အုန်းပင်ခြံ၊ မုန့်ပေါင်း၊ သပြေရိုး၊ ညောင်ပင်ကြီးကျေးရွာချင်းဆက်လမ်းသည် ၄ မိုင် ၃ ဖာလုံရှည်လျား ပါကြောင်း၊ ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လွှဲပြောင်းလက်ခံရယူခဲ့သော် ထိုသို့ လွှဲပြောင်းယူစဉ် ကာလမတိုင်မီကပင် ကတ္တရာလမ်းအသွင်မရှိဘဲ မြေသားလမ်းအဖြစ်သာ မြင်တွေ့နေရပြီးဖြစ်ပါကြောင်း၊
၎င်းကျေးလက်လမ်းပိုင်းသည် မီးသွေးဖိုကျေးရွာအုပ်စုမှ ခုနစ်ရွာခန့်၊ ဒေါင်းကြီးခွေကျေးရွာအုပ်စုမှ ငါးရွာ၊ ဧည့်ပြကျေးရွာအုပ်စုမှ သုံးရွာ၊ မုန့်ပေါင်းကျေးရွာအုပ်စုမှ နှစ်ရွာ စသည်ဖြင့် ကျေးရွာပေါင်း ၂၀ ခန့်နှင့် ကျေးရွာသူကျေးရွာသားများ၊ ထိုကျေးရွာရှိ စာသင်ကျောင်းများတွင် တာဝန်ကျနေသော ဆရာဆရာမများနှင့် အခြေခံပညာကို သင်ယူနေကြသော ကျောင်းသူကျောင်းသားများ၏ ဆက်သွယ် သွားလာရေးအတွက် လွန်စွာအသုံးဝင်အရေးပါသော လမ်းပိုင်းဖြစ်ပါကြောင်း၊
စဉ့်ကိုင်မြို့နယ်အတွင်း တအုံကျေးရွာရှိ မန္တလေးကွန်ပျူတာတက္ကသိုလ်(တအုံ)နှင့် တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်များတွင် ပညာသင်ယူနေလျက်ရှိသော စဉ့်ကိုင်မြို့နယ်နှင့်အနီး ပတ်ဝန်းကျင် မြို့ရွာများမှ တက္ကသိုလ်ကျောင်းသားကျောင်းသူများအနေဖြင့် ယာဉ်အန္တရာယ် များပြားလာသော ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးကို ရှောင်ကွင်းပြီး ၎င်းကျေးလက်လမ်းမှ တစ်ဆင့် သွားလာနိုင်သည့် အတွက် ပိုမိုအန္တရာယ်ကင်းလွယ်ကူချောမောစေခြင်း၊ မက္ခရာရှေးဟောင်းဒေသ၊ မက္ခရာမြို့ဟောင်းနှင့် မက္ခရာသမိုင်းဝင် ရှေးဟောင်းစေတီတော်များကို လာရောက်ဖူးမြော်လေ့လာကြသည့် အနယ်နယ် အရပ်ရပ်က ဘုရားဖူးဧည့်သည်များ၊ ဧည့်ပြကျေးရွာအုပ်စု ကျွန်းဦးရွာတွင် တည်ထောင်ထားသော မာဃပရဟိတဘုန်းတော်ကြီးသင်မူလတန်းကျောင်းရှိ မိဘမဲ့တိုင်းရင်းသားကိုရင်သာမဏေအပါး ၁၀၀ ကျော် စာပေ သင်ကြားလျက်ရှိရာ အဆိုပါကျောင်းသို့ လာရောက်လှူဒါန်းကြသည့် အနယ်နယ်အရပ်ရပ်မှအလှူရှင်များသည် အဆိုပါကျေးလက်လမ်းပိုင်းမှ တစ်ဆင့်လာရောက်ကြရခြင်း ဖြစ်ရာ ထိုကဲ့သို့ အလွန်အသုံးဝင်လမ်းပိုင်းဖြစ်ခြင်းကြောင့် ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်ကပင် ကတ္တရာလမ်းအဆင့်ခင်းပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် နှစ်အနည်းငယ်အတွင်း ပျက်စီးခဲ့ခြင်းကြောင့် မြေသားလမ်းကဲ့သို့ဖြစ်ခဲ့သည်မှာ ၁၀ စုနှစ်တိုင်နေပြီဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ စဉ့်ကိုင်မြို့နယ်ရှိ အုန်းပင်ခြံ၊ မုန့်ပေါင်း၊ သပြေရိုး၊ ညောင်ပင်ကြီးကျေးရွာချင်း ဆက်လမ်းသည် ဒေသအတွက် လွန်စွာအသုံးဝင်အရေးပါသောလမ်းဖြစ်ခြင်း၊ လက်ရှိလမ်း၏အခြေအနေမှာ ဆိုးရွားစွာ ပျက်စီးနေသဖြင့် အမှန်တကယ်ပြုပြင်ရန်လိုအပ်ခြင်း၊ သွားလာရခက်ခဲသည့် ဒုက္ခကိုခံစားနေကြရသည့် မဲဆန္ဒရှင်ပြည်သူများကလည်း လိုလားတောင့်တနေကြခြင်းတို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မူလရှိခဲ့ဖူးသောကတ္တရာလမ်းအဖြစ် ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ အုန်းပင်ခြံ-မုန့်ပေါင်း- သပြေရိုး-ညောင်ပင်ကြီးကျေးရွာချင်းဆက်လမ်းအရှည် ၄ မိုင် ၃ ဖာလုံသည် ကျောက်ဆည်-စဉ့်ကိုင်- မန္တလေးလမ်းမကြီးနှင့်ဆက်သွယ်သော ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် မူလက ကတ္တရာလမ်းဖြစ်ပြီး ယခုအခါ ပျက်စီးနေပါသဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန်အတွက် ပထမဦးစားပေး ကတ္တရာလမ်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ခန့်မှန်းကုန်ကျငွေကျပ် ၇၆၁.၉၈၉ သန်းကို လျာထားထည့်သွင်းပြီးဖြစ်ပါကြောင်း၊
အဆိုပါ အုန်းပင်ခြံ-မုန့်ပေါင်း-သပြေရိုး-ညောင်ပင်ကြီး ကျေးရွာချင်းဆက်လမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(A)တွင် ပါဝင်သည့်အတွက် လတ်တလော အဆင်ပြေစေရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ပြုပြင် ထိန်းသိမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နဂိုမူလကတ္တရာလမ်းအဆင့်ရောက်ရှိစေရန် နှစ်အလိုက်ရန်ပုံငွေတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍း ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
