ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် မေးမြန်းမယ့်မေးခွန်းက နိုင်ငံ့ဝန်ထမ်းများအား ခွင့်ပြုချထားပေးပြီးဖြစ်သော အိမ်ရာ၊ မြေယာကွက်များနှင့်ပတ်သက်၍ ခံစားခွင့်မရရှိကြသည့် မေးခွန်းအား မေးမြန်းမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမေးခွန်းဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး မှာ တင်ပြခဲ့တဲ့မေးခွန်းဖြစ်ပါတယ်။ သို့သော် ယခုအကြိမ် ဆက်လက်ပြီးတော့မှ ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။ ယခုအချိန်မှာဆိုရင် ြမေယာကိစ္စတွေ၊ လယ်ြမေကိစ္စနှင့်ပတ်သက်ပြီးတော့မှ ပြည်သူ့အသံ အများအပြားထွက်ပေါ်နေတာကိုလည်း ကျွန်တော်တို့ ပြည်သူ့လွှတ်တော်အနေနဲ့ ပြည်သူ့အသံများကို ကြားသိရစေခြင်းငှာ လွှတ်တော်သို့ အသိပေးလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံ့ဝန်ထမ်းများကို မြေယာကွက်များပေးတယ်ဆိုတာ အနှစ် ၂၀ ကျော်အထက် နိုင်ငံ့ဝန်ထမ်းလုပ်သက်မြင့် ဝန်ထမ်း များကိုသာ မြေယာကွက်များ ချထားပေးခဲ့ပါတယ်။ ကျွန်တော်ပထမမေးခွန်းမေးစဉ်မှာ မြေယာကွက် များချထားပေးသော်လည်း နေထိုင်မှုမရကြသည့်အတွက် မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ ယခုအြခေ အနေမှာ ထိုကဲ့သို့ မဟုတ်ဘဲနဲ့ မြေယာကွက်များကို ပြန်လည်သိမ်းဆည်းသွားတဲ့ အနေအထားအဖြစ် ရောက်လာပါတယ်။ အနည်းငယ်ဆက်စပ်ပြီး ရှင်းပြလိုပါတယ်။ ဝန်ထမ်းြမေယာကွက်များနှင့် ပတ်သက်ပြီးတော့မှ ဆက်စပ်လျက်ရှိတဲ့ အကြောင်းအရာများကို ကျိုးကြောင်းဖော်ပြချက်များဖြင့် ရှင်းလင်းဖော်ပြလိုပါတယ်။ နောက်ကျွန်တော့်ကို အချက်အလက် Data များ ရှာဖွေ ပေးကြသော ပင်စင်စားဝန်ထမ်းများ၊ ဒဂုံမြို့သစ်နေထိုင်သူများနှင့် သာကေတမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် တော်ကြီး၊ အခြားသော လွှတ်တော်ကိုယ်စားလှယ်များ၊ ပြီးတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းများဖြစ်တဲ့ ပြည်သူ့အသံ ပြည်သူ့ရဲ့ အမှန်အကန်ဘဝများကို ကွင်းဆင်းလေ့လာကြတဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားများကို ဒီနေရာမှာ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ြမေယာပိုင်ဆိုင်မှုအနေနဲ့ ဝန်ထမ်းြမေယာမှတ်တမ်းအဖြစ် ကျွန်တော့်ဆီမှာ အထောက်အထားအဖြစ် လွှတ်တော်သို့တင်ပြရန် ပထမအကြိမ် ဒုတိယပုံမှန် အစည်းအဝေးမှာ ကတည်းက ကျွန်တော့်မေးခွန်းမှာ ထည့်ခဲ့ပါတယ်ခင်ဗျား။ သက်သေခံစာရွက်စာတမ်းများအနေနဲ့ တော့ ြမေယာပိုင်ဆိုင်မှု၊ မိသားစုဓာတ်ပုံ၊ အိုးအိမ်ဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော ငွေကျေလက်မှတ်အပါအဝင် နေထိုင်ခွင့် လက်မှတ်များ၊ ချထားပေးတဲ့ မြေကွက် အမှတ်နဲ့ ရပ်ကွက်နံပါတ်များ ဒါတွေအားလုံးပါပါတယ်။ သန်းခေါင်စာရင်းအပါအဝင် အဲဒီတော့ ဒီဝန်ထမ်းတွေကို ချထားပေးတဲ့အခါမှာ ဝန်ထမ်းများထံမှ တစ်လလျှင် ၂၀၀ကျပ်နှုန်းနဲ့ လစဉ်လခ ထဲက နုတ်သွားတာတွေ့ပါတယ်။ တစ်လလျှင် ၂၀၀ကျပ်နှုန်းနဲ့ နုတ်သွားတဲ့လခသည် ၎င်းအချိန်က ဝန်ထမ်းများဟာ သူတို့ရဲ့ရာထူးအရ ၃၀၀ ၊ ၄၀၀ ဝန်းကျင်သာရကြပါတယ်။ တစ်လလျှင် ၂၀၀ နှုန်းနဲ့ တစ်နှစ်ကို ၂၄၀၀ကျပ်၊ ငါးနှစ်တိတိလခတွေဖြတ်သွားပြီးတော့မှ ဒီမြေကွက်တွေ ရကြတာ ဖြစ်ပါ တယ်။ ြမေကွက်ကို စတင်ထုတ်ပေးတဲ့ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေး သစ်စက်ဌာန၊ သစ်လုံး ဌာနစိတ်ရဲ့ ရက်စွဲမှာ ၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်ဆိုပြီးတော့ ပဉ္စမအကြိမ် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် ၁၄၉ နေ မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းများအား နေရာချထားပေးခြင်း ဆိုပြီးတော့မှပါ ပါတယ်။ ၁၅-၈-၁၉၉၇ ရက်စွဲပါ စာအမှတ်နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီဝန်ထမ်းတွေဟာ ၁၄၉ ပဉ္စမအကြိမ်ထုတ်ပေးတာဖြစ်ပြီးတော့ အဲဒီဝန်ထမ်းတွေဟာ သွားရောက်နေထိုင်နိုင်ခွင့်ရဖို့ နောက်တစ်ဆင့်အဖြစ် ၃-၉-၁၉၉၇ နောက်ဆုံးထား၍ လာရောက် ဆက်သွယ်ပြီးဆောင်ရွက်ရန် နှိုးဆော်ပါမည့်အကြောင်း အကြောင်းကြားအပ်ပါသည် ပြောပြီးတော့ လာရောက်မနှိုးဆော်တဲ့အတွက် စောင့်နေရင်း စောင့်နေရင်းကနေ ယခုအဲဒီပုဂ္ဂိုလ်များဟာ ပင်စင်ယူပြီးတော့မှ နေစရာအိမ်မရှိတဲ့အတွက် သူတို့ဟာ နီးစပ်ရာသစ်တောလိုင်းခန်းများမှာ ကျူးကျော်တဲများအဖြစ် ထိုးပြီးတော့နေကြရတာကို ကျွန်တော်ကိုယ်တိုင်တွေ့ရပါတယ်။ အလုံ မြို့နယ်မှာရှိပါတယ်။ အဲ့ဒီပုဂ္ဂိုလ်များက အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ရာမှ ယခု နိုင်ငံတော်သတင်းစာက ထုတ်ပြန်ချက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ဆိုပြီးတော့ ရပ်ကွက်နံပါတ်၊ မြေတိုင်းရပ်ကွက် ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၅၇၊ ၁၅၈၊ ၁၅၉၊ ၁၆၀ ရပ်ကွက်များတွင်ချထားပေးခဲ့သည့် မြေကွက်များသည် ခေတ်မီ စက်မှုလယ်ယာစံပြအထူးစိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံတော်မှဖော်ထုတ်ဆောင်ရွက်သည့် စီမံကိန်း ဧရိယာတွင်ပါဝင်ပါသဖြင့် အဆိုပါမြေကွက်ချထားမှုများအားပယ်ဖျက်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ မူလပေးသွင်းခဲ့သည့်မြေကွက်တန်ဖိုးငွေများအား ပြန်လည်ထုတ်ပေးမည်ဖြစ်ပါတယ်။ အဲဒီတော့ နောက်တစ်ပိုဒ်ကိုကျော်ပြီးတော့ နောက်ဆုံးအပိုဒ်မှာ ၃၁-၃-၂၀၁၂ ရက်နေ့အထိ လာရောက်၍ စာရွက်စာတမ်းအထောက်အထားများ တင်ပြနိုင်ခြင်းမရှိသော မြေကွက်ပိုင်ရှင်များ၏ မြေချပါမစ်များ၊ မြေငှားစာချုပ်များအား စာရင်းမှပယ်ဖျက်ပြီး မြေကွက်တန်ဖိုးများနောင်တွင် ပြန်လည် ထုတ်ပေးမည်မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဆိုပြီး ၇-၃-၂၀၁၂ ရက်နေ့ နိုင်ငံပိုင်သတင်းစာမှာ ကြေညာထားတာ တွေ့ပါတယ်။ မြေတိုင်းရပ်ကွက်ဆိုပြီး ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်မှာ မြေကွက်ပေါင်း ၈၀၇၉ ကွက်ပါပါတယ်။ ၈၀၇၉ ဆိုတာ မိသားစု ၈၀၇၉ ဦးရဲ့မြေကွက်ဖြစ်ပါတယ်။ ဒီနောက်မှာ ရပ်တည်ကြမယ့်မိသားစုများဟာ သောင်းနဲ့ချီမှာပါ။ ဝန်ကြီးဌာနပေါင်းစုံအနေနဲ့ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဘဏ္ဍာအခွန်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်၊ သာသနာရေး ဝန်ထမ်းပေါင်းစုံရဲ့ မြေကွက်တွေဖြစ်ပါတယ်။ ဒီမြေကွက်တွေကို နဂိုကချထားပေးခဲ့တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဖြစ်ပါတယ်။ အဲ့ဒီအချိန်ရဲ့ သူတို့ရဲ့လခထဲက လခရဲ့တစ်ဝက်လောက်ကိုပေးသွင်း ခဲ့ရတာဖြစ်ပါတယ်။ အခုစုံစမ်းသိရှိရတာ ဘယ်လောက်ပြန်အမ်းမှာလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ပြန်အမ်းမယ့်ငွေဟာ နဂိုပေးသွင်းတဲ့ငွေအတိုင်းဆိုတော့ ၁၂၀၀၀ ကျပ်ပဲပြန်ရကြမှာပါ။
ဥက္ကဋ္ဌကြီးခင်ဗျား။ ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာတုန်းက ဝန်ထမ်းများလစာတိုးပေး ရေးအတွက် ဆွေးနွေးကြစဉ်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီးပြောသွားတဲ့စကားထဲမှာ ဝန်ထမ်းတွေကို လစာတိုးပေးဖို့ရွှေဈေးနဲ့တွက်တယ်။ အဲ့ဒီခေတ်ကပေါက်ဈေးနဲ့ အဲ့ဒီခေတ်ကရတဲ့ လခနဲ့ ကျွန်တော်တို့အခုဝန်ထမ်းတွေကိုကျတော့ ဘာနဲ့မှတိုင်းတာတွက်ချက်တာလည်း မတွေ့ခဲ့ပါဘူး။ အဲ့ဒီတော့ဝန်ထမ်းဆိုတဲ့မျိုးက နိုင်ငံ့ဝန်ထမ်းအဖြစ် နိုင်ငံတော်အတွက် တာဝန်ကျေကျေ အလုပ် လုပ်ခဲ့ပြီးမှ လစဉ်လစဉ်ကိုယ့်ရဲ့ချွေးနည်းစာထဲက အဖြတ်ခံသွားပြီးတော့မှရခဲ့တဲ့ မြေကွက် လေးတွေ ဖြစ်ပါတယ်။ ဒီ့အပြင် ခံစားစရာလည်း ဘာမှမရှိပါဘူး။ ပင်စင်သွားပြီးရင် သူတို့ဟာ လက်ထဲမှာ ဘာမှမယ်မယ်ရရပါမသွားကြပါဘူး။ ဒါပေမယ့် အဲ့ဒီမြေကွက်ဆိုတာ အဲ့ဒီမှာပဲ စည်းကမ်း သတ်မှတ်ချက်အချို့နဲ့ ဒီမြေကွက်မှာ နောက်ကအပိုစည်းကမ်းများဆိုပြီးထုတ်ထားတာ ရှိပါတယ်။ အဲ့ဒီအပိုစည်းကမ်းများရဲ့ နောက်မှာလည်း သုံးလအတွင်းလာရောက်မနေထိုင်လျှင်၊ မဆောက်လျှင်၊ ပြီးတော့ ဒီမြေကို လက်ပြောင်း/လက်လွှဲမလုပ်ရတာကအစ စည်းကမ်းသတ်မှတ်ချက်တွေ အများကြီးနဲ့ ထားပါတယ်။ အဲ့ဒီအချိန်က အဲ့ဒီမြေကွက်မှာသွားနေဖို့က ကျွန်တော် ရောက်ဖူးပါတယ်။ အဲ့ဒီ မြေကွက်တွေ အားလုံးကို ကျွန်တော်ကြည့်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က ကွင်းပြင်မှာ၊ ရေတောထဲမှာ၊ အချို့လယ်ကွင်းတွေ ထဲမှာဖြစ်နေပါတယ်။ မြေကွက် ကိုခင်ဗျားရတဲ့မြေကွက်ဘယ်နားမှာလဲဆိုရင် ခဲနဲ့ပေါက်ပြီးတော့မှအဲ့ဒီနေရာရဲ့ ဟိုဘက်နားလေးမှာလို ပြောခဲ့ရတဲ့အခြေအနေပါ။ အဲ့လိုအခြေအနေ မျိုးမှာ ဝန်ထမ်းတွေက အဲ့ဒီထဲမှာသွားပြီး