(ဈ) GSM သို့မဟုတ် CDMA တာဝါတိုင်ထုတ်လွှင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၅.၂.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ယွန်းမွန်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မက်မန်းမြို့နယ် သည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြို့နယ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက IP Star ပြုလုပ် ထားသော်လည်း တစ်အုပ်စုနှင့်တစ်အုပ်စုသော်လည်းကောင်း၊ တစ်ရွာနှင့်တစ်ရွာသော်လည်းကောင်း ဆက်သွယ်ရန် မရရှိခဲ့ပါ။ ထိုဒေသ၌ တာဝန်ထမ်းဆောင်လျက်ရှိသော အစိုးရဝန်ထမ်းများကလည်း မိမိ မိသားစုထံ ဆက်သွယ်ရန် လွန်စွာခက်ခဲမှုရှိကြောင်း ကျွန်တော့်အား တင်ပြတောင်းခံစေခဲ့ပါတယ်။

 

          ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူလူထုနှင့် အစိုးရဝန်ထမ်းများက ဒီဒေသ၌ လျင်မြန်စွာ ဆက်သွယ်နိုင်ရန်အတွက် GSM သို့မဟုတ် CDMA တာဝါတိုင်ထုတ်လွှင့်ခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင် ပြုလုပ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းထားပါသည်။

 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ဆက်လက်ပြီးတော့ ဦးအိုက်ယွန်းမွန်းရဲ့ မေးမြန်းချက်ကို ပြန်လည်‌ြဖေကြားတင်ပြသွားမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်မှာ GSM Mobile တိုးချဲ့တပ်ဆင်ရေးစီမံကိန်းရဲ့ လာမည့်နှစ်မှာ GSM လိုင်းအင်အား ၁၅၀၀ ဖြင့် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားထားပါသည်။