လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့်ပတ်သက်၍ နိုင်ငံတော်နှင့် ပြည်သူများရဲ့အကျိုးကို မျှော်မှန်းကာ ကိုင်းဖျားကိုင်းနားထုတ်လုပ်၍ ဘတ်ဂျက်လိုငွေအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟုယူဆပြီး အခုလို မေးမြန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မေးမြန်းမှုအား စာဖြင့် ဖတ်ကြားမေးမြန်းခွင့်ပြုပေးပါရန် လေးစားစွာဖြင့်တင်ပြအပ်ပါတယ်။ လေးစားအပ်တဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ဒေသဟာ သစ်ထွက်ရှိတဲ့ ဒေသတစ်ခုအနေဖြင့် သစ်တောကဏ္ဍမှာ နိုင်ငံတော်၏ဘတ်ဂျက်လိုငွေအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး အတွက် စဉ်းစားရာမှ သစ်တောကဏ္ဍမှာ လေလွင့်ပျက်စီးဆုံးရှုံးနေတဲ့ ကိုင်းဖျားကိုင်းနားများကိစ္စနှင့် ပတ်သက်၍ အခုလို မေးမြန်းရန်အတွက် ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသဟာ သစ်များစွာထွက်ရှိသောဒေသဖြစ်ပြီး နိုင်ငံတော်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျွန်းသစ်တန် ၁၀၀၀၀ ကျော်နှင့် သစ်မာတန် ၂၀၀၀၀ ကျော်၊ စုစုပေါင်း တန်ပေါင်း ၃၀၀၀၀ ကျော်ခန့် ထုတ်လုပ်မှာဖြစ်ပြီး ကိုင်းဖျားကိုင်းနား အနည်းငယ်သာ ထုတ်လုပ်ရန်ရှိကြောင်းနှင့် သစ်မာကိုတော့ ကိုင်းဖျားကိုင်းနား လုံးဝထုတ်လုပ်ရန်မရှိကြောင်းကို စုံစမ်းမေးမြန်းမှုမှသိရှိရပါတယ်။ တစ်နိုင်ငံလုံး အနေဖြင့်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျွန်းကုဗတန် ၂၃၂၉၈၆ တန်နှင့် သစ်မာတန် ၂၂၆၃၂၅၈ တန်၊ စုစုပေါင်း ၂၄၉၆၂၄၄ တန် ထုတ်လုပ်မှာဖြစ်ပြီး ကိုင်းဖျားကိုင်းနား တန်ပေါင်း ၂၃၂၉၄ တန်သာ ထုတ်လုပ်မှာ ဖြစ်ကြောင်းလည်းလေ့လာသိရှိရပါတယ်။ ကိုင်းဖျားကိုင်းနား ထုတ်လုပ်မှု ရာခိုင်နှုန်းဟာလည်းပဲ အလွန်နည်းနေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကိုင်းဖျားကိုင်းနားထုတ်လုပ်မှုအား ကျွန်းသာမက သစ်မာများ ကိုလည်း ထုတ်လုပ် သင့်လှပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ သစ်မာတန်ပေါင်း ၂၂၆၃၂၅၈ တန် ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် ကိုင်းဖျားကိုင်းနား ၂၅ ရာခိုင်နှုန်း ထုတ်လျှင်တောင်မှ တန်ပေါင်း ၅၀၀၀၀၀ ကျော်ခန့် ထွက်ရှိမှာဖြစ်ပါတယ်။ ယနေ့ သစ်လုံးတစ်တန် အနည်းဆုံးကျပ် ၁၀၀၀၀၀ နှုန်း တွက်ချက်ပါက ကျွန်းနှင့်သစ်မာ ကိုင်းဖျားကိုင်းနားတန်ပေါင်းဟာ ၅၀၀၀၀၀ ကျော်ခန့်ရှိမှာ ဖြစ်တဲ့အတွက် ကျပ်သန်းပေါင်း ၅၀၀၀၀ ကျော်ခန့် နိုင်ငံတော်ဝင်ငွေအဖြစ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ အမြတ်မရရှိသည့်တိုင် ပြည်သူများရဲ့ သစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာလည်း ရောက်မှာ ဖြစ်ပါတယ်။ သေချာသော လုပ်ငန်းကြီးလည်းဖြစ်ပါတယ်။ နိုင်ငံတော်နှင့် ပြည်သူများ အတွက် အကျိုးရှိရှိအသုံးချနိုင်ပါက ပိုမိုသင့်မြတ်လှပါကြောင်းလည်း ထင်မြင်ယူဆမိပါတယ်။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဖိုးထိုက်တန်လှတဲ့ သစ်ကိုင်းဖျားကိုင်းနား များကို မထုတ်လုပ်တဲ့အတွက် တောထဲမှာပဲ မီးလောင်ပျက်စီးဆုံးရှုံးရခြင်းကြောင့် နိုင်ငံတော် အတွက်များစွာ နစ်နာလျက်ရှိနေတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကိုင်းဖျားကိုင်းနားများကို ထုတ်လုပ် အသုံးချ၍ ပရိဘောဂများ၊ ကြမ်းခင်းများ၊ မျက်နှာကျက်များ၊ တံခါးကျည်းခွေများ၊ တံခါးပေါက်များ အစရှိသဖြင့် အဖိုးတန်လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်ကြခြင်းဖြင့်လည်း ပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်ပြီး ဝင်ငွေများလည်းရရှိကြမှာ ဖြစ်ပါ တယ်။ ဒေသအလိုက် သစ်များရှားပါးလာမှုများကြောင့် သစ်ဈေးနှုန်းများမှာလည်း မြင့်မားနေပြီ ဖြစ်ပါတယ်။ ပြည်သူများရဲ့ သစ်လိုအပ်ချက်များကြောင့် သစ်အပင်ကောင်းများ ခုတ်လှဲမှုကိုလည်းပဲ လျှော့ချပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာတွင်လည်း အထောက်အကူပြုပေးနိုင်လိမ့်မည်ဟု ထင်မြင်ယူဆမိပါတယ်။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကိုင်းဖျားကိုင်းနား ထုတ်လုပ်ရာမှာ အချို့သော ပုဂ္ဂလိကလုပ်ငန်းရှင်များဟာ အပင်ကောင်းများကိုပါ ဥပဒေမဲ့ ထုတ်လုပ်ခြင်းများ ရှိကြောင်းကိုလည်း လေ့လာမှတ်သားမိပါတယ်။ ဤကဲ့သို့သော အန္တရာယ်များမှ ကာကွယ်ရန်ကိုလည်း လိုအပ်ပါက ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သစ်အတို တိုင်းဟာ ကိုင်းဖျားကိုင်းနားများ မဖြစ်နိုင်ပါ၍ အကြံပြုလိုတာကတော့ ကိုင်းဖျားကိုင်းနား ဆိုသည်မှာ ထိပ်နှစ်ဖက်ဖြတ်ပိုင်းတွင် ဂွဆုံအမှတ်အသားပါသော အကိုင်းသစ်ကိုဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုပြီး ဂွဆုံအမှတ်အသား ထိပ်နှစ်ဖက်ဖြတ်စ၌ မပါသောသစ်ဟာ တရားမဝင်သစ်အဖြစ် သတ်မှတ်ကာ စစ်ဆေးအရေးယူခြင်းများဖြင့် ကာကွယ်မှုများကို စနစ်တကျဆောင်ရွက်ပါက မသမာသောနည်း လမ်းဖြင့် ကိုင်းဖျားကိုင်းနားသစ်များ ထုတ်လုပ်မှုအားကာကွယ်နိုင်မည်ဟု ယူဆမိပါတယ်။ ကိုင်းဖျား ကိုင်းနားထုတ်လုပ်မှုကြောင့်လည်း သဘာဝပတ်ဝန်းကျင်အား