ယခုနှစ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်ပေးသော်လည်း စာသင်ကျောင်းအသီးသီးတွင် သင်ကြားမှုလုပ်ငန်းများ နိုးကြားတက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းနှစ်ခုလုံး အောင်မြင်နိုင်ရန်အတွက် သင်ကြားသူ၊ သင်ယူသူ၊ အဆောက်အဦများ လိုအပ်လျက်ရှိပါကြောင်း၊ တစ်ခုခုချို့ယွင်းချက်၊ အားနည်းချက်ရှိခဲ့လျှင် မိမိတို့ အောင်မြင်မှု ရရှိမည်မဟုတ်ပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်တွင် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်မှု အားနည်းခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်ထိ စာသင်ကျောင်းများ ဖွင့်လှစ်ပြီးသော်လည်း အထက်တန်းပြ ဆရာ/မနှစ်ဦးနှင့် တာဝန်ခွဲဝေပြီး သင်ကြားနေရပါကြောင်း၊ ယခုလိုမျိုးပုံစံ သင်ကြားနေမည်ဆိုလျှင် လာမည့်နှစ်တွင် အောင်ချက်ကောင်းမွန်မည် မဟုတ်ပါကြောင်း၊ ငွေကြေးတတ်နိုင်သော မိဘများအနေဖြင့် မိမိသားသမီးများကို မြို့ကြီးများတွင် ပို့ဆောင်ပြီး ပညာသင်ကြားနိုင်သော်လည်း ဆင်းရဲနွမ်းပါးသော သား/သမီးများအနေဖြင့် မဖြစ်ဖြစ်သည့်နည်းနှင့် ပညာသင်ကြားနေရပါကြောင်း၊ ယခုလို ကွာဟချက်မျိုး မဖြစ်ရလေအောင် နိုင်ငံတော်အစိုးရအနေဖြင့် စီမံညွှန်ကြားကွပ်ကဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိ၏မဲဆန္ဒနယ်အတွင်းရှိ ကလေးများ အထက်တန်းပညာ တန်းတူညီမျှ သင်ကြားခွင့်ရရှိရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် လစ်လပ်နေသော အထက်တန်းပြဆရာ/မများနှင့် ပတ်သက်၍ အချိန်မီခန့်ပေးနိုင်ရေးအတွက် သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်တွင် ၂၀၁၈-၁၉ ပညာသင်နှစ်အထိ အခြေခံပညာမူလတန်း ကျောင်း (ခွဲ) ပေါင်း ၁၄ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းပေါင်း ၁၈ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၄) ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း စုစုပေါင်းအခြေခံပညာ ကျောင်းပေါင်း ၄၁ ကျောင်းဖွင့်လှစ်ထားရှိပါကြောင်း၊ သို့သော်လည်း လက်ရှိအားဖြင့် အခြေခံပညာမူလတန်းကျောင်း (ခွဲ) (၁) ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၁၀) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၄) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း စုစုပေါင်း ၁၉ ကျောင်းသာ ဖွင့်လှစ်နိုင်ပါကြောင်း၊ ကျန် ၂၂ ကျောင်းက ဒေသတွင်းအခြေအနေများအရ ယာယီပိတ်ထားခဲ့ရပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်တွင် လက်ရှိဖွင့်လှစ်နေသော ကျောင်းများရှိ ကျောင်းသားစာရင်းနှင့် ဆရာအင်အားမှာ အထက်တန်းအဆင့်သင် ကျောင်းသား/သူ ၈၈ ဦး၊ အလယ်တန်း အဆင့်သင်ကျောင်းသား ၃၃၂ ဦး၊ မူလတန်းအဆင့်သင် ကျောင်းသား/သူ ၁၂၉၄ ဦးရှိပါကြောင်း၊ လက်ရှိတွင် သင်ကြားရေးအဆင်ပြေစေရန်အတွက် မိုင်းယန်းမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူးတစ်ဦး၊ ကျောင်းအုပ်ကြီးနှင့် အလယ်တန်းပြဆရာ/မ (၄) ဦးတို့ကို ထပ်မံဖြည့်ဆည်း သင်ကြား ဆောင်ရွက်စေခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာ/မများ ခန့်ထားပေးရန်အတွက် လာမည့်ပညာသင်နှစ် ဆရာ/မများအပြောင်းအရွှေ့ ရာထူးတိုးများခန့်ထား ဆောင်ရွက်ချိန်တွင် ဆန္ဒပြုလျှောက်ထားသူများအနက်မှ သင်ကြားမည့်ဘာသာရပ် ကိုက်ညီသူများအား လုပ်သက်တမ်း ဆရာမူဘောင်အရ ဖြည့်ဆည်းခန့်ထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
