လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြား၍ တက်ရောက်လာကြတဲ့ ဧည့်သည်တော်ကြီးများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် ဖြစ်ပါတယ်။ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်တဲ့ပညာရေးစီမံခန့်ခွဲမှု (Good Educational Mangement) သည် အဓိကမောင်းနှင်အားဖြစ်ပေါ်နေတဲ့ ယန္တရားကြီးတစ်ခုဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ခါမှာ ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ထွန်းသစ်စစက်မှုနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဟာ နိုင်ငံတော်တည်ဆောက်ရေး ရည်မှန်းချက်နဲ့ ပညာရေးတိုးတက်ဖွံ့ဖြိုးအောင် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမှုများကို အစီအမံများနဲ့ စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိတာတွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ထဲမှာ ဆိုရင်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတော်မှာ ဘက်စုံထောင့်စုံ ကျေးလက်ဒေသမြို့ပြမကျန် အားလုံးတိုးတက်ဖွံ့ဖြိုးနိုင်ဖို့အတွက် မိမိတို့သိရှိထားသော ကိစ္စရပ်များတင်ပြနိုင်ဖို့အတွက်ကို ရေးရာ ကော်မတီအသီးသီးကို သင့်တင့်လျောက်ပတ်တဲ့ ကိုယ်စားလှယ်တော်ကြီးများနဲ့ အမြော်အမြင်ကြီးမား တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ဦးဆောင်ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်ထဲမှာပြန်ကြည့်ရင် ဒီနေ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာဝန်များကို တစ်နံတစ်လျား ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်ကြီးများ၊ နိုင်ငံတော်ရဲ့တာဝန်ကို မိမိတို့တတ်ထားတဲ့ ပညာနဲ့ အသိပညာတွေ၊ အတတ်ပညာတွေ ထမ်းဆောင်ခဲ့တဲ့ပညာရှင်ကြီးများ နောက်ပြီး စီးပွားရေးအတွေ့အကြုံ ရင့်ကျက်တဲ့ စီးပွားရေးပညာရှင်လူငယ်များ ပါဝင်ပါတယ်။ ဒါ့အပြင် အသက်အရွယ်အားဖြင့် ကြီးရင့်ပြီး ဘဝအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်များလည်း ပြည်သူ့လွှတ်တော်ထဲမှာ အစုံအလင်ရှိပါတယ်။ ဒီလိုရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို စုစည်းပြီးတော့မှ ခုနက ကျွန်တော်တင်ပြသလို အမြော်အမြင် ကြီးမားပြီး တည့်မတ်မှန်ကန်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ဦးဆောင်ပြီး ဖွဲ့စည်းပေးထားတဲ့ ရေးရာကော်မတီတွေဟာ ဒီနေ့ ပြည်သူ့လွှတ်တော်ထဲမှာ တင်သင့်တဲ့ ဥပဒေတွေကို တင်၊ ပြင်သင့်တဲ့ ဥပဒေတွေကို ပြင်၊ အဆိုတင်သွင်းတဲ့ကိစ္စတွေကို အဆို တင်သွင်းပြီး လွှတ်တော်ရဲ့တာဝန်ဖြစ်တဲ့ ဥပဒေပြုရေးတာဝန်ကို တိတိကျကျနဲ့ဆောင်ရွက်နေတာ အရှိန်အဟုန်ရရှိနေပြီဖြစ်ပါတယ်။ ထိုနည်း တူစွာပဲ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံတကာစံနှုန်းများနှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်နိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ အသိပညာရှင်များ၊ ဘက်စုံအတတ်ပညာရှင်များ၊ အဖွဲ့အစည်းပေါင်းစုံပါဝင်ပူးပေါင်းပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများပြုလုပ်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရကဦးဆောင်ပြီးတော့ အမျိုးသားအဆင့် ဘက်စုံပညာရေးနှီးနှောဖလှယ်ပွဲကြီး တစ်ရပ်ကို ကျင်းပပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် အထူးသင့်တော်မယ်လို့ ထင်မြင် ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ နိုင်ငံတော်မှဦးဆောင်၍ ဘက်စုံ ပညာရေးနှီးနှောဖလှယ်ပွဲကြီးတစ်ရပ်ကို ကျင်းပပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုသည် ။