ထိခိုက်ဆုံးရှုံးမှုမရှိခြင်းကြောင့်လည်း ထုတ်လုပ်သင့်လှပါတယ်။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်မေးမြန်း လိုတဲ့မေးခွန်းကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ နိုင်ငံတော်ဝင်ငွေရရှိရေးအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ သစ်ထုတ်လုပ်မယ့် ကျွန်းနှင့် သစ်မာတန် စုစုပေါင်း ၂၄၉၆၂၄၄ တန် ထုတ်လုပ်ရာမှာ ကိုင်းဖျား ကိုင်းနားအနည်းဆုံး ၂၅ တန် နှုန်းထုတ်လုပ်ပါက ထွက်ရှိနိုင်တဲ့ ကိုင်းဖျားကိုင်းနား ခန့်မှန်းတန် ၅၀၀၀၀၀ ကျော်တန်အား နိုင်ငံတော်ဝင်ငွေပိုမိုရရှိရေးအတွက် ထုတ်လုပ်ရန် အစီအစဉ်ရှိ၊မရှိနှင့် မရှိပါက မည်သည့် အခက် အခဲများကြောင့်ဖြစ်ကြောင်း မေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြီးများခင်ဗျား။ အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ် ပါတယ်ခင်ဗျား။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရဲ့ ကိုင်းဖျားကိုင်းနားထုတ်လုပ်သင့်ပါတယ်ဆိုတဲ့အကြောင်း မေးမြန်းမှုနှင့်ပတ်သက်၍ ကျွန်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားမှာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ထုတ်ပြန်ကြေညာထားတဲ့ မြန်မာ့သစ်တောမူဝါဒပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်အတွင်းမှာရှိတဲ့ သစ်တောသယံဇာတအရင်းအမြစ်များ စဉ်ဆက် မပြတ်ရေရှည် အကျိုးရှိစွာထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ထာဝစဉ်တည်တံ့ခိုင်မြဲသော သစ်တော စီမံအုပ်ချုပ်မှုစနစ် (Sustainable Forest Managements)ကို အခြေခံပြီးတော့ မြန်မာ့ရွေးချယ် ခုတ်လှဲခြင်း နည်းစနစ်ဖြင့် သစ်ထုတ်တဲ့လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ ရွေးချယ်ခုတ်လှဲခြင်း နည်းစနစ်ကယေဘုယျအားဖြင့် ကျွန်းနှင့်သစ်မာများ ခုတ်လှဲရမည့် လုံးပတ်များ နှင့်ကာလတို့ကို သိပ္ပံနည်းကျကျတွက်ချက်ပြီးတော့ သတ်မှတ်ခြင်းနှင့် နှစ်စဉ်ခုတ်လှဲရမည့် ကျွန်းနှင့် သစ်မာပမာဏ တွက်ချက်သတ်မှတ်ခြင်း နည်းလမ်းများဖြင့်စနစ်တကျဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာ သစ်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ် ထားသည့် သစ်လုံးများအား ခုတ်လှဲဖြတ်တောက်ပြီးတဲ့နောက် ကျန်ရှိတဲ့ ကိုင်းဖျားကိုင်းနားများ ကိုလည်း လေလွင့်ပြုန်းတီးမှုမရှိစေရေးနှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးမြှင့်ရရှိစေရေးတို့အတွက် အလေးထားပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ခါးလယ်လုံးပတ် ၄ ပေအောက်၊ အရှည် ၁၀ ပေ အောက်နဲ့ ကုဗပေ ၁၀ အောက်ရှိသည့်ကိုင်းများ၊ ၁၀ အောက်မှာရှိသောသစ်များကို ကိုင်းဖျား ကိုင်းနားလို့သတ်မှတ်ပြီးတော့ ထွက်ရှိနိုင်တဲ့ကိုင်းဖျားကိုင်းနားများ ပမာဏမှာလည်း ထုတ်လုပ်သည့် သစ်ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်းစိစစ်တွေ့ရှိရပါတယ်။ လက်ရှိ ကျွန်းကိုင်းဖျားကိုင်းနား များကိုသာထုတ်လုပ်နိုင်ပြီးတော့ သစ်မာကိုင်းဖျားကိုင်းနားများကို ထုတ်လုပ်နိုင်ခြင်းမရှိနိုင်ပါကြောင်း နဲ့ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်များအတွင်း ထုတ်လုပ်တဲ့စာရင်းဇယားများ ကိုပြန်လည်စစ်ဆေးချက်အရ ကျွန်းကိုင်းဖျားကိုင်းနားထွက်ရှိမှုပမာဏသည် စုစုပေါင်းထုတ်လုပ်သည့် ကျွန်းသစ်၏ ၇.၈ ရာခိုင်နှုန်းခန့်ရှိကြောင်းတွေ့ရှိရပါတယ်။ ကျွန်းကိုင်းဖျားကိုင်းနားများထုတ်လုပ် ရာတွင် သတ်မှတ်သည့် ၁၀ ရာခိုင်နှုန်းမပြည့်ရသည့် အကြောင်းရင်းများမှာ ကျွန်းပင်တစ်ပင်အား ခုတ်လှဲရာတွင် မြေကြီးမှရွက်အုပ်အထိ အပင်အမြင့်၏သုံးပုံနှစ်ပုံခန့်မှာပင်စည်ဖြစ်ပြီး ကျန်သုံးပုံတစ်ပုံ ခန့်မှာ အဖျားပိုင်းနှင့် ကိုင်းဖြတ်များဖြစ်ပါတယ်။ ကျွန်းသစ်အားလုံး အနည်းဆုံးခါးလယ်လုံးပတ် ၃ ပေအထိ ဖြတ်ပိုင်းပေးပြီးတော့ ထုတ်လုပ်ရယူရပါတယ်။ ကျန်ရှိသည့်အပိုင်းများမှာ ကွေ့ကောက်သည့် ကိုင်းတက်များ၊ လုံးပတ် ၂ ပေ အထိ အတိုများ၊ အနှစ်အသားမပါသည့် သစ်ညှပ်များသာ ကျန်ရှိပြီးတော့ ပိုင်းဖြတ်ထုတ်ယူပါက အများဆုံး ၁၀ ရာခိုင်နှုန်းအောက်သာထွက်ရှိပါတယ်။ ၁၀ ရာခိုင်နှုန်းအထိ ထုတ်ယူပြီး၊ ကျန်ရှိသောအပိုင်းများမှာလည်း သစ်ခွဲသားအဖြစ်ခွဲစိတ်၍မရနိုင်သော အပိုင်းများနှင့် ကိုင်းတက်များသာကျန်ရှိပြီး ထုတ်လုပ်သယ်ဆောင်ပါက ဖြတ်တောက်ရခြင်း၊ အကွေ့ အကောက်များဖြစ်၍ စက်ယန္တရားကရိန်းဖြင့်သယ်ဆောင်၍မရဘဲ လူအင်အားဖြင့်တင်ဆောင်ရခြင်း၊ ခွဲသားထွက်ရှိမှုမရှိခြင်းတို့ကြောင့် ထုတ်လုပ်သယ်ယူစရိတ်နှင့် ပြန်လည်ရောင်းချပါက ရရှိသည့် ဝင်ငွေနှင့် ကုန်ကျစရိတ်တွက်ခြေကိုက်မှုမရှိ၍ ချန်ထားခဲ့ရခြင်းဖြစ်ပါတယ်။ သစ်မာကိုင်းဖျားကိုင်းနား များထုတ်လုပ်ဆောင်ရွက်နိုင်မှုမရှိခြင်းမှာ သဘာဝတောတွင် သစ်မာပေါက်ရောက်မှုကျဲပါးသဖြင့် တစ်ပင်နှင့်တစ်ပင် အလှမ်းဝေးကွာပြီး ထုတ်လုပ်ကုန်ကျစရိတ်နှင့် ပြည်ပကိုတင်ပို့ရောင်းချသည့် ဈေးကွက်၊ ပြည်တွင်းတွင်ရှိသောဈေးကွက်နှင့် သစ်ခွဲသားအဖြစ် ခွဲစိတ်ထုတ်လုပ်နိုင်ခြင်းမရှိသော ကြောင့် ကုန်ကျစရိတ်နှင့်ဝင်ငွေ တွက်ခြေမကိုက်ခြင်း၊ ကိုင်းဖျားကိုင်းနားထုတ်လုပ်ရန်အတွက် ဖြတ်ပိုင်းခ၊ သယ်ဆောင်ခ၊ တင်ခ၊ ချခ၊ ကားခများဈေးမြင့်ပြီးတော့ ပြည်ပတွင်ဈေးကွက်မရှိခြင်း၊ သစ်ခွဲသားအဖြစ် ခွဲစိတ်နိုင်မှုမရှိခြင်းတို့ကြောင့် ပြည်တွင်းပြည်ပဈေးကွက်များအရ တွက်ခြေမကိုက် ခြင်းကြောင့် မထုတ်လုပ်နိုင်ခြင်းဖြစ်ပါတယ်။ ကျွန်းသစ်ကိုင်းဖျားကိုင်းနားထုတ်လုပ်ရာတွင် သစ်တော ဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိဝန်ထမ်းများအား ကိုင်းဖျားကိုင်းနားသတ်မှတ်ချက် များနှင့်အညီ ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ စနစ်တကျကွင်းဆင်းစစ်ဆေးစိစစ်ဆောင်ရွက်ပြီးတော့ ခွင့်ပြုပေးခြင်းဖြစ်ပါတယ်။ မြန်မာ့သစ်လုပ်ငန်းကိုယ်စား ကုမ္ပဏီလုပ်ငန်းရှင်များမှ သစ်ထုတ်လုပ် ဆောင်ရွက်ရာတွင် အတွေ့အကြုံများအရ ကိုင်းဖျားကိုင်းနား ၁၀ ရာခိုင်နှုန်းပြည့်မီရန်အတွက် ကျွန်းပင်ပျိုများကိုခုတ်လှဲပြီး အစားထိုးထုတ်ယူခဲ့သည့် ဖြစ်စဉ်များစွာပေါ်ပေါက်ခဲ့သည့်အတွက် စစ်ဆေးအရေးယူရခြင်းများပြုလုပ်ခဲ့ရပါတယ်။ ယင်းဖြစ်စဉ်မျိုးများကြောင့် ထာဝစဉ်တည်တံ့ခိုင်မြဲ သော သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစနစ်အပေါ် ထိခိုက်သည့်အကျိုးဆက်များလည်းဖြစ်ပေါ်စေခဲ့ပါ တယ်။ သို့ဖြစ်ပါ၍ မေးခွန်းတွင်ဖော်ပြထားသည့်အတိုင်း ကိုင်းဖျားကိုင်းနားထွက်ရှိမှု ခန့်မှန်းသည့်တန် ပမာဏမှာ လက်တွေ့အတွေ့အကြုံနှင့် စိစစ်ချက်များအရများပြားနေပါကြောင်း နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိရေးနှင့် သယံဇာတလေလွင့်ပြုန်းတီးမှုမရှိစေရေးအတွက် ကျွန်းကိုင်းဖျားကိုင်းနားများကို စနစ်တကျစိစစ်ထုတ်ယူသွားမည်ဖြစ်ပါကြောင်းနှင့် ဖော်ပြပါစီးပွားရေးတွက်ြခေမကိုက်မှုနှင့် မသမာမှု များတားဆီးကာကွယ်ရမည့် အြခေအနေများကြောင့် သစ်မာကိုင်းဖျားကိုင်းနားများ ထုတ်လုပ်မှုကို လက်ရှိကာလတွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း သို့ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သဘာဝတောမှ နှစ်စဉ်ထုတ်လုပ်မှုတန်ပမာဏကို ယခုနှစ်မှစတင်ပြီးတော့ အချိုးကျလျှော့ချသွားမည်ဖြစ်ရာ ကိုင်းဖျား ကိုင်းနားများသည်လည်း အချိန်အတောအတွင်းမှာ အတိုင်းအတာတစ်ခုအထိ အသုံးဝင်လာနိုင်မည် ဖြစ်ပါ၍ ဈေးကွက်အြခေအနေအရထုတ်လုပ်လာနိုင်ပါက လွှတ်တော်ကိုယ်စားလှယ်ကြီး အကြံပြု သည့်အတိုင်း အနာဂတ်တွင်သစ်မာကိုင်းဖျားကိုင်းနားများကိုလည်းထုတ်လုပ်ရန် စီမံဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ြဖေကြားထားပါသည် ။
