(င)-အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်သို့ ဆက်သွယ်ထားသော စစ်တောင်းမြစ်ကူးတံတား ကြီးအား ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့ (၂၄.၃.၂၀၁၅)

ဦးညီညီမြင့်(အုတ်တွင်း မဲဆန္ဒနယ်) (1382)အုတ်တွင်းမြို့နယ်၊ ကျွဲပွဲနှင့် ထန်းတပင် မြို့နယ်၊ မြို့သိုးသို့ဆက်သွယ်သည့် စစ်တောင်း မြစ်ကူးတံတားကို တည်ဆောက်ပေးမည်ဆိုပါက ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀ ရွာ မှ လူဦးရေ ၄၈၀၀၀ကျော်နှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အတွင်းရှိ ကျေးရွာအုပ်စု ၁၁ ရွာမှ လူဦးရေစုစုပေါင်း ၁၅၀၀၀ကျော်တို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို အကျိုးပြုနိုင် မည် ဖြစ်သည့်အပြင် အဆိုပါတံတား ကို ကုန်ထုတ်လမ်းအဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊  ယခုအခါ ပြည်သူများအနေဖြင့် စက်လှေများ အသုံးပြုသွားလာရခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် များစွာထိခိုက်နစ်နာရခြင်း၊  ကုန်ထုတ်ကိစ္စ လုပ်ဆောင်နိုင်မှုမရှိခြင်းများကို ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ထန်းတပင်မြို့နယ်၊ မြို့သိုးကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တို့ကို ဆက်သွယ်မည့် စစ်တောင်းမြစ်ကူးတံတားကို နိုင်ငံတော်မှ တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ် သည်ကို သိရှိပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ဒုတိယဝန်ကြီး ဦးခင်မောင်အေးပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်ကိုဆက်သွယ်သည့် စစ်တောင်းမြစ်ကူး ကွန်ကရစ်တံတား ၆၅၀ ပေ၊ ၁၄ ပေ ၁၈ ပေ တည်ဆောက်ရန်အတွက် ခန့်မှန်း ကုန်ကျငွေသည် ကျပ် ၁၆၂၅ သန်းဖြစ်ပြီး ကျေးရွာ ၄၁ ရွာရှိ ပြည်သူလူထု ၆၃၀၀၀ ခန့်ကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ရန်ပုံငွေ ကျပ် သန်းပေါင်း ၁၉၈၉၄.၇၃၅ သန်းဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကတ္တရာလမ်း ၂၅ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၁၅၄ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၂၇၂ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်တံတား ၆၀ ပေ၊ သစ်သားတံတား ၅၂၆၅ ပေ၊ ကွန်ကရစ်ရေကျော် ၉၂၁ ပေနှင့် ရေပြွန် ၉၀၀ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီး အုတ်တွင်းမြို့နယ်တွင် ရန်ပုံငွေကျပ် ၄၃၇.၁၄၈ သန်းဖြင့် ကတ္တရာလမ်း ၄ မိုင်၊ ကတ္တရာလမ်း ၄ ဖာလုံ၊ ကျောက်ချောလမ်း ၈ မိုင် ၁ ဖာလုံ၊ သစ်သားတံတား ၁၀၀ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်ကို ဆက်သွယ်သော စစ်တောင်းမြစ်ကူးတံတားကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ခွင့်ပြုထားခြင်းမရှိပါကြောင်းနှင့် အဆိုပါတံတား တည်ဆောက်မယ်ဆိုပါက အသေးစိတ်ကွင်းဆင်းပြီး နည်းပညာကျွမ်းကျင်သော အင်ဂျင်နီယာများမှ Structure Design တွက်ချက် ရေးဆွဲရန် လိုအပ်ဖြစ် ပါကြောင်း၊ အဆိုပါတံတားသည် ပေ ၆၅၀ အရှည်ရှိ တံတားဖြစ်သောကြောင့် တံတား တည်ဆောက်ရေးအတွက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျွမ်းကျင် သော အင်ဂျင်နီယာများနှင့် အထောက်အကူပြုပစ္စည်းများ မရှိဘဲ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သဖြင့် ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။