မင်္ဂလာပါခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မွန်ပြည်နယ်၊ ပေါင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ရဲ့ ပညာရေးဆိုင်ရာမေးမြန်းချက် နှင့်စပ်လျဉ်းပြီး ကျွန်တော် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ရှင်းလင်းဖြေကြား တင်ပြသွားမှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၁၉၉၈ ခုနှစ်မှစပြီး ပညာရေးမြှင့်တင်မှု အစီအစဉ်ဆိုင်ရာဆွေးနွေးပွဲများကို နှစ်စဉ်ကျင်းပပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါသည်။ အမျိုးသားပညာရည်မြင့်မားရေးနှစ် ၃၀ နှစ်ရှည်စီမံကိန်းကို အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍအလိုက် ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ ၂၀၃၀-၂၀၃၁ ပညာသင်နှစ်အထိ ရေးဆွဲချမှတ်ပြီး ကဏ္ဍအလိုက် စီမံခန့်ခွဲရေး၊ သင်ကြားရေးနှင့် ပညာရည်စစ်ဆေးတိုင်းတာရေးဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရှင်ကြီးများပါဝင်တဲ့ အမျိုးသားပညာရည်မြင့်မားရေး နှီးနှောဖလှယ်ပွဲများကို နှစ်စဉ် ဧပြီလကုန်ပိုင်းတွင် ကျင်းပပေးလျက်ရှိပြီး လာမည့်ပညာသင်နှစ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။ အခုတင်ပြချက်ကတော့ ယခင်အစဉ်အဆက် ဆောင်ရွက်ခဲ့တာကို အကျဉ်းတင်ပြခြင်းဖြစ်ပါတယ်။ လောလောဆယ်အနေနဲ့ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနဲ့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ နိုင်ငံတော်အဆင့် ပညာရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးမှုဆိုင်ရာမူဝါဒ ရွေးချယ်ချမှတ်ရေးညီလာခံကို ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီညီလာခံကနေပြီးတော့ နိုင်ငံတကာဆောင်ရွက်မှုအတွေ့အကြုံများနှင့် ပေါင်းစပ် ဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးညှိနှိုင်းချက်များ အရ ပညာရေးကဏ္ဍလေ့လာဆန်းစစ်ရေး (Education Center Study) အစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိကျင်းပခဲ့ပြီး အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍ အလိုက် လိုအပ်ချက်များ၊ အားနည်းချက်များကို ဖော်ထုတ်ခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် ဖြည့်ဆည်း ပေးရမယ့် ကုန်ကျစရိတ်ငွေများကို တွက်ချက်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် လေ့ကျင့်ပေးရန် လိုအပ်ချက်များလျာထားခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပညာရေးစေတနာရှင်များပူးပေါင်း၍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ လောလောဆယ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်မှ ယနေ့ ဧပြီလ ၂၅ ရက်နေ့အထိ အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍအလိုက် အမျိုးသားပညာရည်မြင့်မားရေးနှီးနှောဖလှယ်ပွဲများ ဆက်လက်ကျင်းပပေးလျက်ရှိပြီး စီမံခန့်ခွဲမှု အဆင့်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း၊ အားနည်းချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။ သို့ပါ၍ နိုင်ငံတကာနှင့် ပြည်တွင်းကျွမ်းကျင်ပညာရှင်များ ပညာရေးဆိုင်ရာ တာဝန်ရှိသူများပါဝင်တဲ့ နိုင်ငံတော်အဆင့် အမျိုးသားပညာရည်မြင့်မားရေးဆိုင်ရာညီလာခံကို ကျင်းပ ပေးခဲ့ပြီးဖြစ်ပါတယ်။ လုပ်ငန်းကဏ္ဍအလိုက် လေ့လာဆန်းစစ်၍ မြှင့်တင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိခြင်း၊ အမျိုးသားပညာရည်မြင့်မားရေးနှီးနှောဖလှယ်ပွဲများကို နှစ်စဉ်ကျင်းပ၍ စီမံခန့်ခွဲမှု အဆင့်အလိုက်တာဝန်ရှိသူများက အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်နိုင်ရန် စီစဉ်ထားခြင်းတို့ကြောင့် လောလောဆယ်တွင် အမျိုးသားအဆင့်ပညာရေးနှီးနှောဖလှယ်ပွဲတစ်ရပ်ကို ထပ်မံကျင်းပပေးရန် အစီအစဉ်မရှိသေးပါကြောင်း လေးစားစွာတင်ပြဖြေကြားထားပါသည် ။
