ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဟမ်းငိုင်းအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သည် ဟမ်းငိုင်းကျေးရွာနေ အိမ်ထောင်စု ၁၄၀ နှင့် အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၂၇ ရွာ၊ အိမ်ထောင်စု ၁၂၇၅ စုတို့မှ အဓိက အားထားရသော စာသင်ကျောင်းတစ်ကျောင်း ဖြစ်ပါကြောင်း၊ ဟမ်းငိုင်းအခြေခံပညာအထက်တန်း ကျောင်းခွဲသည် မိုင်းကိုင်အခြေခံပညာအထက်တန်းကျောင်းနှင့် ၂၇ မိုင်၊ ဒုံလော အ.ထ.က(ခွဲ)နှင့် ၂၇ မိုင် ကွာဝေးပြီး ဒေသတွင်းကျေးရွာများမှ ကျောင်းသားကျောင်းသူ ၅၀၀ ဦးခန့်သည် မူလတန်းပညာ ရေးပြီးမြောက်ပါက ဟမ်းငိုင်း အ.လ.က(ခွဲ)သို့ ဆက်လက်တက်ရောက် ပညာသင်ကြားကြရ မည်ဖြစ်ပါကြောင်း၊ ဒေသအတွင်းလမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကျေးရွာတစ်ရွာနှင့်တစ်ရွာ အလှမ်းကွာဝေးခြင်းနှင့် ဒေသအခြေအနေအရ ဟမ်းငိုင်း အ.လ.က(ခွဲ)အား အ.လ.က အဆင့်သို့တိုးမြှင့်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အကယ်၍ ဟမ်းငိုင်း အ.လ.က (ခွဲ)အား အ.လ.ကအဖြစ် အဆင့်တိုးမြှင့်ခွင့်ပြုပေးမည်ဆိုပါက ဒေသအတွင်းကျေးရွာများမှ ကျောင်းသား ကျောင်းသူများအတွက် အဆင့်ဆင့်ပညာရေးကို အလွယ်တကူတက်ရောက်သင်ယူနိုင်ခြင်း၊ ပညာရေးအသုံးစရိတ်သက်သာစေခြင်း၊ ကျောင်းနေအရွယ် ကလေးများ ပညာရေးအခွင့်အလမ်း ပိုမိုလက်လှမ်းမီစေပြီး ကျောင်းထွက်နှုန်းများမှာလည်း လျော့ကျ လာမည်ဖြစ်သည့်အတွက် ပညာရေးဌာန၏ကျောင်းအဆင့်တိုးမြှင့်ရန် သတ်မှတ်စံချိန်စံညွှန်းများအား ဒေသအခြေအနေအရ ဖြေလျှော့မှုများပေး၍ ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်ပါရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဟမ်းငိုင်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အလယ်တန်းကျောင်းအဖြစ် စံသတ်မှတ်ချက်များအား ဖြေလျှော့၍ အဆင့်တိုးမြှင့်သတ်မှတ်ပေးနိုင်ပါရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၈-၁၉ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၆၃၈၆ ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့သည့်အနက် ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှ အခြေခံပညာအလယ်တန်း ကျောင်း တစ်ကျောင်းပါဝင်ပါကြောင်း၊ အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်း ကျောင်းအဆင့် တိုးမြှင့်ရန် ကျောင်းသား ကျောင်းသူဦးရေ ၂၄၀ ဦးအထက် ရှိရန်သို့မဟုတ် ခရီးသွားလာမှုအရ မြေပြန့် ၃ မိုင်၊ သွားလာရေးခက်ခဲသည့် နေရာများအတွက် ၂ မိုင်ဟူ၍ သတ်မှတ်ထားပါကြောင်း၊
မိုင်းကိုင်၊ ဟမ်းငိုင်းကျေးရွာအလယ်တန်းကျောင်း(ခွဲ)သည် ကျောင်းသားကျောင်းသူ ၁၀၂ ဦးသာ ရှိသည့်အတွက် ကျောင်းသားကျောင်းသူဦးရေသတ်မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိသော်လည်း အနီးဆုံးပင်မကျောင်းဖြစ်သည် မိုင်းကိုင်အခြေခံပညာအထက်တန်းကျောင်းနှင့် ခရီးမိုင် အကွာအဝေး သည် ၂၇ မိုင်ဖြစ်ခြင်းကြောင့် ကျောင်းအဆင့်တိုးမည်ဆိုပါက ပညာသင်ယူခွင့် အခွင့်အလမ်း ပိုမိုအဆင်ပြေချောမွေ့မည်ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် အဆိုပါကျောင်းအဆင့်ကို တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
