(က)-တံဆိပ်ခေါင်းအရောင်းလိုင်စင်ချထားပေးရာတွင် ရောင်းချခွင်‌့ရှိသည်‌့ တံဆိပ်ခေါင်းအမျိုးအစားနှင်‌့ စည်းကမ်းဖောက်ဖျက်သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား မည်သို့အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းကို သိရှိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ (၂၃.၇.၂၀၁၈)

 

(က)-တံဆိပ်ခေါင်းအရောင်းလိုင်စင်ချထားပေးရာတွင် ရောင်းချခွင်‌့ရှိသည်‌့ တံဆိပ်ခေါင်းအမျိုးအစားနှင်‌့ လက်ဝယ်ထားရှိနိုင်ခွင်‌့ပမာဏ၊ ထိန်းသိမ်းထားရှိရမည့် စာရင်းမှတ်တမ်းအမျိုးအစားများ၊ ရာသီဥတု ကြောင့်ဖြစ်စေ၊ ပိုးမွှားအန္တရာယ်ကြောင့်ဖြစ်စေ ပျက်စီးမှုများဖြစ်ပေါ်လာသည်‌့အခါ အစားထိုးလဲလှယ် နိုင်ခွင်‌့၊ သတ်မှတ်တန်ဖိုးထက်ပိုမိုရောင်းချခြင်းမပြုနိုင်အောင် ဆောင်ရွက်သည်‌့ ကြီးကြပ်မှုစနစ်နှင်‌့ စည်းကမ်းဖောက်ဖျက်သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား မည်သို့အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းကို သိရှိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

 

မိမိအနေဖြင့် ၂၇-၇-၂၀၁၅ ရက်စွဲပါ ယခင်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာအမှတ်(၁၈၀၈/ ၂၀၁၅)၊ တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရုံးအခွန်နှိပ်တံဆိပ်ခေါင်း၊ ရုံးအခွန်ကတ် တံဆိပ်ခေါင်းများတို့နှင့် စပ်လျဉ်းသော အရောင်းလိုင်စင် ချထားပေးမှုများကို သိရှိလိုခြင်း ဖြစ်ပါကြောင်း၊ အမိန့်ကြော်ငြာစာတွင် လိုင်စင်လျှောက်ထားမှု၊ လိုင်စင်ထုတ်ပေးမှု၊ လိုင်စင်ပြန်လည်ရုပ်သိမ်းမှုများ ပါဝင်ပါကြောင်း၊ အရောင်းလိုင်စင်လျှောက်ထား လိုသူများသည် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနတွင် လျှောက်ထားရန်ဖြစ်ပါကြောင်း၊ လိုင်စင်သက်တမ်းနှစ်နှစ် သတ်မှတ်ထား ပြီး သက်တမ်းကာလမကုန်မီ ရက်ပေါင်း ၆၀ ကြိုတင် သက်တမ်းတိုးလျှောက်ထားရမည်ဖြစ်ပါကြောင်း၊

