(ဂ) ချီဖွေ-ဆော့လော်ကားလမ်းကို အဆင့်မြှင့်တင်ဖောက်လုပ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့မှတ်တမ်း (၁၄-၃-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင်‌့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာအပေါင်းနှင်‌့ပြည့်စုံကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့သဂါရဝ ပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ဆော့လော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇောင်းခေါင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူလူထုအကျိုးငှာ လမ်းပန်း ဆက်သွယ်ရေးလုံခြုံချောမွေ့ကောင်းမွန်စေရေးအတွက် မေးခွန်းတစ်ရပ်ကို မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ဆော့လော်မြို့နယ်ကို အဓိကအဆက်အသွယ်ပြုနေရ သောလမ်းကြောင်းဟာ မော်တော်ကားလမ်းပဲဖြစ်ပါတယ်။ ချီဖွေမြို့မှ ဆော့လော်မြို့အထိ လမ်းအရှည် ၃၄ မိုင်ရှိပါတယ်။ အဆိုပါ မော်တော်ကားလမ်းဟာလည်း ၂၀၀၃ ခုနှစ်မတိုင်မီက မရှိခဲ့သေးပါ။ လူသွားလမ်း၊ ဝန်တင်လားသွားလမ်းခရီးသာရှိခဲ့ပါတယ်။ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် နတလရန်ပုံငွေနဲ့ ကချင်အထူးဒေသ(၁)အဖွဲ့မှ ပူးပေါင်းထုတ်လုပ်ခဲ့ပါသဖြင့် ကားလမ်းပေါက်ခဲ့ပါတယ်။ ကားလမ်း ပေါက်သည်ဆိုသော်လည်း တောင်ပေါ်မြေသားလမ်းကြမ်းအဆင့်သာ ဖောက်လုပ်နိုင်ခဲ့သောကြောင့် ခြောက်သွေ့သော နွေရာသီမှာသာ ကားများသွားလာနိုင်ပါတယ်။ ဝန်ထမ်းများနှင့်ပြည်သူများသည် ဆိုင်ကယ်၊ခြေလျင်၊ ဆိုင်ကယ်ကယ်ရီများဖြင့်သာ သွားလာနေရပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့ လျက်ရှိပါတယ်။ ယခင်အစိုးရခေတ်အဆက်ဆက်တွင် လူသွားလမ်း၊ ဝန်တင်လားသွားလမ်းအဆင့် သာရှိခဲ့သော ကာလများမှာ နှစ်စဉ်လမ်းပြုပြင်ထိန်းသိမ်းရန်အတွက် နိုင်ငံတော်မှရန်ပုံငွေများချ ပေး၍ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ ၁၉၈၉ ခုနှစ် နောက်ပိုင်း ဝန်ထမ်းများနှင်‌့ပြည်သူများအား လုပ်အားပေးလမ်းဖောက်စေသော စနစ်ကျင့်သုံးလာ သဖြင်‌့ ဆော့လော်မြို့တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဌာန ဝန်ထမ်းဖွဲ့စည်းပုံမထားရှိတော့ပါ သဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကောင်းမွန်ထိရောက်စွာ မဆောင်ရွက်နိုင်တော့တာ ကိုတွေ့ရှိရပါတယ်။ လမ်းများကောင်းမွန်စေရန်အတွက် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများထားရှိကာ အမြဲမပြတ်ပြုပြင်ဆောင်ရွက်နေမှ ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်လာမည်ဖြစ်ပါတယ်။ ကျွန်တော်အစီရင်ခံမတင်ပြမီ ၅-၃-၂၀၁၂ ရက်နေ့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်တွေ့ဆုံမေးမြန်းခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီးမှ မြို့နယ်မှာတာဝန်ခံအင်ဂျင်နီယာတစ်ဦးကို  ၉ လပိုင်းတွင် ခန့်ထားပြီးဖြစ်ကြောင်း၊ ယခုသင်တန်းတက်နေသေးကြောင်း၊ သင်တန်းပြီးကစေလွှတ် မည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းဌာနကိုလည်း တိုးချဲ့ဖွဲ့စည်းပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းခွင်သုံးယာဉ်နှစ်စီး ပေးအပ်သွားမည်ဖြစ်ကြောင်း