(ခ) သက်ကယ်ချောင်းတံတားရေလည်တိုင်အား ပြင်ဆင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့မှတ်တမ်း (၁၄-၃-၂၀၁၂)

 လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။  ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦကျော်ဝင်း ဖြစ်ပါတယ်။ သက်ကယ်ချောင်းတံတား ရေလည်တိုင် အားပြင်ဆင်ပေးရန်မေးခွန်းနှင့်စပ်လျဉ်းလို့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် အဓိကအသုံးပြုနေသော သက်ကယ်ချောင်းမြစ်တွင် တည်ဆောက် နေသည့် သက်ကယ်ချောင်းမြစ်ကူးတံတား၏ ရေလည်တိုင်အကျယ်ပေ ၁၂၀ သည် ခရီးသည်တင် လိုင်းသင်္ဘောများ၊ ကုန်တင်တွဲသင်္ဘောကြီးများသွားလာရေးအတွက် ရေလမ်းကြောင်း တည်ရှိမှုအရ မြစ်ကွေ့တစ်ခုနှင့်နီးကပ်နေခြင်း၊ မောင်းနှင်သူများ မြင်ကွင်းမကောင်းခြင်း၊ ဝဲပြန်များရှိခြင်း၊ မြစ်ညာ ရေကျဆင်းမှုအရှိန်မြင့်မားသည့်အတွက် သင်္ဘောကြီးများ ထိန်းမတ်တည့်ဝင်ရန်ခက်ခဲခြင်း၊ ရာသီဥတု အရ ဆီးနှင်းများကျခြင်း၊ မိုးမှောင်ကျခြင်းတို့ကြောင့် ရေလမ်းကြောင်းအန္တရာယ်ဖြစ်ပေါ်နိုင်ပါသည်ဟု ရေယာဉ်သင်္ဘောမောင်းသူများက တင်ပြလာပါတယ်။ တင်ပြပါအခက်အခဲများကို ရှောင်ကွင်းပြီး ပမ္မဝတီမြစ်၏ ငပုတောမြို့အောက်ဖက်မှ လှည့်၍သွားမည်ဆိုပါက ကန်ရွာမှ သက်ကယ်ချောင်း မြစ်ထိပ်အထိ အချိန် မိနစ် ၂၀ မောင်းနှင်ရမည့်အစား အချိန် ၅ နာရီ ကြာမြင့်မည်ဖြစ်ပါသည်။ ဒါ့အပြင် ပမ္မဝတီမြစ်သည် ကျယ်ဝန်းခြင်း၊ မိုးရာသီတွင် လှိုင်းလေများရှိခြင်းတို့ကြောင့် သင်္ဘောများ သွားလာမှုအန္တရာယ်ရှိနိုင်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သည် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်အဖြစ် ပြည်တွင်းပြည်ပကုမ္ပဏီများပူးပေါင်းပြီး ၂၀၂၅ ခုနှစ်အပြီး ဆောင်ရွက် နေချိန်ပဲဖြစ်ပါတယ်။ ပုသိမ်မြို့ဝင်ပေါက် နှစ်ဖက်ဖွင့်မှသာလျှင် ကုန်စည်စီးဆင်းမှုမြန်ဆန်မှာဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ သက်ကယ်ချောင်းတံတား ရေလည်တိုင်အားပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊မရှိ သိရှိ လို၍ မေးမြန်းတင်ပြထားပါသည် ။

 