အခန်း(၃)အရ လိုင်စင်ရရှိသူ၏ တာဝန်နှင့် အကျိုးခံစားခွင်‌့အနေဖြင့် တန်ဖိုး၏ လေးရာခိုင်နှုန်းလျော့နှုန်းဖြင်‌့ ခံစားခွင်‌့ရရှိမည်ဖြစ်ပါကြောင်း၊ လိုင်စင်ရရှိသူ သေဆုံးမည်ဆိုပါက လိုင်စင်ပျက်ပယ်ပြီး ကျန်တံဆိပ် ခေါင်းများကို ပြန်လည်အပ်နှံရန်လိုအပ်သည်ဟု သိရှိရပါကြောင်း၊ တံဆိပ်ခေါင်းဟုဆိုရာတွင် အခွန် တံဆိပ်ခေါင်းနှင့် ရုံးအခွန်တံဆိပ်ခေါင်းများသိရှိသည့်အတွက် အရောင်းလိုင်စင်လျှောက်ထားလိုသူ ပြည်သူများ သိရှိနားလည်စေရန်၊ ပြင်ပတွင်  တရားမဝင်တံဆိပ်ခေါင်းရောင်းချနေမှုများ သတ်မှတ် တန်ဖိုးထက် အဆများစွာဈေးတင်ရောင်းချနေမှု များနှင့် အများပြည်သူလွယ်လွယ်ကူကူ ဝယ်ယူ အသုံးပြုနိုင်ရေးရန်၊ နိုင်ငံတော်အတွက် ဝင်ငွေအကျိုးရရှိ လာစေရန် ရည်ရွယ်မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ တံဆိပ်ခေါင်းထိန်းသိမ်းရောင်းချမှုအနေဖြင့် စာရင်းမှတ်တမ်းထိန်းသိမ်းရာတွင်  အခွန်ဦးစီးဌာနသည် တံဆိပ်ခေါင်း အမျိုးအစားအလိုက် Signal Lock နှင့် Double Lock စာရင်းမှတ်တမ်းများဖြင့် စနစ်တကျ မှတ်တမ်းတင်ရေးသွင်း ဆောင်ရွက်ကြရပြီး ရောင်းချရာတွင်လည်း အရောင်းမှတ်ပုံတင်စာအုပ်တွင် စနစ်တကျရေးသွင်းမှတ်တမ်းတင် ရောင်းချကြရပါကြောင်း၊

 တံဆိပ်ခေါင်းရောင်းချရာတွင် ပြည်သူများအနေဖြင့် တံဆိပ်ခေါင်းဥပဒေပါ မိမိ အသုံးပြုလိုသော ကိစ္စရပ်များကို သတ်မှတ်တန်ဖိုးများနှင့်အညီ ဝယ်ယူအသုံးပြုနိုင်ကြရန်အတွက် ရောင်းချ နိုင်ရန် လိုအပ် သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အရောင်းကိုယ်စားလှယ်များအနေဖြင့် ဥပဒေနှင့်အညီ ရောင်းချသင်‌့ သည့် တံဆိပ်ခေါင်းတန်ဖိုးနှင့် တံဆိပ်ခေါင်းအမျိုးအစားများကို သေချာစွာ သိရှိနားလည်ထားရန်လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုမှသာ အသုံးပြုသူပြည်သူများအတွက် ဥပဒေ၏ အကာအကွယ်ရရှိနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်မှလည်း ရသင်‌့ရထိုက်သည့် အခွန်ငွေများ အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အရောင်းမှတ်တမ်းရေးသွင်းမှုအရ ပြည်သူများအသုံးပြုမှုအပေါ် မူတည်ပြီး တခြားရသင့်သည့် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန်များ ထပ်မံကောက်ခံ နိုင်ရန် အထောက်အကူရရှိနိုင်မည်ဖြစ်ပါကြောင်း၊

