ငါးမွေးတောင်သူများအတွက် လိုအပ်နေသည့် နည်းပညာအရင်းအနှီး၊ အထောက်အပံ့များကို နိုင်ငံတော်ကပေးအပ်နေသည့်နေရာတွင် ဥပဒေနှင့်အညီ ငါးမွေးတောင်သူများ စနစ်တကျရယူပြီး တောင်သူများ၏လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် မေးခွန်းမေးမြန်းမည် ဖြစ်ပါကြောင်း၊
မိမိမေးခွန်းနှင့် ဆင်တူသောမေးခွန်းများကို ကြယ်ပွင့်ပြသာမက၊ ကြယ်ပွင့်မပြပါ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အနည်းဆုံးသုံးကြိမ်ထက်မနည်း ဖြေကြားသွားပြီး ဖြစ်ပါကြောင်း၊ မိမိက လယ (၃၀) ကိုလွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးရေးကို အဓိကထား မေးမြန်းမည်ဖြစ်ပါ ကြောင်း၊ ငါးမွေးတောင်သူများ၏ မြေအသုံးချမှုလယ(၃၀)ကို လျှောက်ထားကြရာတွင် လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားခြင်း၊ လယ်မြေမှတစ်ပါး အခြားလယ်ယာမြေများကို အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအသုံးပြုခြင်းအတွက် လျှောက်ထားခြင်းတို့ကို ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဥပဒေများကို ငါးမွေးတောင်သူများ နားလည်သိရှိ ထားကြပြီးဖြစ်ပါကြောင်း
အင်းတော်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသည် ၁၉၈၈-၈၉ ခုနှစ်ခန့်မှစပြီး ငါးများစတင် မွေးမြူခဲ့ပါကြောင်း၊ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတော်မှ ငါးမွေးတောင်သူများ ဖွံ့ဖြိုးတိုးတက်စေရန် ထီးချိုင့်မြို့နယ်၊ အင်ကြင်းကုန်းတွင် ငါးသားပေါက်စခန်းတစ်ခုနှင့် အခြားငါးသားပေါက်စခန်းငယ် များကို စတင်ဖွင့်လှစ်ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၎င်းတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ပြီး မြေအသုံးချမှု အတွက် လန (၃၉) ရရှိရန် ကသာခရိုင်၊ အေးချမ်းဖြိုးကောင်စီ၏ လမ်းညွှန်မှုနှင့် လျှောက်ထားခဲ့ သော်လည်း ယနေ့အထိ လန (၃၉) ကို မရခဲ့ပါကြောင်း၊ တောင်သူများသည် နှစ်စဉ်ရေလွှမ်း၊ ရေမြုပ်ပြီး စိုက်ပျိုးမရသည့် မြေယာများ၊ လယ်ယာမြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လျှိုမြောင်များပိတ်ခြင်းဖြင့် ရလာသည့် မြေများပေါ်တွင် တိုးချဲ့ပြီး မြို့နယ်အလှမ်းကွာဝေးသည့် ကျေးလက်များတွင် ငါးမွေးမြူခြင်းဖြစ်ပါကြောင်း၊ ကျေးလက်ငါးမွေး တောင်သူများသည် ယာယီ လိုင်စင်များဖြင့်သာ ရပ်တည်ကြရသည့်အတွက် တရားမဝင်မွေးမြူရေး သမားများအဖြစ် သိမ်ငယ်ကြ ရပါကြောင်း၊ ယခုအခါ လန (၃၉) မဟုတ်တော့ဘဲ လယ (၃၀) အဖြစ် လျှောက်ထားကြရပါကြောင်း၊ လယ်မြေခွင့်ပြုမိန့်မရဘဲ အခြားနည်းအသုံးကိစ္စရပ်များအတွက် နည်းဥပဒေများနှင့်အညီ သတ်မှတ် ဒဏ်ကြေးကို ကျပ် ၁၀ သိန်းထက်မနည်း သတ်မှတ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ညွှန်ကြားထားပါကြောင်း၊
