(ဂ)-ကျိုင်းတုံမြို့၊ နောင်ခမ်းကန်အား ကန်ပေါင်ရိုးကျောက်စီ မြေထိန်းနံရံပြုလုပ်ခြင်းနှင့် ကန်ပတ်လည် ကွန်ကရစ်လမ်းခင်းခြင်းအတွက် ရန်ပုံငွေချပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၀.၆.၂၀၁၈)

 

ကျိုင်းတုံမြို့ရှိ နောင်ခမ်းကန်သည် အမှတ်(၃)ရပ်ကွက် လေယာဉ်ကွင်းဘေးမှာတည်ရှိပြီး အကျယ်အားဖြင့် ခြောက်ဧကကျော် ကျယ်ဝန်းပါကြောင်း၊ ကန်အတွင်း သာသနာ့ဗိမာန်တော်နှင့် စေတီတစ်ဆူတည်ထားသည့် အတွက် မြို့ကျက်သရေဆောင် ကန်တစ်ကန်လည်းဖြစ်ပါကြောင်း၊ ကျိုင်းတုံမြို့သို့ လေယာဉ်လမ်းကြောင်းမှ ရောက်ရှိလာသော ပြည်တွင်းပြည်ပဧည့်သည်များ၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းကြောင်းများအားလုံး နှင့် မိုင်းလားသို့သွားရောက်မည့်ဧည့်သည်တော် များသည် ၎င်းကန်အားမဖြစ်မနေ ဖြတ်သန်းရမည်ဖြစ်ပါကြောင်း၊ ၎င်းကန်အနီးနှင့် လေယာဉ်ကွင်းလမ်း AH-3 လမ်းပေါ်တွင် နိုင်ငံခြားသားများလာရောက်တည်းခိုနိုင်သည့် Motel များရှိပြီး ကျိုင်းတုံမြို့သို့ရောက်ရှိ လာသော ပြည်တွင်းပြည်ပဧည့်သည်တော်များသည် သာသနာ့ဗိမာန် တော်သို့ လာရောက်လေ့လာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးလေ့ရှိသောနေရာလည်းဖြစ်ပါကြောင်း၊ ယခုအခါ နောင်ခမ်းကန်ပတ်လည်နှင့် သာသနာ့ဗိမာန်ပတ်လည်ရှိ မြေသားတာပေါင်များ ပဲ့ကျခြင်းများကြောင့် အောက်ခြေကမ်းပါးများပြိုကျခြင်း နှင့်ကွန်ကရစ်လူသွားလမ်းများပဲ့ကျခြင်းများဖြစ်ပေါ်ပြီး ကန်၏အလှကို ပျက်စီးနေပါကြောင်း၊ ထို့ကြောင့် ကျိုင်းတုံမြို့၏ကျက်သရေဆောင် နောင်ခမ်းကန် ရေရှည်တည်တံ့ခိုင်မြဲ နိုင်ရေးအတွက် ကန်ပတ်ပတ်လည် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းနှင့် ကန်ပတ်လည် ကွန်ကရစ်လမ်း ခင်းခြင်းဆောင်ရွက်မည်ဆိုပါက ကန်ပက်လည်ကို ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းများသည် ပေ အရှည် အားဖြင့်  ၂၈၅၀ ပေရှိပြီး ကုန်ကျမည့်ခန့်မှန်းငွေ ၁၉၇၂ သိန်း၊ ကန်ပက်လည်ကွန်ကရစ် ခင်းခြင်း လုပ်ငန်း (၁၀၇၅ ပေx ၁၀ ပေ)နှင့် (၅၂၅ ပေx ၁၄ ပေ)အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၅၅၈ သိန်း၊ စုစုပေါင်းခန့်မှန်းကုန်ကျငွေ ကျပ် ၂၅၃၀ သိန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းကုန်ကျငွေများအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကူညီပံံ့ပိုးဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


     

ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်
အဖြေ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အပိုင်း(၁)တွင် မူလဝင်ငွေလျာထားချက်ကို ငွေကျပ် သိန်း ၁၀၆၇၀ လျာထားဆောင်ရွက်ရန်ရှိပါကြောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် သုံးစွဲမည့် လုပ်ငန်းများမှ ကတ္တရာတစ်လမ်း၊ ကျောက်ချောလေးလမ်းခင်း၊ ကွန်ကရစ်နှစ်လမ်း၊ မြေသားနှစ်လမ်း၊ Box Culvert ၁၇ စင်းတည်ဆောက်ခြင်း၊ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း၊ မြို့တွင်းလမ်းပေါက်များဖာခြင်းနှင့် မြို့ရေ ပေးရေးလုပ်ငန်း ၁၀ ခု၊ ရေမြောင်းပြုလုပ်ခြင်းနှင့် အင်ဂျင်နီယာလုပ်ငန်းသုံးယာဉ် ဝယ်ယူရန်တို့အတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သိန်းပေါင်း ၅၃၉၅ သိန်းကျော် ထည့်သွင်းလျာထားပါကြောင်း၊ ကျိုင်းတုံ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နောင်ခမ်းကန်၊ ကန်ပေါင်ရိုးကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း ၂၈၅၀ ပေ ခန့်မှန်းကုန်ကျငွေ ကျပ် ၁၉၇၂ သိန်းနှင့် ကန်ပတ်လည်ကွန်ကရစ် လမ်းခင်းခြင်း(၁၀၇၅ ပေ x ၁၀ ပေ)၊ (၅၂၅ ပေ x ၁၄ ပေ)ခန့်မှန်းကုန်ကျငွေကျပ် ၅၅၈ သိန်း စုစုပေါင်းခန့်မှန်းကုန်ကျငွေကျပ် ၂၅၃၀ သိန်း အတွက်  ယခုလာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အပိုင်း(၂)တွင် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားပြန်လည် ဖြေကြားခဲ့ပါသည်။