မိမိမေးမြန်းလိုသည်မှာ တံဆိပ်ခေါင်း လိုင်စင်၊ အရောင်းလိုင်စင်ချထားပေးရာတွင် ရောင်းချခွင့်ရရှိသည့် တံဆိပ်ခေါင်းအမျိုးအစားနှင့် လက်ဝယ်ထားရှိနိုင်ခွင်‌့ပမာဏ၊ ထိန်းသိမ်းထားရှိရမည့် စာရင်းမှတ်တမ်း အမျိုးအစားများ၊ ရာသီဥတုကြောင့်ဖြစ်စေ၊ ပိုးမွှားအန္တရာယ်ကြောင့်ဖြစ်စေ ပျက်စီးမှုများအပေါ် အစားထိုး လဲလှယ်နိုင်ခွင်‌့၊ သတ်မှတ်တန်ဖိုးထက်ပိုမိုရောင်းချခြင်းမပြုနိုင်အောင် ဆောင်ရွက်သည်‌့ ကြီးကြပ်မှုစနစ်နှင်‌့ စည်းကမ်းဖောက်ဖျက်သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား မည်သို့အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
အဖြေ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံလျက်ရှိသည့် အခွန်များသည် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့ဖြစ်ပါကြောင်း၊ ၎င်းတို့အနက် တံဆိပ်ခေါင်းခွန်ကောက်ခံခြင်းကို ၁၈၇၀ ပြည်‌့နှစ် ရုံးခွန်အက်ဥပဒေ၊ ၁၈၉၉ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေတို့အရ စီမံခန့်ခွဲ ကောက်ခံ လျက်ရှိခြင်းဖြစ်ပါကြောင်း၊ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် ပြည်သူလူထု အနေ ဖြင့် ကိစ္စရပ်အလိုက်ချုပ်ဆိုဆောင်ရွက်ရသော စာချုပ်စာတမ်းနှင့် စာမှတ်စာတမ်းများကို တည်ဆဲ ဥပဒေများနှင့်အညီ ချုပ်ဆိုပြီးနောက် ထိုက်သင်‌့သည့်တံဆိပ်ခေါင်းများကို ကပ်နှိပ် ထမ်းဆောင်စေခြင်းဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်၊ သက်သေခံအဖြစ် တင်သွင်းပိုင်ခွင့်စသည်‌့ အခွင့်အရေးများရရှိစေရန်၊ နိုင်ငံတော်အတွက် ရသင်‌့ရထိုက်သည့်အခွန်များ ရရှိစေရန်တို့ဖြစ်ပါကြောင်း၊ တံဆိပ်ခေါင်းများ ဖြန့်ဖြူးရောင်းချရာတွင် တည်ဆဲမြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေနှင့် ရုံးခွန်တော် အက်ဥပဒေတို့အပြင် ခေတ်အဆက်ဆက်ထုတ်ပြန်ခဲ့သော အခွန်တံဆိပ်ခေါင်းရောင်းချခြင်းနှင့် စပ်လျဉ်းသည့်နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့် ဆင့်ဆိုချက်များကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ခဲ့ပါကြောင်း၊ တံဆိပ်ခေါင်းများ ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်ပြီး ၂၇-၇-၂၀၁၅ ရက်စွဲဖြင်‌့ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၁၈၀၇/၂၀၁၅) အခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာနည်းဥပဒေများ၊ အမိန့်ကြော်ငြာစာအမှတ် (၁၈၀၈/ ၂၀၁၅) ရုံးခွန်တံဆိပ်ခေါင်းရောင်းချခြင်း ဆိုင်ရာနည်းဥပဒေများကို လိုက်နာကျင့်သုံး ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါကြောင်း၊

ပြည်သူလူထုအနေဖြင့် လိုအပ်သည့်တံဆိပ်ခေါင်းများကို အလွယ်တကူဝယ်ယူရရှိနိုင်စေရန် နေပြည်တော်၊ ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၆)လမ်း အလယ်ဘလောက်တွင် တံဆိပ်ခေါင်းဗဟိုအရောင်းကောင်တာများဖွင့်လှစ ရောင်းချပေးလျက် ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသော မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်း အခွန်တံဆိပ်ခေါင်းများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊

ရုံးခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာ နည်းဥပဒေနှင့် အခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာ နည်း ဥပဒေအရ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ်(၀၆၃/၂၀၁၆)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အသီးသီးတွင် ၃၁-၃-၂၀၁၈ ရက်နေ့အထိ လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူ စုစုပေါင်း ၃၅၁ ဦးကို ခွင့်ပြုခန့်ထားပြီး့ တန်ဖိုးနည်းအခွန်တံဆိပ်ခေါင်း ကျပ် ၁၀၀ တန်မှ ၁၀၀၀ ကျပ်တန်အထိနှင့် တန်ဖိုးနည်းအထူးကပ်၊ ရုံးခွန်ကပ်၊ ရုံးခွန်နှိပ်များကို လွတ်လပ်စွာဝယ်ယူ နိုင်ရေး ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊

တံဆိပ်ခေါင်းအရောင်းလိုင်စင်ချထားပေးရာတွင် ရောင်းချခွင့်ရှိသည့် တံဆိပ်ခေါင်းအမျိုးအစားနှင့် လက်ဝယ်ထားရှိနိုင်ခွင့်ပမာဏသတ်မှတ်မှုနှင့်စပ်လျဉ်းပြီး အမိန့်ကြော်ငြာစာ(၀၆၃/၂၀၁၆)တွင် သတ်မှတ်ပေးထားပါကြောင်းနှင့် သတ်မှတ်ပေးထားသည့် ပမာဏများကို ရုံးခွန်နှိပ်အတွက် နောက်ဆက်တွဲ(က)၊ ရုံးခွန်ကပ်အတွက် နောက်ဆက်တွဲ(ခ)၊ အခွန်နှိပ်အတွက် နောက်ဆက်တွဲ(ဂ)၊ အခွန်ကပ်အတွက် နောက်ဆက်တွဲ(ဃ)တို့ဖြင့် တင်ပြထားပါကြောင်း၊

ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများကို ဒေသအခြေအနေ နယ်မြေဖွံ့ဖြိုး တိုးတက်မှု၊ အခွန်ကောက်ခံရရှိမှုစသည့် အနေအထားများအပေါ်မှာမူတည်ပြီး့ အထူး(က) အဆင့် မြို့နယ်(၁၆)မြို့နယ်၊ (က)အဆင့်မြို့နယ် ၄၃ မြို့နယ်၊ (ခ)အဆင့်မြို့နယ် ၁၀၃ မြို့နယ်နှင့် (ဂ)အဆင့် မြို့နယ် ၁၀၂ မြို့နယ်တို့ကို အဆင့်သတ်မှတ်ထားရှိပြီး လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူများကိုလည်း အဆိုပါမြို့နယ်အဆင့်သတ်မှတ်ချက်အလိုက်ကို ခွင့်ပြုခန့်ထားသကဲ့သို့ ရောင်းချသူများ လက်ဝယ် ထုတ်ပေးသည့် တံဆိပ်ခေါင်းအရေအတွက်ကိုလည်း အဆင့်သတ်မှတ်ချက် အလိုက် သတ်မှတ် ထုတ်ပေးထားရှိပါကြောင်း၊

လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူများ ထိန်းသိမ်းထားရှိရမည့် စာရင်း မှတ်တမ်းအမျိုးအစားများနှင့် ပတ်သက်ပြီး နည်းဥပဒေ ၁၇ တွင် လိုင်စင်ရရှိသူသည်‌ ရာထူးအလျောက် တံဆိပ်ခေါင်းရောင်းချသူထံမှ ဝယ်ယူရရှိသည်‌့တံဆိပ်ခေါင်းအရေအတွက်နှင့် တန်ဘိုး၊ ပြန်လည် ရောင်းချသည်‌့ တံဆိပ်ခေါင်း အရေအတွက်နှင်‌့တန်ဘိုး၊ လက်ကျန်တံဆိပ်ခေါင်းအရေအတွက်နှင်‌့ တန်ဘိုးတို့ကို နေ့အလိုက်စာရင်း ပြုစုထားရှိရမည်ဟုပြဋ္ဌာန်းထားပါကြောင်း၊ နည်းဥပဒေ ၂၉ တွင် ရာထူးအလျောက် တံဆိပ်ခေါင်း ရောင်းချသူနှင့် လိုင်စင်ရ တံဆိပ်ခေါင်းရောင်းချသူများသည် မိမိရောင်းချသော တံဆိပ်ခေါင်းများနှင်‌့ စပ်လျဉ်း၍ ဦးစီးဌာနကသတ်မှတ်ထုတ်ပေးထားသည်‌့ မှတ်ပုံတင်စာအုပ်တွင် မှန်ကန်ပြည့်စုံစွာ ချက်ချင်း ရေးသွင်းထားရမည့်အပြင် အဆိုပါမှတ်ပုံတင်စာအုပ်၏ နောက်ဆုံး စာတိုင်တွင် ဝယ်ယူသည်‌့ကိစ္စ အကြောင်းအရင်းကို မှတ်တမ်းတင်ထားရှိရမည်ဟု ဖော်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းဥပဒေ ၁၇ အရ မှတ်ပုံတင်စာအုပ်နှင့် နည်းဥပဒေ ၂၉ အရ မှတ်ပုံတင်စာအုပ်များကို မဖြစ်မနေထားရှိရမည်ဖြစ်ပါကြောင်း၊ အထက်ပါအတိုင်း နည်းဥပဒေနှင့်အညီ ပြုစုထိန်းသိမ်းထားရှိရမည့်‌့ စာရင်းမှတ်တမ်းများ မှန်ကန်ပြည်‌့စုံစွာ ရေးသွင်းထားမှုရှိ/မရှိ၊ တံဆိပ်ခေါင်းခွန်ရောင်းချခြင်းဆိုင်ရာ နည်းဥပဒေပါပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာမှုရှိ/မရှိ သိရှိကြပ်မတ်နိုင်ရန် မြို့နယ်အခွန် ဦးစီးဌာနမှူး ကိုယ်တိုင် သို့မဟုတ် ၎င်းကတာဝန်ပေးအပ်သူ အရာရှိတစ်ဦးဦးသည် ညွှန်ကြားချက်နှင့် အညီ လစဉ်စစ်ဆေးကြပ်မတ်မှုများကို မြို့နယ်အလိုက်ဆောင်ရွက်စေပါကြောင်း၊