တစ်ဧကလျှင် ဒဏ်ကြေး ၁၀ သိန်းထက်မနည်းဆိုသည်မှာ ကျေးလက်နေ တောင်သူများအတွက် အလွန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် အင်းတော်မြို့နယ်တွင် ငါးမွေး တောင်သူ ၁၃၉ ဦး၊ မြေဧက ၃၇၅.၅၅ ဧကပေါ်တွင် ငါးကန်ပေါင်း ၃၂၈ ကန်အတွက် လယ (၃၀) ရရှိ ရေးသည် အလွန်ခက်ခဲနေပါ ကြောင်း၊ ထို့ကြောင့် မိမိအကြံတစ်ခုပြုချင်သည်မှာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲများ၊ စီမံခန့်ခွဲမှုနှင့် ငါးမွေးတောင်သူများကို ၁၉၈၈-၁၉၈၉ ခုနှစ်ကာလများမှ စတင်တည်ထောင်ပါက ဒဏ်ကြေးငွေလျှော့ချခြင်း၊ မြေအသုံးချမှုခွင့်ပြုခြင်းများကို သတ်မှတ်ရက် အတွင်း စနစ်တကျခွင့်ပြုပေးနိုင်ရန် စီမံချက်များချပြီး လုပ်ဆောင်ပေးမည်ဆိုလျှင် ငါးမွေးတောင်သူ များ ဝမ်းမြောက်ဝမ်းသာနှင့် လျှောက်ထားလာမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကငါးမွေးခြင်းများကို စနစ်တကျမြှင့်တင်ပေးမည်ဆိုလျှင် တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးပြီး စီးပွားဖြစ် ငါးလုပ်ငန်းများကိုအမီပြု၍ ငါးစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ငါးသားပေါက် လုပ်ငန်းများ၊ ငါးမှ တန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်း များပြားလာပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်ပိုင်တစ်နိုင် မှ စီးပွားဖြစ် ငါးမွေးတောင်သူများအတွက် အခွင့်အရေးများ၊ ပိုင်ဆိုင်မှုများ စနစ်တကျမှန်ကန်စွာရရှိရေး နှင့် တိုင်းဒေသကြီး၏ အခွန်အခဝင်ငွေများ ပိုမိုတိုးတက်စေရန်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊
အင်းတော် မြို့နယ်တွင် ငါးမွေးမြူသူဦးရေ ၃၃၉ ဦး၊ ငါးမွေးဧရိယာ ၆၀၃.၁၅ ဧက၊ လယ်မြေပေါ်တွင် လုပ်ကိုင်သူ လေး ဦး၊ ဧရိယာ ၅.၇၀ ဧကရှိပါကြောင်း၊ ယာမြေပေါ်တွင် လုပ်ကိုင်သူ ၂၅ ဦး၊ ဧရိယာ ၄၅.၈၃ ဧကရှိပါကြောင်း၊ ဥယျာဉ်မြေပေါ်တွင် လုပ်ကိုင်သူ တစ် ဦး၊ ဧရိယာ ဝ.၈၃ ဧကရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်ပေါ်တွင်လုပ်ကိုင်သူ ၃၀၉ ဦးရှိပြီး ဧရိယာ ၅၅၀.၇၉ ဧကရှိပါကြောင်း၊ အဆိုပါ မြေများနှင့် ပတ်သက်၍ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်မရရှိသေးပါကြောင်း၊
နိုင်ငံနှင့်အဝန်း စိုက်ပျိုးမြေအဖြစ်တည်ရှိနေသည့် လယ်ယာမြေများပေါ်တွင် ငါးမွေးမြူခြင်းအပါအဝင် အခြားနည်းအသုံးပြုမည်ဆိုလျှင် လယ်ယာမြေဥပဒေအရ အခန်း (၁၀) ပုဒ်မ ၂၉၊ ပုဒ်မ ၃၀(က)၊ ၃၀(ခ)တို့အရ စနစ်တကျလျှောက်ထားပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သည့် အခါ ခွင့်ပြုသည့်အနေအထားမျိုးရှိပါကြောင်း၊ လယ်မြေဖြစ်မည်ဆိုလျှင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ အတည်ပြုချက်နှင့် ဆောင်ရွက်ပေးပါကြောင်း၊ လယ်မြေမှတစ်ပါး အခြားလယ်ယာမြေဖြစ်မည် ဆိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ ဥပဒေပါညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ယခုလို ခွင့်ပြုပေးရာတွင် လျှောက်ထား လိုသူသည် မိမိရ၏ အမှန်တကယ်အသုံးမည်ဆိုသည့် ကတိဝန်ခံချက်၊ လုပ်ငန်းစီမံချက်၊ အသုံးပြုမယ့် အဆောက်အဦပြမြေပုံ (Site Plan) နှင့်တကွ လုပ်ငန်းအမျိုးအစား ပေါ်မူတည်ပြီး သက်ဆိုင်ရာ ဦးစီးဌာနများ၏ ထောက်ခံချက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ သဘောထားမှတ်ချက် အရ ဝန်ကြီးဌာနသို့တင်ပြရန်လိုပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ခွင့်ပြုမိန့်ထုတ်ပေးသည့်အခါ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံစေရေးကို ထိခိုက်တာမျိုးရှိ/မရှိ၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိ/မရှိနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်အကျိုးပြုမည့် လုပ်ငန်းများဖြစ်/ မဖြစ်ကို စိစစ်ပြီး ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
လယ်ယာမြေပေါ်တွင် အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်းမရှိဘဲ၊ ခွင့်ပြုထားခြင်းမရှိသေးဘဲ အသုံးပြုမှုများနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ အရ အဆိုပါဥပဒေပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ လိုက်နာရန် ပျက်ကွက်လျှင် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်ဆိုပြီး ပြစ်ဒဏ်များ (၄) ချက် ချမှတ်ထားပါကြောင်း၊ ၎င်းတို့မှာ သတ်မှတ်ထားသည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သည့်သူကို နှင်ထုတ်သည်နှင့် လယ်ယာမြေ ပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်ထား သည့် အဆောက်အဦများရှိလျှင် ဖယ်ရှားသည်ဆိုသည့် ပြစ်ဒဏ်များဖြစ်ပါကြောင်း၊ တည်ဆဲလယ်ယာ မြေဥပဒေပုဒ်မ ၁၉ တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုသည့် ကိစ္စရပ်များတွင် ဒဏ်ကြေးငွေနှင့်ပတ်သက်ပြီး ချမှတ်ဆောင်ရွက်မှု အနေအထားများရှိခဲ့ပါကြောင်း၊ ချမှတ်ရန်အတွက် ပြဋ္ဌာန်းမှုမရှိသော်လည်းပဲ ကျူးလွန်သုံးစွဲမှုအပေါ် ဒဏ်ကြေးငွေချမှတ်သည့်အခါ မေးခွန်းတွင်ပါသည့် အတိုင်း ငါးကန်တစ်ဧကကို ၁၀ သိန်းအထက် ဒဏ်ကြေးချသလို ကျန်နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်မှုအဖွဲ့အသီးသီးကလည်း ဒေသအလိုက် ကွဲပြားသည့် ဒဏ်ကြေးငွေများကို သတ်မှတ်ဆောင်ရွက်လျက်ရှိနေသည့် အခြေအနေဖြစ်ပါကြောင်း၊
ထို့ကြောင့် နိုင်ငံနှင့်တစ်ဝန်း သင့်လျော်သည့် ဒဏ်ကြေးငွေ တစ်ပြေးညီချမှတ်ပြီး တရားဝင်လုပ်ပိုင်ခွင့် ရရှိနိုင်ရေးအတွက်ကိုလည်း မိမိတို့စီမံဆာင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေရေးရာသုံးသပ်ချက်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၊ လုံခြုံရေး နှင့် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးကို တင်ပြပြီးသည့်နောက် အဆိုပါကော်မတီ၏ စိစစ်ထောက်ခံမှုနှင့်အတူ နိုင်ငံတော်သမ္မတရုံးကိုလည်း တင်ပြဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်၊ ဆုံးဖြတ်ချက်များနှင့် အညီ ရရှိပြီးဆိုပါက မိမိတို့ပြဋ္ဌာန်းထားချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်သွားပြီး တစ်နိုင်ငံလုံးတစ်ပြေးညီ ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေဖြစ် ကြောင်း၊
