လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ခင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျောက်တန်းမြို့နယ်ကျေးရွာအုပ်စု ၁၁ စုအတွင်းရှိ မိဘပြည်သူများသိရှိလိုမှုကို ဤလွှတ်တော်မှတစ်ဆင့် မေးခွန်းဖြင့်မေးမြန်းရခြင်း ဖြစ်ပါတယ်။ ကျောက်တန်းမြို့နယ်ရဲ့ ကမာကလုတ်တိုက်နယ် ကျေးရွာအုပ်စု ၁၁ စုအတွင်းရှိ ကျေးရွာများတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့် ြမေစာရင်းဦးစီးဌာနနှင့် အေးရှားဝေါလ်ကုမ္ပဏီ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များပူးပေါင်းအဖွဲ့ဟာ ၈-၁၂-၂၀၁၁ ရက်နေ့မှ ၃၀-၁၂-၂၀၁၁ ရက်နေ့အထိကို လယ်ယာမြေများအတွင်းရှိ တဲအိမ်ပတ်ဝန်းကျင်များကို ဓာတ်ပုံနှင့်ဗွီဒီယိုမှတ်တမ်းရိုက်ကူးခြင်း၊ တောင်သူလယ်သမားများပိုင်ဆိုင်မှုများကို စာရင်းကောက်ယူခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါ တယ်။ မည်သည့်အတွက်ကြောင့် မှတ်တမ်းကောက်ယူမှုကို တောင်သူများက မေးမြန်းသော်လည်း တိတိကျကျမသိရှိကြရပါ။ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့၏လယ်ယာမြေများကို သိမ်းဆည်း တော့မည်လား။ စီမံကိန်းများဆောင်ရွက်တော့မည်လားဟု စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ တောင်သူ များအနေဖြင့် မိမိတို့၏ လယ်ယာမြေများကို တန်ဖိုးထားပြီး မိုးစပါးနှင့် ဆောင်းသီးနှံများကို စိုက်ပျိုး လုပ်ကိုင်နေကြသူများဖြစ်ပါတယ်။ ထို့ကြောင့် ဒေသခံတောင်သူများ စိုးရိမ်မကင်းဖြစ်နေမှုကို သိရှိနိုင် ပါရန် အောက်ပါမေးခွန်းများကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မေးခွန်းကတော့ ကျောက်တန်းမြို့နယ် မှော်ဝန်းချောင်းတစ်ဖက်ကမ်း ကမာကလုတ်တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၁ စုတွင်ပါဝင်သော ပန်းတော၊ ရွာသစ်ကလေး၊ ကရင်ချောင်၊ ကမာကလုတ်၊ ကွနီး၊ ဇွဲဘာကုန်းလမ်း၊ မီးပြ၊ ဘော်ကလွတ်၊ ချောင်းဝနှင့် သနပ်ပင်ချင်းကျေးရွာများအတွင်းရှိ လယ်ယာမြေများနှင့် လယ်တဲစု များကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့် ြမေစာရင်းဦးစီးဌာနနှင့် အေးရှားဝေါလ် ကုမ္ပဏီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပူးပေါင်း၍ စစ်တမ်းကောက်ယူခြင်း၊ ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်း ရိုက်ကူးခြင်းများနှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် ဆောင်ရွက်နေသည်ကို သိရှိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးနိုင်ပါရန် မေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည် တော်များ အားလုံးမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင်ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ခင်မှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းသော ကျောက်တန်းမြို့နယ် ကမာကလုတ်တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၁ စုအတွင်းရှိ လယ်ယာမြေ များနှင့် လယ်တဲစုများကို သက်ဆိုင်ရာဌာနများမှ စစ်တမ်းကောက်ယူခြင်း၊ ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်း ရိုက်ကူးခြင်းများနှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် ဆောင်ရွက်နေသည်ကို သိရှိလိုသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သန်လျင် မြို့နယ်နှင့် ကျောက်တန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် သန်လျင်မှ ကျောက်တန်းသွား ကားလမ်း၏ အနောက်ဘက်ခြမ်း ယင်းကားလမ်းနှင့် ရန်ကုန် မြစ်အကြားဧရိယာတွင် သန်လျင်၊ ကျောက်တန်းဒေသဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရန် ၁၉၉၄ ခုနှစ်မှ စတင်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ သန်လျင်မှ ကျောက်တန်းသို့ ဆက်သွယ် ထားနိုင်ရန်အတွက် သန်လျင်-ကျောက်တန်းကားလမ်းနှင့် ရန်ကုန်မြစ်အကြားရှိ တောင်မြောက် ဖောက်လုပ်ထားတဲ့ မြေသားလမ်းဖွံ့ဖြိုးရေးကို ကွန်ကရစ်လမ်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး သန်လျင်-ကျောက်တန်းကားလမ်းမှ သီလဝါဆိပ်ကမ်းသို့ ဆက်သွယ်သွားလာနိုင်ရန်အတွက် ဒဂုံ-သီလဝါလမ်းကိုလည်း ၂၀၀၂ ခုနှစ်မှာ ကွန်ကရစ်လမ်းအဖြစ်ဖောက်လုပ်ခဲ့ပါတယ်။ ဒဂုံ-သီလဝါလမ်း နှင့် ဖွံ့ဖြိုးရေးလမ်းဆုံမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၀၀ ပြည့်နှစ်တွင် ဧရိယာ ၄၃၂.