မိန့်ကြားခဲ့တဲ့အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ကျေးဇူးတင်ရှိပါကြောင်းတင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ချီဖွေ-ဆော့လော်ကားလမ်းအရှည် ၃၄ မိုင်အနက် ချီဖွေမှ ၁၇ မိုင် သံသေချောင်းအထိ ချီဖွေမြို့နယ် လမ်းအပိုင်းဖြစ်ပါတယ်။ ချီဖွေလမ်းအပိုင်းဟာ မေခမြစ်ရိုးတစ်လျှောက် ဖောက်လုပ်ထားသောလမ်း ဖြစ်၍ အတက်အဆင်းမရှိခြင်းကြောင့် လွန်စွာအခက်အခဲမရှိပါ။ သို့သော် ချီဖွေမြို့နယ်အဆုံး ၁၇ မိုင် သံတွဲချောင်းမှ ဆော့လော်မြို့အထိ ၁၇ မိုင်အား တောင်ပေါ်ချောက်ကမ်းပါးများကြားမှာ ဖြတ်သန်း ဖောက်လုပ်ထားသော မြေသားလမ်းကြမ်းခရီးဖြစ်ပါသောကြောင့် မိုးတွင်းကာလများမှာ ကားများ လုံးဝသွားလာနိုင်ခြင်းမရှိပါ။ မိုးရွာလျှင် ရေနုတ်မြောင်းစနစ်မကောင်းသောကြောင့် လမ်းပေါ်တွင် ရေတိုက်စား၍ ချိုင့်ခွက်များဖြစ်ပေါ်ခြင်း၊ လမ်းမြေပြိုကျခြင်း၊ တောင်ကျချောင်းများရေစီးသန်ပြီး တံတားမရှိပါ၍ ဖြတ်သန်းသွားလာခြင်းမပြုနိုင်ပါ။ ထို့ကြောင့် အဆိုပါကားလမ်းကို တံတားငယ် များတည်ဆောက်ပေးခြင်း၊ ကျောက်ချောခင်းခြင်းနှင့် ရေနုတ်မြောင်းများ စနစ်တကျတူးဖော်ပြုပြင်ပြီး လမ်းအဆင့်မြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါတယ်။ သို့ပါသောကြောင့် ကျွန်တော်မေးမြန်းလိုသည့် မေးခွန်းကတော့ ချီဖွေ-ဆော့လော်မော်တော်ကားလမ်းကို လမ်းအဆင့်မြှင်‌့တင်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် မည်သို့သောအစီအမံများဖြင့် အဆင့် မြှင့်တင်ဖောက်လုပ်ပေးသွားမည်ကို သိရှိလိုပါ၍ မေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးကျော်လွင် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည် တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင်ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့  ကချင်ပြည်နယ်၊ ဆော့လော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇောင်းခေါင်မှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းသည့် ချီဖွေ-ဆော့လော်မော်တော်ကား လမ်းအရှည် ၃၄ မိုင်ကို ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုသည့်မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။
    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ချီဖွေ - ဆော့လော်လမ်းပိုင်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းမှာရှိတဲ့ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့လမ်းဖြစ် ပြီး ချီဖွေ-ဆော့လော်-မန်ကျီ-ဝဲလ်တန်လမ်းရဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ လမ်းအရှည် ၃၅ မိုင်ခန့်ရှိပြီး ၃၁-၅-၂၀၁၁ နေ့အထိ လမ်းအခြေအနေကတော့ အမာခံလမ်း ၁၅ မိုင်နှင့် မြေသားလမ်း ၂၀ မိုင်ဖြစ်ပါ တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ရာသီမရွေး လမ်းချော မွေ့စွာ သွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မူလအမာခံလမ်း ၁ မိုင် ၄ ဖာလုံအား ၁၂ ပေ အကျယ် ကတ္တရာလမ်းဆောင်ရွက်ရန်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းရန်ပုံငွေကျပ်       ၂၅၀ သန်းလျာထားတင်ပြထားပါကြောင်းနှင့် အမာခံလမ်းအဆင့်သို့ရောက်ရှိအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။