လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေလို့ ကျွန်တော် စမ်းချောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါ တယ်။ ကျွန်တော်ကနေ့ မေးခွန်းတစ်ခုကိုမေးလိုပါတယ်။ ကျွန်တော်မေးလိုတာကတော့ အဓမ္မ စေခိုင်းခြင်းဆိုင်ရာပုဒ်မ ၃၅၉ နှင့်စပ်လျဉ်း၍မေးမြန်းခြင်းဖြစ်ပါတယ်။ ယခုအခါ နိုင်ငံတော်သည် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဆင်းရဲ မွဲတေမှုလျော့ပါးရေးကိစ္စတို့ကို အလေးထားဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ ထိုသို့ ဒီမိုကရေစီခေတ် သို့ကူးပြောင်းနေချိန်တွင် နိုင်ငံသားတို့ အခွင့်အရေးနဲ့ လူနေမှုဘဝတိုးတက်စေရေးတို့အတွက် အခကြေးငွေပေးစေခိုင်းခြင်းဖြင့် လုပ်ခဝင်ငွေရရှိစေပြီး အလုပ်လက်မဲ့လျှော့ချရေးတို့ကိုပါ တစ်ပါတည်း ဖြည့်ဆည်းပေးရာရောက်မည် ဖြစ်ပါတယ်။ ထို့ကြောင့် အခြေခံဥပဒေပုဒ်မ ၃၅၉ အရ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနဲ့အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်း ခြင်းကို တားမြစ်သည်ဟု ပြဋ္ဌာန်းထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့ ဥပဒေကျူးလွန်၍ အပြစ်ဒဏ် ပေးခြင်းခံနေရသူများအပေါ်၌ပင် အဓမ္မစေခိုင်းခြင်းကို ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်ဟု ပြဋ္ဌာန်းထားရှိပေးထားပါတယ်။ သို့ဖြစ်ပါ၍ ဤဒီမိုကရေစီ ခေတ်တွင် လူ့သိက္ခာ၊ လူ့တန်ဖိုးအရ လုပ်အားပေးစနစ်ဖြင့် လူမှုလုပ်အားတို့ကို အခမဲ့ရယူသုံးစွဲခြင်း မျိုးမရှိအပ်တော့ပါ။ သို့ပါ၍ အခြေခံဥပဒေပုဒ်မ ၃၅၉ ပါ အများပြည်သူအကျိုးအတွက် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မခိုင်းစေခြင်းကိုတားမြစ်သည်ဟုပါရှိသည့်အတိုင်း ယင်းပုဒ်မပါ ပြဋ္ဌာန်းချက်များအား ဝန်ကြီးဌာနအသီးသီးမှ မည်ကဲ့သို့လိုက်နာဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ ပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း၏ မေးမြန်းချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြလိုပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၉ တွင် နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက်ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မခိုင်းစေခြင်းကိုတားမြစ်သည်ဟု ပါရှိပါတယ်။ အဓမ္မခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ် ၂၉ ၏အပိုဒ် ၂ (၁) တွင် အဓမ္မခိုင်းစေမှုဆိုသည်မှာ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှမဆို ကာယကံရှင်၏ ဆန္ဒအလျောက်ကမ်းလှမ်းခြင်း မဟုတ်ဘဲ အကျိုးစီးပွားထိခိုက်ဆုံးရှုံးစေမည်ဟု ခြိမ်းခြောက်၍ ထိုသူ၏လုပ်အားကို အတင်းအကျပ် ရယူသော အလုပ် သို့မဟုတ် ဝန်ဆောင်မှုအားလုံး အကျုံးဝင်ပါကြောင်း ဖော်ပြထားပါတယ်။ သို့ရာ တွင် ပြဋ္ဌာန်းချက်၏ အပိုဒ် ၂(၂) တွင် အောက်ဖော်ပြပါကိစ္စရပ်များသည် အဓမ္မခိုင်းစေမှု အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် အကျုံးမဝင်စေရပါဟု ဖော်ပြထားပါတယ်။ စစ်မှုမထမ်းမနေရဥပဒေများအရ စစ်မှုရေးရာနှင့်သာ သီးခြားသက်ဆိုင်သော အလုပ် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းစသည်များ၊ တရားဥပဒေအရ ပြစ်ဒဏ်ကျခံရသည့် မည်သည့်ပုဂ္ဂိုလ်ထံမှမဆို မည်သည့်အလုပ် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းမဆိုထမ်းဆောင်ရန် လုပ်အားရယူခြင်း၊ ထိုသို့လုပ်အားရယူရာတွင် ပြည်သူ့ အာဏာပိုင်၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင်သာ တာဝန်ထမ်းဆောင်စေပြီး ပြင်ပပုဂ္ဂိုလ်တစ်စုံ တစ်ယောက်ထံသို့လည်းကောင်း၊ ကုမ္ပဏီများထံသို့လည်းကောင်း၊ အဖွဲ့အစည်းများထံသို့လည်း ကောင်း ငှားရမ်းလုပ်ကိုင်မှုမပြုရခြင်း၊ ပြည်သူလူထု တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံး၏ နေထိုင်မှု ဘဝ သို့မဟုတ် ဘဝရပ်တည်မှုကို အန္တရာယ်ဖြစ်စေသည့် စစ်ဖြစ်ပွားနေစဉ်ကာလ၌သော်လည်းကောင်း၊ မီးဘေး၊ ရေဘေး၊ အငတ်ဘေး၊ ငလျင်ဘေး၊ ကူးစက်ရောဂါဘေး၊ တိရစ္ဆာန်နှင့် ပိုးမွှားသတ္တဝါများ နှောင့်ယှက်ဖျက်ဆီးမှုဘေးစသည့် ဘေးဒုက္ခဆိုက်ရောက်သော အရေးပေါ်အခြေအနေ၌လည်းကောင်း ကူညီဆောင်ရွက်ပေးရသည့် မည်သည့်အလုပ် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းမဆိုထမ်းဆောင်ခြင်း လူမှုအဖွဲ့အစည်း၏ တိုက်ရိုက်အကျိုးစီးပွားအတွက် အဆိုပါလူမှုအဖွဲ့အစည်းဝင်များက ထမ်းဆောင် လျက်ရှိသည့် သာမန်နိုင်ငံသားတစ်ဦး၏တာဝန်များအဖြစ်မှတ်ယူနိုင်သည့် လူမှုအဖွဲ့အစည်းဆိုင်ရာ သေးငယ်သောလုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်း၊ ထိုလုပ်ငန်းများ၏ လိုအပ်ချက်နှင့်ပတ်သက်၍ လူမှုအဖွဲ့အစည်းဝင်များ သို့မဟုတ် ၎င်းတို့၏ တိုက်ရိုက်ကိုယ်စားလှယ်များသည် ညှိနှိုင်းတိုင်ပင် ဆွေးနွေးတိုင်ပင်ခွင့်ရှိခြင်းတို့ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ် များကိုလေ့လာ၍ သဘာဝဘေးအန္တရာယ်ဟူသောစကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်ပါလျှင် သဘာဝ အလျောက်ဖြစ်စေ၊ လူတို့၏ပြုမှုဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုတ်ခတ်ခြင်း၊ ရေလွှမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းဖြစ်ပေါ်ခြင်း၊ ဆီးနှင်းပြိုကျခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ကမ်းပြိုခြင်း၊ ပင်လယ်ရေကြောင်းအန္တရာယ်ဖြစ်ပေါ်ခြင်း၊ ပိုးမွှားတိရစ္ဆာန်များကြောင့် စိုက်ပျိုးခင်းများ ပျက်စီးခြင်း၊ ငတ်မွတ်ခေါင်းပါးမှုဖြစ်ခြင်း၊ လူ သို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားခြင်း၊ အကြမ်းဖက် ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်း၊ စက်မှုလုပ်ငန်းကြောင့်ဖြစ်စေ၊ ဓာတုပစ္စည်းကြောင့် ဖြစ်စေ၊ အနုမြူကြောင့်ဖြစ်စေ၊ ရေနံယိုဖိတ်ခြင်းကြောင့်ဖြစ်စေ၊ သဘာဝဓာတ်ငွေ့များ ယိုစိမ့်ခြင်း ကြောင့်ဖြစ်စေ အန္တရာယ်ဖြစ်ပေါ်ခြင်းတို့ကြောင့် အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ ပစ္စည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အခြေခံအဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်ပျက်စီးမှုများကို သဘာဝဘေးအန္တရာယ် ဟု ခေါ်ဆိုကြပါတယ်။ အများပြည်သူအကျိုးအတွက်ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းဆိုသည်မှာလည်း အများပြည်သူအကျိုးနှင့် ဒေသခံပြည်သူများ၏အကျိုးကို လတ်တလော ထိခိုက်စေသည့် ဘေးအန္တရာယ်များကျရောက်သဖြင့် အရေးပေါ်အခြေအနေပေါ်ပေါက် သည့်အခါ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတိုင်းသည် ယင်းတို့အတွက် အရေးကြီးပြီး တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းဖြစ်စေရမည့်အပြင် ဒေသခံပြည်သူများအပေါ် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အလေးထားဆောင်ရွက်ရန်ဖြစ်ပါတယ်။ ထိုသို့ အရေးပေါ် အခြေအနေအတွက် တာဝန်ချထားရာတွင် အကျိုးသက်ရောက်သည့် နယ်မြေဒေသနှင့် အချိန်ကာလကို သတ်မှတ်ဖော်ပြမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ မဖြစ်မနေပါဝင်ဆောင်ရွက်ရန်လိုအပ်သော ကာလ သည် အရေးပေါ်အခြေအနေ၏လိုအပ်ချက်ထက် မကျော်လွန်စေရပါ။ ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ပါ၍ နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မခိုင်းစေခြင်းကိုတားမြစ်သည်ဟု ပါရှိသည့်အတိုင်း ဝန်ကြီးဌာနအသီးသီးမှ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားပါသည် ။