ဆောက်နေဖို့ဆိုတာ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြန်စဉ်းစားဖို့ လိုအပ်တာက လူတွေနေပြီဆိုရင်လုံခြုံရေး အရ ရဲစခန်းရှိရပါမယ်။ ဆေးရုံရှိရပါမယ်။ မိသားစုတွေ၊ ကလေးငယ်တွေ၊ စာသင်အရွယ်တွေပါတဲ့အတွက် စာသင်ကျောင်းရှိဖို့လိုအပ်ပါမယ်။ မြို့ပြတစ်ခု တည်ဆောက်ရင်၊ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်တဲ့အခြေအနေဖန်တီးထားပါမှ ပြည်သူလူထုကနေလို့ ရမှာပါ။ အဲ့ဒီကွင်းပြင်ထဲမှာ သွားပြီးတော့ တဲထိုးပြီးနေရတဲ့အခြေအနေမျိုးကို မြို့ပြစီမံကိန်းတွေ ချထားသူတွေက ဆောင်ရွက်ပေးရမယ့်ကိစ္စဖြစ်ပါတယ်။ အဲ့ဒီကိစ္စတွေကို စီမံကိန်းတွေကို မဆောင်ရွက်သေးဘဲနဲ့ သွားမနေလို့ မြေကွက်ကိုသိမ်းမယ်ဆိုတာကလည်း ဒါဟာမဆီလျော်တဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ့။ ယခုလက်ရှိရက်ပိုင်းအတွင်းမှာဖြစ်ပေါ်နေတဲ့ကိစ္စဟာ ပြည်သူတွေရဲ့ အသံတွေဟာ အတော်လေးမှဆူညံစွာထွက်ပေါ်နေပါတယ်။ ပြည်သူ့အသံ၊ လွှတ်တော် အသံ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လွှတ်တော်ရဲ့တာဝန်ဟာ ဒီပြည်သူတွေရဲ့ အပေါ်မှာကြီးမားစွာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူရပါတယ်ခင်ဗျာ့။ ပြည်သူလူထုရဲ့အသံအချို့ကို အနည်းငယ် တင်ပြလိုပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျာ့။ ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ယောက်က ပြောထားတဲ့စကားမှာ ၂၅ နှစ် ရှိမှ ဒီလိုမြေကွက်လေးရတာပါ။ ၂၀၀၂ ခုနှစ်က အဲ့ဒီမြေကွက်အတွက် ငွေသွင်းရတာက ၁၂၀၀၀ကျပ်၊ အခု ၂၀၁၂ မှာ ကျွန်မတို့ကိုပြန်ပေးမယ့်နှုန်းက အရင်ကျွန်မတို့ သွင်းတဲ့အတိုင်း ပြန်ပေးမှာ အခု ၁၂၀၀၀ ကျပ်နဲ့ အရင် ၁၂၀၀၀ ကျပ် တန်ဖိုးမှ မတူတာ၊ ဒီနှုန်းအတိုင်းပဲ ပေးမယ်ဆိုရင်တော့ သွားထုတ်မနေတော့ဘူး။ အဆုံးပဲခံလိုက်တော့မယ်။ လူတွေကအဲ့ဒီပိုက်ဆံကို ပြန်လိုချင်တာ မဟုတ်ဘူး။ သူတို့ရဲ့ လုပ်အားနဲ့တရားသဖြင့် ရခဲ့တဲ့မြေကွက်ကိုပဲ ပြန်လိုချင်တာပါ။ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ သစ်လုပ်ငန်းဌာနမှာ လုပ်တဲ့ဝန်ထမ်း သူက ၂၈ နှစ် လုပ်ကိုင်ခဲ့ပြီးမှ အငြိမ်းစားတစ်ဦးဖြစ်ပါတယ်။ အဲဒီတော့ သစ်လုပ်ငန်းဌာနမှာ၂၈ နှစ် လုံးလုံးလုပ်ပြီးတော ဒီမြေကွက်ကိုရခဲ့တာ၊ အခုကပင်စင်ယူထားပြီး မီးစာကုန်ခမ်းပြီ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော် အိုစာမင်းစာအတွက်မျှော်လင့်ချက်က ဒီမြေကွက်လေးပဲရှိတယ်။ အဲ့ဒါကို ဒီလိုခေတ်ကြီးထဲမှာ အာဏာရှင်ဆန်ဆန်သိမ်းမယ်။ နောက်ပြီး ပုဂ္ဂလိကကုမ္ပဏီကြီးတွေကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုတော့ တကယ်ရော ပြည်သူ့အတွက် အကျိုးရှိမှာလား။ လက်တစ်ဆုပ်စာ လူထုကောင်းစားရေးအတွက် လုပ်ပေးနေတာလား။ ဒီကိစ္စ ကိုဝန်ထမ်းတွေစုပြီး သမ္မတကြီးကို