လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊
ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ဖြစ်ပါတယ်။ လေးစားအပ် တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဝန်ကြီးဌာနမှ ကျောင်းဆောင်သစ်များဆောက်လုပ်ခြင်း လုပ်ငန်းတွင် ပြည်သူထည့်ဝင်ငွေဖြင့် ဆောက်လုပ်ခွင့်ပြုသောကျောင်းများ၏ ခွင့်ပြုငွေအား ကုမ္ပဏီများသို့ ဆောက်လုပ်ခွင့်ပြုသောကျောင်းများကဲ့သို့ ခွင့်ပြုငွေကိုချထားပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလို ကြောင်း မေးမြန်းလိုပါတယ်။ အကျိုးအကြောင်းဖော်ပြချက်အနေနဲ့ ပညာရေးဝန်ကြီးဌာနမှ ကျောင်း ဆောင်သစ်များ ဆောက်လုပ်ခြင်းတွင် ကုမ္ပဏီများအား ဆောက်လုပ်ခွင့်ပြုခြင်းနှင့် ဒေသခံ မိဘပြည်သူထည့်ဝင်ငွေဖြင့် ဆောက်လုပ်ခွင့်ပြုခြင်းရှိရာ ကုမ္ပဏီများမှ တည်ဆောက်ရန် ဌာနခွင့်ပြုငွေ မှာ အလျား ၄၀ ပေ၊ အနံ ၃၀ ပေ သစ်၊အုတ်ညှပ်သွပ်မိုး တစ်ထပ်ဆောင်အတွက် ၁၄၄ သိန်း၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ သစ်၊အုတ်ညှပ်သွပ်မိုး တစ်ထပ်ဆောင်အတွက် ၂၁၆ သိန်း၊ အလျား ၉၀ ပေ၊ အနံ ၃၀ ပေ အုတ်၊သစ်သွပ်မိုး တစ်ထပ်ဆောင်အတွက် ၃၂၄ သိန်းဖြစ်ပြီးတော့ ဒေသခံမိဘပြည်သူ ထည့်ဝင်ငွေနှင့် ကျောင်းဆောင်သစ်ဟောင်းမှ ဖျက်သိမ်းဆယ်တင်ပစ္စည်းဖြင့် ဆောက်လုပ်ခွင့်ပြုငွေ မှာ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ အတွက် ၄၅ သိန်း၊ အလျား ၉၀ ပေ၊ အနံ ၃၀ ပေ အတွက် ၆၀ သိန်း ဖြစ်ပါတယ်။ အဲဒီတော့ ကုမ္ပဏီများကို ခွင့်ပြုတဲ့ငွေဟာ မိဘပြည်သူထည့်ဝင်ငွေထက် ကျောင်းနဲ့ ကြည့်မယ်ဆိုရင် ၅ ဆလောက်များနေတာ တွေ့ရပါတယ်။ ကျောင်းတွေကို ဥပဓိရုပ်မကောင်းတဲ့ အခါမှာ အသစ်ပြန်လည်ဆောက်တဲ့အခါမှာ ကုမ္ပဏီများကို ချထားပေးတဲ့ကျောင်းတွေရှိတယ်။ ဒေသခံ မိဘပြည်သူတွေ ထည့်ဝင်ပြီးတော့ ချထားပေးတဲ့ကျောင်းတွေရှိပါတယ်။ ထူးခြားချက်ကတော့ ကုမ္ပဏီ များဆောက်လုပ်တဲ့ကျောင်းများဟာ မျက်နှာကြက်များပါပါတယ်။ လျှပ်စစ်မီးတပ်ဆင်ဖို့အတွက် ဝါယာလိုင်းတွေပါပါတယ်။ မျက်နှာကြက်ဆိုတာကလည်း ၂ ပေ ပတ်လည် ကျောက်ပြားဖြစ်သော် လည်းပဲ ကုမ္ပဏီများဆောက်သွားတဲ့အနေအထားမှာ သုံးထပ်သားကို ၄ ပေ ဆောက်သွားတာတွေ တွေ့ရပါတယ်။ သတ်မှတ်ထားတာကတော့ ၂ ပေပတ်လည် ကျောက်ပြား ဖြစ်ပါတယ်။ အဲဒီတော့ မိဘပြည်သူများ ထည့်ဝင်ပြီးဆောက်တဲ့ကျောင်းကတော့ မျက်နှာကြက်မပါပါဘူး။ လျှပ်စစ်မီးတပ်ဆင် ထားခြင်းမရှိပါဘူး။ သို့သော်ငွေအားဖြင့် ၅ ဆလောက်ကွာတဲ့အခါမှာ မိဘပြည်သူထည့်ဝင်ငွေ ကျောင်းများက အချို့ကျောင်းသာပြီးသွားပါတယ်။ အခင်းတွေမပြီးပါဘူး။ ကလေးတွေဟာ မြေကြီး ပေါ်မှာ ဖင်ထိုင်ခုံလေးတွေနဲ့ခုပြီးတော့ စာသင်ရတဲ့ အနေအထားလေးတွေရှိတဲ့အတွက်ကြောင့် အခက်အခဲ မြောက်မြားစွာရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူထည့်ဝင်ငွေနဲ့ ဆောက်လုပ်ခွင့်ပြုပေးတဲ့ ကျောင်းများရဲ့ ခွင့်ပြုငွေကို ကုမ္ပဏီများကို ချထားပေးတဲ့ ဆောက်လုပ်ခွင့်ပြုပေးတဲ့ ကျောင်းများကဲ့သို့ ခွင့်ပြုငွေကိုချထားပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းတင်ပြထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များခင်ဗျား။ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းရဲ့ မေးမြန်းချက်နှင့်စပ်လျဉ်းပြီးတော့ ကျွန်တော် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ရှင်းလင်းဖြေကြားတင်ပြမှာ ဖြစ်ပါတယ်ခင်ဗျား။ ကျောင်းဆောင်သစ်များ တည်ဆောက်ရာမှာ အမှန်တကယ်ကုန်ကျငွေကိုသာ နိုင်ငံတော်က ခွင့်ပြုပေးလျက်ရှိပါတယ်။ မိဘပြည်သူများမှ ထည့်ဝင်ပြီး မတည်ထားသောတန်ဖိုးနှင့် ကျောင်းဆောင်ဟောင်းများ ဖျက်သိမ်း၍ ဆောက်လုပ်ပါက ကျောင်းဆောင်ဟောင်းမှ ဆယ်တင်ပစ္စည်းများ ထည့်သွင်းအသုံးပြုနိုင်လျှင် ၎င်းပစ္စည်းများရဲ့ တန်ဖိုးတို့ကိုနုတ်ပယ်၍ ခွဲဝေပေးခြင်းသာဖြစ်ပါတယ်။ အဆိုပါတန်ဖိုးများကိုပါ ခွဲဝေပေးပါက အလွဲသုံးစားမှုများဖြစ်ပေါ်လာနိုင်ပါသဖြင့် စိစစ်ခွဲဝေပေးခြင်းသာဖြစ်ပါတယ်။ မိဘထည့်ဝင်ငွေ မရှိခြင်း၊ ဆယ်တင်ပစ္စည်းများအသုံးပြုနိုင်ခြင်းမရှိမှသာ ကုမ္ပဏီများသို့ ခွင့်ပြုသည့်နှုန်းအတိုင်း ခွဲဝေချထားပေးသွားမည်ဖြစ်ပါကြောင်းနှင့် လာမည့်စာသင်နှစ်မှာ အဆောက်အဦများနှင့်ပတ်သက်၍ ထင်သာမြင်သာဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြဖြေကြားထားပါသည် ။
