တနင်္သာရီတိုင်းဒေသကြီးသည် အိမ်နီးချင်းနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော တိုင်းဒေသကြီး ဖြစ်သည့် အလျောက် နယ်စပ်ဂိတ်တစ်ခုဖွင့်ထားပါကြောင်း၊ ယင်းနယ်စပ်ဂိတ်သည် မြန်မာထားဝယ်ခရိုင် တွင်ရှိသည့် ထီးစီးနယ်စပ်၊ မြိတ်ခရိုင်တွင် မောတောင်နယ်စပ်၊ ကော့သောင်းခရိုင်တွင် ကော့သောင်း နယ်စပ်ရှိပါတယ်။ ထားဝယ်ခရိုင်တွင်ရှိသည့်နယ်စပ်နှင့် ၁၁-၅-၂၀၁၃ ခုနှစ်တွင် ပိတ်ပြီး ၁၈-၈-၂၀၁၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် သတ်မှတ်ပြီး နယ်စပ်ဖြတ်ကျော်မှု ကုန်စည်းစီးဆင်း မှုများ ဆောင်ရွက်နေရပြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ကို ၁-၉-၁၉၉၆ ခုနှစ်တွင် နယ်စပ် ဝင်/ထွက်ဂိတ် အဖြစ်သတ်မှတ်ပြီး ၂၈-၈-၂၀၁၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် သတ်မှတ်ခဲ့ပြီး နယ်စပ်ဆက်သွယ်မှု ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ဂိတ်အဖြစ် ၈-၅-၂၀၁၃ ရက်နေ့တွင် သတ်မှတ်ပြီး နိုင်ငံတော်မှ နယ်စပ်ဖြတ်ကျော်ရန်နှင့် ကုန်စည်စီးဆင်းရန်အတွက် ဌာနပေါင်းစုံရုံးများလည်း ဖွင့်ထားခဲ့ပါပြီဖြစ်ပါကြောင်း၊ ကုန်စည်ယာဉ်ကြီးများစခန်း၊ စစ်ဆေးရေးဂိတ်၊ ကုန်သိုလှောင်ခန်းကြီးများလည်း ဆောင်ရွက်ထား ပြီးဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် တစ်ဖက်နိုင်ငံအစိုးရက မြေသတ်မှတ်ပေးခြင်းမရှိသဖြင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
တရားဝင်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံသဘော တူညီချက်ရရှိမှသာ တရားဝင်ဖွင့်လှစ်နိုင်မှာဖြစ်သည့်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်မည့် နယ်စပ် ဒေသတွင် နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးကိစ္စများလည်း ရှင်းလင်းပြီးဖြစ်ရမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးစခန်း တရားဝင်ဖွင့်လှစ်နိုင်ရန် အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစီးပြီးတနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သည့်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ မောတောင်ဒေသသို့ သွားရောက်၍ နှစ်နိုင်ငံနယ်နိမိတ်ပဏာမ တိုင်းတာစစ်ဆေးခြင်း များကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊
မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ဆင်ခွန်းနယ် စပ်ဂိတ်အား အမြန်ဆုံးဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည့် အပြင် ထိုင်းနိုင်ငံအစိုးရအဖွဲ့အနေဖြင့် အထက်အဆင့်သို့တင်ပြပြီး ဆင်ခွန်းနယ်စပ်စခန်းကို အမြန်ဆုံးဖွင့်လှစ်သွားမည်ဟု သိရှိရပါကြောင်း၊
ထိုင်းနိုင်ငံဘက်မှ ဆင်ခွန်းနယ်စပ်ဂိတ်တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်းတွင်လည်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်မှာသော်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဆောင်သည့်အဖွဲ့၏ ထိုင်းနိုင်ငံ၊ ပရာကျွန်ခရီခန်ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်မှာလည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၅ ထိကျင်းပသော ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရီခန်ပြည်နယ်မှာ ကျင်းပပြုလုပ်သော ခရီးသွားပွဲတော်သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစီး၍ သွားရောက်ခဲ့သည့် ခရီးစဉ်မှာသော်လည်းကောင်း တရားဝင်ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပါကြောင်း၊
ယခု နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ပတ်သက်ပြီး၍ မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်မည့် တစ်ဘက်နိုင်ငံ ဆင်ခွန်းဂိတ် ဖွင့်လှစ်ရေးကိစ္စနှင့်ပတ်သက်ပြီးတော့ ညှိနှိုင်းအစည်း အဝေးပွဲကို ၂၀၁၅ ခုနှစ်၊ မေလ ၆ ရက်နေတွင် မြိတ်မြို့၊ ပုလဲသန္တာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံဘက် ဆင်ခွန်းယာယီနယ်စပ်ဂိတ်ကို အထူးယာယီ နယ်စပ်ဂိတ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ်မှ ယခုရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းနဲ့ ဂိတ်ဖွင့်ပွဲအား ယခုလနှောင်းပိုင်းမှာ ဖွင့်လှစ်နိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် မောတောင် နယ်စပ်ဂိတ်အား နှစ်နိုင်ငံ တရားဝင် နယ်စပ်ကုန်သွယ်ရေး စခန်းအဖြစ် တစ်ပြိုင်နက်ဖွင့်လှစ်သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းကို ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