အသနားခံစာတင်မယ်ဆိုရင်လည်း မတ်လ ၃၁ ရက်နေ့ နောက်ဆုံးဆိုပြီး အချိန်ကပ်နေတော့ ကျွန်တော်တို့မှာ အချိန်လုံးဝမရှိပါဘူး။ ဒါတစ်ဦးပါ အဲ့တော့ သူတို့ ဝန်ထမ်းတွေရဲ့ ပြည်သူ့အသံ တွေကိုသာ ပြောရမယ်ဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့ရဲ့ မျက်ရည်တွေ ကိုပဲ ခံယူရသလိုဖြစ်နေမှာပါ။ ဘာပဲဖြစ်ဖြစ် ယခုလက်ရှိအခြေအနေဟာ ကျွန်တော့်ကို လာရောက်ဖြေပေးမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သစ်တောရေးရာဝန်ကြီးဌာန တစ်ဦးတည်းနဲ့ ဆောင်ရွက်လို့ အားနည်းနိုင်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ခုက ဝန်ထမ်းတွေ သို့မဟုတ် မြေယာကွက်တွေနဲ့ ပတ်သက်ပြီးတော့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ထားတဲ့ စာတစ်စောင်ရှိပါတယ်။ ဒါကတော့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်အနေနဲ့ပါ ပါတယ်။ မည်သည့် အကြောင်းကြောင့်ဖြစ်စေ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေသိမ်း ဆည်းရေးဆောင်ရွက်ပေးရာတွင်မြေကိုအသုံးပြုရန် အလိုရှိသောဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော် သမ္မတရုံး သို့မဟုတ် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး၏ သဘောတူညီ ခွင့်ပြုချက်ကို ဦးစွာရရှိရန် လိုအပ်ပြီး သိမ်းယူရန်ရည်ရွယ်သော မြေအတွင်း လယ်ယာမြေများ ပါဝင်နေပါက ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးချရန် ခွင့်ပြုအမိန့်ရရှိရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့် နိုင်ငံတော်သမ္မတရုံး သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခွင့်ပြုချက် ရယူ၍လည်းကောင်း၊ ပြည်သူလူထုတို့မှ နေထိုင်အသုံးပြုလျက်ရှိသည့် မြေယာများဖြစ်ပါက လျော်ကြေးငွေများပေးအပ်၍ သက်ဆိုင်ရာကာယကံရှင် ပြည်သူတို့၏ သဘောတူညီမှုရယူ၍လည်းကောင်း၊ မြေယာပြောင်းလဲ အသုံးပြုမှုနှင့်ပတ်သက်၍ အငြင်းပွားမှု မရှိစေရေး ဆောင်ရွက်ပြီးမှသာ ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်းအက်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မ ၁၆ အရ ခရိုင်အုပ်ချုပ်ရေးမှူးက မြေသိမ်းဆည်းခြင်း ဆိုင်ရာများကို ဆက်လက်ဆောင်ရွက်ရပါမည်။ နောက်တစ်ပိုဒ်မှာ မည်သည့်အကြောင်းပြချက်ဖြင့် မြေယာများကို သိမ်းဆည်းရသည့်အခါများတွင် ဖြစ်စေ လိုက်နာဆောင်ရွက်နိုင်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ညွှန်ကြားထားရာတွင် လျော်ကြေးပေးရမည့် မြေယာနှင့်သီးနှံပင်များ၏တန်ဖိုးကို သတ်မှတ် ဈေးနှုန်းဖြင့် မပြုလုပ်ဘဲ ပိုင်ရှင်များကျေနပ်စေမည့် ဒေသပေါက်ဈေးဖြင့် တန်ဖိုးသတ်မှတ်ပေးရန် ညွှန်ကြားထားသည့်အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ မြေသိမ်းဆည်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ National Project မဟုတ်သည့် ကိစ္စများ နှစ်ဦးနှစ်ဖက် ကျေနပ်အောင် စီမံဆောင်ရွက်စေရန်၊ National Project ဖြစ်ပါ ကလည်း စိုက်ခင်းများဖြစ်နေပါက ပြန်ပေးရန် သို့မဟုတ် လျော်ကြေးပေးရန် ဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။ အဲ့ဒီလို ညွှန်ကြားချက်တွေ အဆင့်ဆင့်ရှိသော်လည်း ယနေ့ နိုင်ငံတော်ထုတ်သတင်းစာမှာပါတဲ့စာသား ကြေညာချက်အရအိမ်ထောင်စုပေါင်း ၈၀၇၉ စုအတွက် ကြေညာချက်ဟာအင်မတန်မှ ပြည်သူ လူထုဘက်က၊ ပင်စင်စားဝန်ထမ်းတွေဘက်က၊ နိုင်ငံတော်အတွက် တာဝန်ကျေခဲ့တဲ့ ဝန်ထမ်းတွေ ဘက်က ကိုယ်ချင်းစာဆောင်ရွက်မှုအားနည်း နေတယ်လို့ ကျွန်တော်တို့တွေ အဲ့လိုမြင်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ရဲ့မေးခွန်းမှာ သစ်တောဝန်ထမ်းများကဲ့သို့ဆိုပြီးတော့ စကားရပ်သုံးထားသော်လည်း နိုင်ငံ့ဝန်ထမ်းများအားလုံးကို ကိုယ်စားပြုတဲ့ မေးခွန်းဖြစ်ပါတယ်။ သစ်တောရေးရာဝန်ထမ်းတစ်မျိုးတည်းအတွက် မဟုတ်ပါဘူး။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ရဲ့ မေးခွန်းကို တင်ပြပါ့မယ်ခင်ဗျား။ သစ်တောဝန်ထမ်းများကဲ့သို့ နိုင်ငံ့ဝန်ထမ်းများအား ခွင့်ပြု ချထားပေးပြီးဖြစ်သော အိမ်ရာမြေကွက်များနှင့်ပတ်သက်၍ ခံစားခွင့်မရကြသည်ကို နိုင်ငံတော် အစိုးရမှ သိရှိပါသလား။ သိရှိပါက မြေကွက်များပြန်လည်ရရှိရန် သို့မဟုတ် အစားထိုးပေးရန် ဆောင်ရွက်ပေးနိုင်ပါမည်လား။ ဆောင်ရွက်မပေးနိုင်ပါက အဘယ့်ကြောင့်ဆိုသည်ကို သိလိုပါသည် ။
ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခ) ဦးခင်မောင်ရည်၏ ဝန်ထမ်းများမြေကွက် ကိစ္စနှင့်ပတ်သက်၍ မေးခွန်းကိုဆက်လက်ဖြေကြားသွားမှာဖြစ်တယ်။ သို့သော်လည်းပဲ ဒီမေးခွန်းသည် မသိလို့မေးမြန်းခြင်းဆိုတဲ့ အမျိုးအစားထဲမှာမဟုတ်ဘဲနဲ့ နစ်နာသည့်ဝန်ထမ်းများ၏ ကိစ္စကို နိုင်ငံတော်မှသိရှိရန်အလို့ငှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြည်သူ့လွှတ်တော် အတွင်းမှာ တရားဝင်ပြောကြားခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုပဲခံယူပါတယ်။ အခု ကျွန်တော် ဖြေကြားမယ့်အချက်အလက်တွေကလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးမေးခွန်းမတိုင်ခင်မှာ တင်ပြ ဆွေးနွေးသွားတဲ့ အချက်တွေထဲမှာပဲပါတဲ့အချက်များဖြစ်လို့ အထူးအဆန်းတော့မဟုတ်ပါဘူး။ သို့သော်လည်းပဲ ဘာပဲပြောပြော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ပြည်သူ့လွှတ်တော် အတွင်းမှာ တရားဝင်ပြောကြားခြင်းကိစ္စများသည် မှတ်တမ်းအဖြစ်ရှိနေမှာဖြစ်ပြီးတော့ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းမှလူတွေကလည်း ဒီအပေါ်မှာလိုအပ်သလို ဆက်လက်ဆောင်ရွက်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့တော့ ယုံကြည်ပါတယ်။ ယခုလို ကျွန်တော့် သစ်တောဝန်ထမ်းများကဲ့သို့ဆိုတဲ့ အနေအထားအရ သစ်တောဝန်ကြီးကတာဝန်ယူဖြေကြားပေမယ့်လည်း ဒီမေးခွန်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနများဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့ ညှိနှိုင်း ပေါင်းစပ်ပြီးတော့ ယခုကဲ့သို့ဖြေကြားခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့အနေဖြင့် ဒဂုံမြို့သစ်အိမ်ရာစီမံကိန်းမြေအဖြစ်အသုံးပြုရန် ၁၉၈၉ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်တို့ တွင် လယ်ယာမြေစုစုပေါင်း ၆၉၉၃၇ ဧကအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာန၊ ရန်ကုန်မြို့သို့ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ၃၉ အရ ခွင့်ပြုမိန့်ချထားပေးခဲ့ပါတယ်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အိမ်ရာမြေကွက်များဖော်ထုတ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် ဆိပ်ကမ်း) မြို့နယ်ဟူ၍ မြို့သစ် ၄ ခု မြို့နယ် နယ်နိမိတ်ခွဲခြားသတ်မှတ်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်မှမေးမြန်းထားသော မြေတိုင်းရပ်ကွက်အမှတ် ၁၂၁ ရှိ မြေကွက်များမှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင်ပါဝင်ပြီး မြေတိုင်းရပ်ကွက်အမှတ် ၁၄၉ ရှိမြေကွက်များမှာ ဒဂုံဆိပ်ကမ်း မြို့နယ်တွင်ပါဝင်ပါတယ်။ မြို့သစ်များဖော်ထုတ်၍ ဝန်ထမ်းများအား မြေကွက်နေရာချထားပေးခဲ့သည့် မြေဧရိယာများအနက် အိမ်ရာဖော်ထုတ်နေထိုင်ခြင်းမရှိသေးသည့်မြေများအား ၂၀၀၈ ခုနှစ်တွင် ခေတ်မီစက်မှုလယ်ယာစံပြစိုက်ပျိုးရေးစီမံကိန်းအထူးဇုန်အမှတ် (၁) နှင့် အမှတ် (၂) အဖြစ် ဧက ၁၀၀၀၀ လျာထားသတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် မြို့ပြစီမံကိန်း ရေးဆွဲစဉ်ကပါဝင်သော ရန်ကုန်ဘူတာကြီးလျာထားသည့် မြေနေရာနှင့် မြို့ကွက်ဖော်ထုတ်ခြင်းမရှိ သေးသည့် မြေနေရာ၊ မြို့ပြရပ်ကွက်ဖော်ထုတ်ချထားပြီးဖြစ်သော်လည်း နေအိမ်ဆောက်လုပ် နေထိုင်ခြင်းမရှိသည့် ရပ်ကွက်များအပါအဝင် မြေဧရိယာဧက ၃၆၀၀ ကို စိုက်ပျိုးရေးအထူးဇုန်အမှတ် (၁) အဖြစ်လည်းကောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့၌ မြို့ပြမြေကွက် ဖော်ထုတ်ထားခြင်းမရှိသည့်မြေဧရိယာ ၆၅၅၅ ဧကကို စိုက်ပျိုးရေးအထူးဇုန်အမှတ် (၂) အဖြစ် လည်းကောင်း ဖော်ထုတ်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံတော် အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်အရ အထက်ပါခေတ်မီစက်မှုလယ်ယာစံပြစိုက်ပျိုးရေးစီမံကိန်း အထူးဇုန်များကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက်ကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မြေတိုင်း ရပ်ကွက်အမှတ် ၁၇၉ ရှိ မြေဧရိယာဧက ၁၀၇၀.