ရာသီဥတုကြောင်‌့ဖြစ်စေ၊ ပိုးမွှားအန္တရာယ်ကြောင့်ဖြစ်စေ ပျက်စီးမှုများ ဖြစ်ပေါ်ပါက အစားထိုး လဲလှယ်ပေးနိုင်ခွင့်နှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၅၃ တွင် ပျက်စီး ယိုယွင်းသည်‌့ သို့မဟုတ် မှားယွင်းအသုံးပြုမိသည်‌့ တံဆိပ်ခေါင်း အတွက် ခွင်‌့ပြုသည်‌့ကိစ္စတစ်ရပ်ရပ်တွင် ကော်လိတ္တော်အရာရှိသည် ထိုတံဆိပ်ခေါင်းများအစား အမျိုးအစားတ၊ တန်ဖိုးတူသည့် အခြား တံဆိပ် ခေါင်းများကို ပေးနိုင်သည် သို့မဟုတ် လျှောက်ထားသူကအလိုရှိပြီး မိမိကလည်း သင်‌့သည် ထင်မြင်လျှင် တန်ဖိုးတူသော အခြားတံဆိပ်ခေါင်း အမျိုးအစား ကိုပေးနိုင်သည် သို့မဟုတ် မိမိ၏ဆင်ခြင်တုံတရားအရ ကျပ် ၁၀၀ စီလျှင် ၁၀ ကျပ်ကျစီနုတ်၍ သို့မဟုတ် ကျပ် ၁၀၀ ၏ အစိတ်အပိုင်းအတွက် ၁၀ ကျပ်နုတ်၍ ကျန်သည်‌့တန်ဘိုးနှင်‌့တူညီသည်‌့ ငွေသားကိုပေးနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချခြင်းမပြုနိုင်အောင်ဆောင်ရွက်သည့် ကြီးကြပ်မှုစနစ်ဖြင့် စည်းကမ်း ဖောက်ဖျက်သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား အရေးယူဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၆၉ တွင် အခွန်တံဆိပ်ခေါင်းရောင်းချရန် အခွင့်အာဏာ အပ်နှင်း ထားသူတစ်ဦးဦးသည် ပုဒ်မ ၇၄ အရ ပြုလုပ်သည်‌့နည်းဥပဒေတစ်ရပ်ရပ်ကို မလိုက်နာလျှင်သော် လည်းကောင်း၊ ထိုကဲ့သို့ အခွင်‌့အာဏာ အပ်နှင်းထားခြင်းမရှိသူတစ်ဦးဦးသည် ၁၀ ကျပ်တန် ကပ်နှိပ် တံဆိပ်ခေါင်းမှစ၍ အခြားတံဆိပ်‌ခေါင်း တစ်ခုခုကိုရောင်းချလျှင် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင် သော်လည်းကောင်း၊ ထိုသူကို ထောင်ဒဏ်ခြောက်လအထိဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်တံဆိပ်ခေါင်းများကို ပြည်သူလူထုက လိုအပ်ချက်ရှိလာပါက အချိန်မရွေးဝယ်ယူရရှိရေးအတွက် မြို့နယ်အခွန်ရုံးများနှင်‌့ မြို့နယ်အလိုက် လိုင်စင်ရ တံဆိပ်ခေါင်း ရောင်းချသူများ ခွင်‌့ပြုခန့်ထားဖြန့်ဖြူးရောင်းချပေးမှုအခြေအနေ၊ အခွန်တံဆိပ်ခေါင်းနှင်‌့စပ်လျဉ်းပြီး ဥပဒေနှင်‌့ညီညွတ်မှုမရှိဘဲ ဖြန့်ဖြူးရောင်းချမှုများဆောင်ရွက်ပါက ရရှိနိုင်သည်‌့ပြစ်ဒဏ်စသည်တို့ကို အသိပညာပေးခြင်းအနေဖြင်‌့ နိုင်ငံပိုင်သတင်းစာများတွင် ၁-၈-၂၀၁၇ ရက်နေ့၊ ၃-၈-၂၀၁၇ ရက်နေ့၊ ၂-၁၀-၂၀၁၇ ရက်နေ့များနှင့် ၂၁-၂-၂၀၁၈ ရက်နေ့များတွင် အသီးသီးဖော်ပြကြေညာခဲ့ပါကြောင်း၊ ဆက်လက်၍ နိုင်ငံပိုင်သတင်းစာများနှင့် မီဒီယာများမှ အခွန်တံဆိပ်ခေါင်းနှင်‌့စပ်လျဉ်းပြီး အသိပညာပေးခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်တံဆိပ် ခေါင်းရောင်းချခြင်းနှင်‌့ စပ်လျဉ်းပြီး ရာထူးကနေ ဌာနအလျောက်တံဆိပ်ခေါင်းရောင်းချသူနှင်‌့ လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူတို့အနေဖြင်‌့ သတ်မှတ်ချက်များနှင်‌့အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရေးအတွက် စိစစ်ကြပ်မတ်မှုများဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်ရုံးများနှင်‌့ မြို့နယ်ရုံးများသို့ ဌာနတွင်း ညွှန်ကြားချက်များ ထုတ်ပြန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စည်းကမ်း ဖောက်ဖျက်သူများ တရားမဝင်ရောင်းဝယ်နေမှုများအား အရေးယူရန်ကိစ္စနှင်‌့စပ်လျဉ်းပြီး စည်းကမ်း ဖောက်ဖျက်သူများကို လိုင်စင်ပိတ်သိမ်းအရေးယူခြင်း တရားမဝင်ရောင်းဝယ်သူများကို ဥပဒေနှင်‌့ အညီအရေးယူနိုင်ရေးဆောင်ရွက်ခြင်း၊ သတင်းပေးတိုင်ကြားစေသည်‌့ စနစ်ကိုကျင့်သုံးဆောင်ရွက် ခြင်းစသည်တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။