(ဃ)-မာန်အောင်မြို့နယ်၊ ကျောက်တန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၈.၆.၂၀၁၈)

 

မာန်အောင်မြို့နယ်၊ ကျောက်တန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ်သို့လည်းကောင်း၊ ဆားချက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း ခွဲအား အခြေခံပညာအလယ်တန်းကျောင်းအဖြစ်သို့လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျောက်တန်း(အ.မ.က)ကို ၁၉၉၁ ခုနှစ်တွင် အ.လ.ကအဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရခိုင်ပြည်နယ် ပညာရေးမှူး၏ ခွင့်ပြုချက်ဖြင့် အ.ထ.က(ခွဲ)သို့ အဆင့်တိုးမြှင့်ပေးခဲ့သည်မှာ ၁၀ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ကျောက်တန်း အ.ထ.က(ခွဲ)သည် မြို့နှင့် ငါးမိုင်ကွာဝေးပါကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာ ၁၄ ရွာရှိပြီး အထက်တန်းကျောင်းသား ၁၂၈ ယောက်၊ အလယ်တန်းကျောင်းသား ၂၅၁ ယောက်နှင့် မူလတန်း ကျောင်းသား ၃၂ ယောက်၊ စုစုပေါင်းကျောင်းသား ၄၁၁ ဦးရှိပါကြောင်း၊ ဆားချက်(အ.မ.က)ကို ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မူလွန်အဆင့်သတ်မှတ်ခဲ့ပြီး  ၂၀၁၀ ခုနှစ်မှာ အ.လ.က(ခွဲ) အဖြစ်သို့တိုးမြှင့်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊ ဆားချက်ကျေးရွာသည် မြို့နှင့် ၁၇ မိုင်၊  ပင်မ သာယာကုန်းကျေးရွာ အ.ထ.က(ခွဲ)နှင့် ရှစ်မိုင်ဝေးပြီး တိုက်နယ်ဆေးရုံ နှင့် ရဲစခန်းရှိပါကြောင်း၊ အိမ်ခြေ ၃၈၁ အိမ်ရှိပြီး ပတ်ဝန်းကျင်ကျေးရွာ ခြောက်ရွာမှ ကျောင်းသားကျောင်းသူများ လာရောက် ပညာသင်ကြားလျက် ရှိပြီး မူလတန်းကျောင်းသား ၇၈ ယောက်နှင့် အလယ်တန်းကျောင်းသား ၉၄ ယောက် စုစုပေါင်း ၁၇၂ ယောက် ပညာသင်ကြားလျက်ရှိကြပါကြောင်း၊ ဆားချက် အ.လ.က(ခွဲ)ကို ၂၀၁၈ခုနှစ်၊ ဇွန်လဆန်းတွင် အ.လ.ကအဆင့်သို့  တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည့်အတွက် နယ်မြေခံလူထုမှ ပညာရေးဝန်ကြီးဌာနကို ကျေးဇူးတင်ရှိလျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျောက်တန်း အ.ထ.က(ခွဲ)ကို အ.ထ.က အဆင့်သို့ ယခု ၂၀၁၈ ခုနှစ်အတွင်း အဆင့်တိုးမြှင့်ပေးရန်  အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းသွားပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနမှ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းပေါင်း ၆၃၈၆ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊  ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အခြေခံပညာမူလတန်း လွန်ကျောင်း တစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ တစ်ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း လေးကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ခြောက်ကျောင်းကို ကျောင်းအဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊  မာန်အောင်၊ ကျောက်တန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ တွင် အထက်တန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၁၂၈ ဦးရှိပြီး အနီးဆုံး ပင်မကျောင်း ဖြစ်သည့် မာန်အောင်အခြေခံပညာ အထက်တန်းကျောင်းနှင့် ငါးမိုင်သာ ကွာဝေးပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ချက်ဖြစ်သည့် ကျောင်းသားဦးရေ ၂၀၀ နှင့် သတ်မှတ်ချက်ထက် ခရီးမိုင်အကွာအဝေးဖြစ်သည့်  ၁၀ မိုင်နှင့်လည်း မကိုက်ညီသည့် ကျောက်တန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲကို အထက်တန်းအဆင့်ပညာသင်ယူနိုင်သည့် အထက်တန်း ကျောင်းခွဲဖြစ်သည့် အတွက် ၂၀၁၈-၁၉ ပညာသင် နှစ်အတွင်း ကျောင်းအဆင့်တိုးမြှင့်ပေးဖို့အတွက် အစီအစဉ်မရှိသေးပါကြောင်းနှင့် မာန်အောင်မြို့နယ်၊ ဆားချက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲကို အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် အတွက် ကျောင်းသားကျောင်းသူဦးရေ ၉၄ ဦးသာ ရှိသော်လည်း ပင်မကျောင်းဖြစ်သည့် သာယာကုန်း အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ရှစ်မိုင်ခန့် ကွာဝေးပြီး ခရီးမိုင်အကွာအဝေး သတ်မှတ်ချက် နှင့် ကိုက်ညီသည့်အတွက် ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။