းအဆင့်သာ ရှိပါကြောင်း၊ ဌာနဆိုင်ရာအဆောက်အဦ ဆောက်လုပ်မှုပိုင်းအတွက် ဘတ်ဂျက်ထည့်လို့ရသည့် နေရာမဟုတ်ပါကြောင်း၊ ထိုနေရာကို မြေယာပိုင်ဆိုင်မှုအတွက် ဆက်လက် ဆောင်ရွက်ရန် ရှိပါကြောင်းဖြင့် ပြန်လည်ညှိနှိုင်းလာပါကြောင်း၊ ထိုကျေးရွာပြည်သူလူထုအတွက် ပညာရေးသည် အရေးကြီးသကဲ့သို့ ကျန်းမာရေးသည်လည်း ရေးကြီးသည့် အခြေခံလိုအပ်ချက် ဖြစ်သည့်အတွက် ဂရုစိုက်ညှိနှိုင်း သွားရန်လိုအပ်ပါကြောင်း၊ ထိုကျန်းမာရေး ဆေးပေးခန်း ပြောင်းရွှေ့သည့် မြေနေရာ တရားဝင်ရရှိရေး ဘတ်ဂျက်သတ်မှတ်နိုင်သည့် အဆင့်ရောက် ရှိရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ် အစိုးရအဖွဲ့ စသည်တို့နှင့်ညှိနှိုင်းပြီး မြေပိုင်ဆိုင်မှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အဆောက်အဦ ပြောင်းရွှေ့ ဆာက်လုပ်မှုအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