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး၏ အင်းတော်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို မြေအသုံးချမှုလယ(၃၀) လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး လယ်ယာမြေပေါ်တွင် ငါးမွေးမြူရေးလုပ်ကိုင်လျက်ရှိပြီး အခြားနည်းအသုံးပြုခွင့်မရရှိသေးသည့် ငါးမွေးမြူသူများအနေဖြင့် ဥပဒေနှင့်အညီ လျှောက်ထားဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ယင်းအပေါ် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု မရှိသူများအတွက်ကိုမူ ထိုက်သင့်သည့်ဒဏ်ကြေးငွေများ ချမှတ်ခြင်း၊ ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်းတို့ကို တစ်နိုင်ငံလုံးတစ်ပြေးညီ ဆောင်ရွက်သွားနိုင်ရန် စီမံထားရှိပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဒေါက်တာဒေါ်ပြုံး (အင်းတော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
လျှောက်ထားရာတွင် လျှောက်ထားမှုအဆင့်ဆင့်နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ပိုင်ခွင့် အဆင့်ဆင့်ကို ဖြေကြားသွားပါကြောင်း၊ မိမိမေးမြန်းချင်သည်မှာ နိုင်ငံနှင့်အဝန်း တစ်ပြေးညီချမှတ် ထားသည့် ဒဏ်ကြေးများသည် ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် တစ်ဧက ၁၀ သိန်းထက်မနည်းမှာ မြေကြီးသည် အင်မတန်ကောင်းသည့်အတွက် ပေးဆောင်ရတာလွယ်ကူပါ ကြောင်း၊ မိမိတို့လို ကျေးလက်တောင်သူများအတွက် တစ်ဧက ၁၀ သိန်းအထက်ဆိုသည်မှာ အင်မတန် ခက်ခဲနေပါကြောင်း၊ ထို့ကြောင့် မိမိ၏အကြံပေးချက်အတိုင်း တိုင်းဒေသကြီးအစိုးရ၊ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်းပြီး စီမံချက်တစ်ရပ်ရေးဆွဲပြီး ငါးမွေးတောင်သူများကို ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီး နိုင်ငံတော်၏အခွန်အခများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ဆက်စပ်မေးမြန်းခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မိမိတို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် အခြားနည်းကိုခွင့်ပြုချက်မရရှိဘဲ သုံးစွဲသည့်အခါ ဒေသအလိုက်ပြစ်ဒဏ်ချမှတ်၍ ဒဏ်ကြေးချမှတ်ပြီး ဆောင်ရွက်မှုသည် နေရာဒေသပေါ်မူတည်ပြီး ကွဲပြားခြားနားမှုရှိပါကြောင်း၊ မြန်မာပြည်အထက်ပိုင်းတွင် ၁၀ သိန်း၊ တချို့တိုင်းဒေသကြီးများတွင် သိန်း ၁၅၀၊ ၁၈၀၊ ၂၀၀ စသည်ဖြင့် မြေအပေါ်မူတည်ပြီး အခြားနည်းအားလုံးအတွက် ပြစ်ဒဏ်ချမှတ် သည့်ကိစ္စဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းတွင်ပါသည့် အောက်ခြေတွင် တကယ့်ငါးမွေးမြူရေးလုပ်ငန်းနှင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်းဘဝကို ထူထောင်နေကြသည့် သူများအတွက် ထိုက်သင့်သည့် ဒဏ်ကြေးဖြစ်ရန် မိမိတို့ အစီအမံရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကို အစီအမံသဘောတူခွင့်ပြုနိုင်ရန်အတွက် တင်ပြထားပြီးဖြစ်သည့်အတွက် မကြာခင် အားလုံးအဆင်ပြေသည့် အခြေအနေမျိုး ဖန်တီးဆောင်ရွက်သွားနိုင်မည်ဆိုသည့်အကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