၆ ဧက၌ သီလဝါစက်မှုဇုန်၊ ပြည်တွင်းစက်မှုဇုန်အားတည်ဆောက်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာများရရှိစေရန်၊ ယင်းဒေသရှိ ပြည်သူများ အလုပ်အကိုင်များရရှိစေရန် ရည်ရွယ်ချက်များဖြင့် သန်လျင်၊ ကျောက်တန်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဧရိယာအတွင်း စက်မှုဇုန်တည်ဆောက်နိုင်ရန်အတွက် မြေသိမ်းဆည်းရေး ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စင်ကာပူနိုင်ငံ စင်မာတက် PTE ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြီး သန်လျင်၊ ကျောက်တန်း Development ကုမ္ပဏီလိမိတက် ဖွဲ့စည်းပြီး ဧရိယာ ၃၀၃၉.၃၃ ဧကအား တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၉၆ ခုနှစ်မှာ စတင် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်လည်း ၁၉၉၈ခုနှစ်မှာ အာရှငွေကြေးအခက်အခဲကြောင့်လည်းကောင်း၊ ယခင် ပိတ်ဆို့ အရေးယူမှုများကြောင့်လည်းကောင်း စီစဉ်မျှော်မှန်းထားသည့်အတိုင်း ဆောင်ရွက် နိုင်မှုမရှိခဲ့ပါ။ အခု အချိန်မှာ အစိုးရအသစ်ဖွဲ့စည်းခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းများမှာလည်း လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်လာနိုင်ပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမှုပြုနိုင်ရန် ဆက်သွယ်ကမ်းလှမ်းမှုများအများအပြားရှိလာပါတယ်။ သို့ပါ၍ နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်များအရ ယခင်က စီစဉ်ဆောင်ရွက်ထားခဲ့သည့် စက်မှုဇုန်ဧရိယာ အတွင်းနှင့် ယင်းဧရိယာနှင့် ဆက်စပ်နေသော ဧရိယာများတွင် အထူးစီးပွားရေးဇုန်ဖော်ထုတ်နိုင်မှု အခြေအနေသိရှိနိုင်ရန်အတွက် မြောက်ဘက်တွင် ဖန်ချက်လမ်း၊ တောင်ဘက်တွင် ကျိုက်မှော် ဝန်းချောင်း၊ အရှေ့ဘက်တွင် သန်လျင်-ကျောက်တန်းဖွံ့ဖြိုးရေးလမ်း၊ အနောက်ဘက်တွင် သီလဝါ ဆိပ်ကမ်း ဧရိယာနယ်နိမိတ်အတွင်းရှိ မြေပြင်အခြေအနေအမှန်အားသိရှိနိုင်ရန်အတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်တို့ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်းပြီး ၂၄-၁၁-၂၀၁၁ ရက်နေ့မှ ၂၉-၁၁-၂၀၁၁ ရက်နေ့အထိ မြေပြင်အခြေအနေအား စာရင်းပြုကောက်ခံခြင်း၊ ဓာတ်ပုံမှတ်တမ်း၊ ဗွီဒီယို မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ယင်းသို့ဆောင်ရွက်ခဲ့ရာမှာ ၅၃၇၉.၅၉၁ ဧကမှာရှိနေတဲ့ ကောက်ယူ ရရှိတဲ့ အဆောက်အဦပေါင်းမှာ ၁၂၆၀ လုံးရှိကြောင်းပြုစုရရှိခဲ့ပါတယ်။ အလားတူပင် ကျောက်တန်း မြို့နယ် ကျိုက်မှော်ဝန်းချောင်းရဲ့တောင်ဘက်ရှိ ကျေးရွာအုပ်စုများဖြစ်တဲ့ ပန်းတော၊ ရွာသစ်ကလေး၊ ကရင်ချောင်၊ ကမာကလုတ်၊ ကွနီး၊ ဇွဲဘာကုန်းလမ်း၊ မီးပြ၊ ဘော်ကလွတ်၊ ချောင်းဝနှင့် သနပ်ပင်ချင်း ကျေးရွာများရှိ မြေစာရင်းမှတ်တမ်းများအရ ကွင်းပေါင်း ၆၃ ကွင်း၊ ဧရိယာ ၃၈၂၀၅ ဧကအတွင်းရှိ ကျေးရွာများပါမကျန် ဧရိယာများ၏မြေပြင်အခြေအနေအမှန်အား သိရှိနိုင်ရန်အတွက် ၈-၁၂-၂၀၁၁ ရက်နေ့မှစ၍ ၃၀-၁၂-၂၀၁၁ ရက်နေ့အထိ ဆက်လက်စာရင်းပြုစုကောက်ခံခဲ့ပါတယ်။ ဤသို့ ကောက်ခံခဲ့ရာတွင် ကောက်ခံခဲ့တဲ့ ဧရိယာမှာ ပန်းတော၊ ရွာသစ်ကလေး၊ မီးပြ၊ ဘော်ကလွတ်၊ ချောင်းဝနှင့် သနပ်ပင်ချင်းကျေးရွာများရှိ ကွင်းပေါင်း ၂၇ ကွင်း၊ ဧရိယာ ၁၉၆၈၂ ဧကခန့်အတွင်း ကွင်းဆင်းစာရင်းပြုစုခဲ့ပြီး ယင်းဧရိယာအတွင်း ကောက်ခံရရှိတဲ့ အဆောက်အဦပေါင်း ၃၆၃၇ လုံး ပြုစုရရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုကဲ့သို့ မြေပြင်တွင်ရှိနေသည့် အခြေအနေအား စာရင်းပြုစုခြင်း၊ ဓာတ်ပုံမှတ်တမ်းတင်ခြင်း၊ ဗွီဒီယိုမှတ်တမ်းတင်ခြင်းများမှာ ယင်းဒေသအတွင်း နိုင်ငံတော်မှ အထူးစီးပွားရေးဇုန်များတည်ဆောက်ရန်ရှိပါက ဆောင်ရွက်နိုင်မှု အခြေအနေအားသိရှိနိုင်ရန်အတွက် စာရင်းပြုစုဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ထားပါသည် ။