ဖြေကြားသူ
ဦးကျော်လွင် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည် တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင်ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းမှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းသော ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်-ငပုတောလမ်းပေါ်ရှိ သက်ကယ်ချောင်းမြစ်ကူးတံတားရေလည်တိုင်အားအကျယ်ပေ ၂၄၀ အဖြစ် ပြောင်းလဲပြင်ဆင်ပေးမည့် အစီအစဉ်ရှိ၊ မရှိ သိလိုသည့်မေးခွန်းအား ရှင်းလင်းဖြေကြား သွားမှာဖြစ်ပါတယ်ခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်မှဧရာဝတီတိုင်းဒေသကြီး အတွင်း မော်တော်ကားတိုက်ရိုက်ရောက်ရှိရန် ကျန်ရှိသောပုသိမ်ခရိုင်၊ငပုတောမြို့အား မော်တော်ကား တိုက်ရိုက်ရောက်ရှိရန်ရည်ရွယ်ပြီး ပုသိမ်-ငပုတောလမ်း ၂၁ မိုင်အရှည်အား ကတ္တရာလမ်းအဆင့်    မြှင့်တင်ဆောင်ရွက်ရန်နှင့် အဆိုပါလမ်းပေါ်ရှိ သက်ကယ်ချောင်းတံတား ပေပင်ချောင်းတံတား အပါအဝင် တံတား ၅ စင်းအား အမြဲတမ်းတံတားများဆောင်ရွက်ရန် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်း စီမံကိန်းချမှတ်ပေးခဲ့ပါတယ်။
    သက်ကယ်ချောင်းမြစ်ကူးတံတားဟာ အရှည်ပေ ၁၈၂၀ ပေရှိပြီးတော့ နှစ်လမ်းသွား သံကူကွန် ကရစ်တံတားအဖြစ်တည်ဆောက်လျက်ရှိပါတယ်။ သက်ကယ်ချောင်းမြစ်ကူးတံတား လမ်းအူကြောင်း ရွေးချယ်ရာမှာ ယခင်လမ်းဟောင်း လမ်းအူကြောင်းနေရာမှာ မြစ်ကွေ့နေရာများရှိခြင်း၊ မိုးရာသီတွင် ဝဲများရှိခြင်းနှင့် ချောင်းအကျယ်ပေ ၈၅၀ နဲ့ ရေအနက်ပေ ၈၀ ရှိခြင်းကြောင့် သ‌င်္ဘောများသွားလာရန် ခက်ခဲခြင်း၊ တံတားတည်ဆောက်မှုစရိတ်ကြီးမြင့်နိုင်ခြင်းတို့ကြောင့် တံတားလမ်းအူကြောင်းသစ်နေရာ ကို ထပ်မံရွေးချယ်ခဲ့ရာ ယခင်လမ်းဟောင်းအူကြောင်းနေရာမှ ရေစုန်ဘက် ပေ ၆၀၀ အကွာကို ရွေးချယ်ခဲ့ပါတယ်။ ယခုတံတားအူကြောင်းသစ်နေရာသည် ချောင်းအကျယ်ပေ ၄၀၀ နှင့် ရေအနက် မှာပေ ၅၀ ရှိပါတယ်။ ရေဆန်ဘက်တွင် မြစ်ကွေ့နှင်‌့ ပေ ၆၀၀ အကွာရှိ ရေစုန်ဘက်မှာလည်း မြစ်ကြောင်းဖြောင့်ခြင်း၊ မြစ်ကမ်းပါးတည်ငြိမ်မှုရှိခြင်းတို့အပေါ်မူတည်ပြီး ရွေးချယ်တည်ဆောက်ခဲ့ ပါတယ်။ သက်ကယ်ချောင်းတံတားရဲ့ ရေလမ်းကင်းလွတ်အမြင့်အား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တို့နှင့်ညှိနှိုင်းပြီး သုံးထပ်သ‌င်္ဘောများ လွတ်ကင်းအောင် ပေ ၄၀ အမြင့် ထားရှိပြီးဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံခြားသုံးငွေသက်သာစေရေး၊ အချိန်တိုအတွင်းပြီးစီးရေးအတွက် ပြည်တွင်းမှအရှည်ဆုံးထုတ်လုပ်နိုင်သော သံမဏိယက်မများကိုအသုံးပြု၍ ရေလည်တိုင်အကျယ် အား ပေ ၁၂၀ ဖြင်‌့လည်းကောင်း၊ သ‌င်္ဘောများအစုန်အဆန်သွားလာနိုင်အောင် ရေလမ်းကြောင်း နှစ်ပေါက်ထားရှိ၍ တည်ဆောက်ရန်စီစဉ်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိရာ ပုသိမ်သို့ဝင်ပေါက်တစ်ခုဖြစ်သော သက်ကယ်ချောင်းအတွင်း တိုးတက်များပြား လာမယ့် ခေတ်မီသ‌င်္ဘောများကိုရည်ရွယ်ပြီး သက်ကယ်ချောင်းတံတားရဲ့ရေလည်ခန်းဖွင့်အား မူလ ပေ ၁၂၀ မှ ၂၄၀ ပေအကျယ် သံပေါင်တံတားအဖြစ် တံတားတည်ဆောက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းဖြေကြားထားပါသည် ။