၂၀ ဧက၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မြေတိုင်း ရပ်ကွက်အမှတ် ၁၈၀ ရှိ မြေဧရိယာဧက ၃၅၄၁.၃၁ ဧကနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မြေတိုင်း ရပ်ကွက်အမှတ် ၁၇၇၊ ၁၇၈ တို့ရှိ မြေဧရိယာဧက ၅၁၁၂.၁၅ ဧက၊ စုစုပေါင်း ၉၇၂၃.၆၆ ဧကကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် မြေတိုင်းရပ်ကွက်အမှတ် ၁၄၉ ရှိမြေကွက်များမှာ အထူးဇုန်ဖော်ထုတ်ရာ၌ပါဝင်ခြင်းမရှိခဲ့ သော်လည်း လာရောက်နေထိုင်ခြင်းမရှိဘဲ မြေကွက်လွတ်များအဖြစ်တည်ရှိနေသဖြင့် တောင်သူများမှ ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိစစ်တွေ့ရှိချက်များအရ ဒဂုံမြို့သစ်မြို့နယ်များမှအိမ်ရာကွက်များ ဖော်ထုတ်ချထားမှုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန တို့မှ လိုအပ်သလိုပူးပေါင်းညှိနှိုင်းဖြေရှင်းပေးပါရန် မိန့်မှာချက်ပြုထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားရာတွင်လည်း ဒဂုံမြို့သစ်မြို့နယ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများအား မြေကွက်များချထားပေးခဲ့ကြောင်း၊ ထိုကဲ့သို့ချထားပေးခဲ့သော မြေကွက်များသည် နိုင်ငံတော်မှ စီမံကိန်းဆောင်ရွက်မည့်ဧရိယာအတွင်း ပါဝင်ခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ၂၀၀၈ ခုနှစ်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ခေတ်မီစက်မှုလယ်ယာစံပြ စိုက်ပျိုးရေးအထူးဇုန်ဖော်ထုတ်ခဲ့ရာတွင် မြေကွက်ပေါင်း ၈၀၀၀ ကျော်ပါဝင်ခဲ့ကြောင်း၊ အဆိုပါ မြေကွက်များသည် ၁၉၉၆ ခုနှစ်မှစတင်၍ချထားပေးခဲ့သော မြေကွက်များဖြစ်သော်လည်း ကာလ ကြာမြင့်စွာပင်မြေပေါ်တွင် လာရောက်၍အိမ်ဆောက်ခြင်း၊ နေထိုင်ခြင်းမရှိသောမြေကွက်များဖြစ်ပြီး လာရောက်အိမ်ဆောက်နေထိုင်သူအနည်းစုအတွက် မြေကွက်များပြန်လည်ချထားပေးနိုင်ခဲ့သော်လည်း လာရောက်နေထိုင်ခြင်းမရှိသူ အများစုအတွက် မြေကွက်များချထားပေးနိုင်ခဲ့ခြင်း မရှိပါသဖြင့် မြေကွက်များအတွက် ပေးသွင်းရသည့်မြေကွက်တန်ဖိုးများကိုလည်း ပြန်လည်ထုတ်ပေးရန်ရှိပါကြောင်း အထက်ပါဖြေကြားချက်များအရ ဝန်ကြီးဌာနအသီးသီးမှ လုပ်သက်မြင့်ဝန်ထမ်းများအား ချထားပေးခဲ့ သည့်မြေကွက်များအား မြေကွက်ရရှိထားသူများမှ အိမ်ရာဆောက်လုပ်လာရောက်နေထိုင်မှုမရှိခြင်း အပေါ် နိုင်ငံတော်ရဲ့လိုအပ်ချက်အရ အခြားစီမံကိန်းများအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းတွေ့ရှိရပါသဖြင့် မြေကွက်ချထားပေးခြင်းခံရသောဝန်ထမ်းများသို့ အဆိုပါအခြေအနေအား အကြောင်းကြားအသိပေးခြင်း၊ ဝန်ထမ်းများမှပေးသွင်းထားသော မြေ၊ စည်ပင်စရိတ်ငွေများအား အမြန်ပြန်လည်ထုတ်ပေးခြင်းတို့ကို ထင်သာမြင်သာရှိအောင်ဆောင်ရွက်ပေးခြင်းဖြင့် အဆင်ပြေသွား နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားထားပါသည် ။
