လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာရိုအုပ်ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းတင်ပြမှာကတော့ အိမ်သုံးဆိုလာပြား များဝယ်ယူခြင်းအပေါ် တားမြစ်နေမှုများအား ဖြေရှင်းပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရဲ့မေးခွန်းကိုစာဖြင့်ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်အတွင်းရှိ ကျီခါး၊ တွန်းဇံ၊ တီးတိန်၊ ရိဒ်ခေါဒါရ်၊ ထန်တလန်၊ မတူပီ၊ ရီဇဝါနှင့်ပလက်ဝတို့သည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းရှည်လျားစွာ ထိစပ်လျက်ရှိသောမြို့နယ်များဖြစ်ကြပါတယ်။ တစ်ဖက်နိုင်ငံရှိမြို့နှင့် ကျေးရွာတို့မှာညအခါ လျှပ်စစ် မီးရောင်များနှင့်ထိန်ထိန်လင်းလျက်ရှိသော်လည်းမိမိနိုင်ငံဘက်ခြမ်းတွင်မူ မဲမှောင်လျက်ရှိနေပါတယ်။ မိမိနိုင်ငံအတွင်း နယ်နိမိတ်နှင့်နီးစပ်လျက်ရှိသော မြို့၊ မြို့နယ်ခွဲနှင့် ကျေးရွာများမှာအိမ်သုံးအတွက် ဆိုလာပြားများကို တစ်ဖက်နိုင်ငံမှမိမိအစီအစဉ်ဖြင့် ဝယ်ယူအသုံးပြုနေကြပါတယ်။ စီးပွားဖြစ်ဝယ်ယူ ရောင်းချခြင်းမဟုတ်ဘဲ အိမ်သုံးအတွက်သာဝယ်ယူခြင်းဖြစ်ပါတယ်။ ထိုသို့ဝယ်ယူရာတွင် အဖွဲ့ အစည်းမျိုးစုံမှတွေ့ရှိသောနေရာတွင် ငွေတောင်းခံခြင်း၊ ပစ္စည်းသိမ်းယူခြင်းများပြုလုပ်လျက်ရှိ ကြောင်းသိရှိရပါတယ်။ နိုင်ငံတော်အနေဖြင့် ကျေးလက်မီးလင်းရေးကိုအားပေးနေချိန်တွင် နိုင်ငံတော် မှဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့် အစွန်အဖျားဒေသရှိကျေးရွာများမှာ မိမိအစီအစဉ်ဖြင့်ဖြေရှင်း နေခြင်းအပေါ်အားပေးအားမြှောက်ပြုရမည့်အစား ယခုကဲ့သို့ဟန့်တားပိတ်ပင်ဆောင်ရွက်နေခြင်းများ အပေါ်တားမြစ်ပေးနိုင်ခြင်းရှိ၊ မရှိ ဖြေကြားပေးနိုင်ပါရန်လေးစားစွာဖြင့် တင်ပြမေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ဆက်လက်ပြီး တော့ ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရိုအုပ်ရဲ့မေးခွန်း နှင့်ပတ်သက်ပြီးတော့ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသမီးလင်းရေးကဏ္ဍကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကုန်သွယ်ရေး မူဝါဒအရ လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှုမရှိသော ပစ္စည်းများအားတင်သွင်းခြင်း၊ တင်ပို့ခြင်းများနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် သွင်းကုန်ပို့ကုန်ကြီးကြပ်ရေး(ယာယီ)အက်ဥပဒေနှင့်အမိန့်များပြဋ္ဌာန်းထား ရှိပြီးဖြစ်ပါတယ်။ ဤအက်ဥပဒေများအရ ထုတ်ပြန်ထားသည့်အတိုင်း တစ်ခုခုကိုဆန့်ကျင် ဖောက်ဖျက်လျှင် အကောက်ခွန်အက်ဥပဒေများအရ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း ခြင်းနဲ့ ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်သော ပုဒ်မ ၅ အပိုဒ်ခွဲ ၁ ၌ ပြဋ္ဌာန်းထားကြောင်းသိရှိရ ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်မှအခါအား လျော်စွာ တားမြစ်ကန့်သတ်ထားသည့် ပစ္စည်းများမှအပ ကျန်ပစ္စည်းများကို ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာနယ်စပ်စခန်းများတွင် လိုင်စင်ဆောင်ရွက်ခွင့်ပြုထုတ်ပေးလျက် ရှိကြောင်းစုံစမ်းသိရှိရပါတယ်။ တစ်ဖက်နိုင်ငံမှ အိမ်သုံးဆိုလာပြားများမှာ နိုင်ငံတော်မှတားမြစ် ကန့်သတ်ထားသည့် ပစ္စည်းမဟုတ်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်လုပ်ထုံးလုပ်နည်းများနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုနေသည့် ပစ္စည်းဖြစ်ပြီး ယခုလက်ရှိတွင်တရုတ်နိုင်ငံနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်လိုင်စင်ဖြင့်ခွင့်ပြုတင်သွင်းနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ရန်လိုအပ်ပါကြောင်းတင်ပြ လိုပါတယ်။ နယ်စပ်ဒေသများမှာ နေထိုင်တဲ့ပြည်သူများအနေနဲ့ တစ်ဖက်နိုင်ငံမှကုန်ပစ္စည်းများကို စီးပွားဖြစ်ရောင်းချရန်အတွက်မဟုတ်ဘဲ မိမိအိမ်သုံးအတွက်ဝယ်ယူခြင်းဖြစ်ပါက တစ်ကြိမ်လျှင် သယ်ယူဆောင်ရွက်ခွင့်ရှိသည့် ကုန်အရေအတွက်နှင့် တန်ဖိုးများကိုလည်းကောင်း၊ လူတစ်ဦးချင်းစီ အတွက် ခွင့်ပြုသည့် ကုန်အရေအတွက်နှင့် တန်ဖိုးများကိုလည်းကောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များမှ သတ်မှတ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တစ်ဖက်နိုင်ငံမှအိမ်သုံး ဆိုလာပြား များစီးပွားဖြစ်ရောင်းချရန်မဟုတ်ဘဲ တစ်ပိုင်တစ်နိုင်ဝယ်ယူသုံးစွဲနေမှုအား စနစ်တကျရှိစေရေး အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်ပေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။
