ပုတီးကျေးရွာသည် အနီးဆုံးရှိ ရွာရှည်တိုက်နယ်ဆေးရုံနှင့် ၁၄ မိုင်ဝေးကွာပြီး မြို့နယ်ဆေးရုံနှင့် ၂၆ မိုင် ဝေးသည့်အပြင် ပုတီးနှင့်ရွာရှည်တိုက်နယ်ကို ပေါင်ကတောင်ချောင်းက ခြားနားထားပါကြောင်း၊ ပုတီးနှင့်မြို့နယ်ဆေးရုံကိုလည်း ပေါင်ကတောင်ချောင်း၊ ဖွတ်ချောင်းနှင့် စည်တုံးလုံးချောင်းတို့က ခြားထားပါကြောင်း၊ ဖွတ်ချောင်းက တံတားထိုးထားပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲပါကြောင်း၊ မိုးရာသီတွင်သွားမရအောင် ခက်ခဲပါကြောင်း၊ ၎င်းတိုက်နယ်ဆေးရုံကို အားကိုး အားထား ပြုနိုင်သည့်ကျေးရွာ ၁၁ ရွာရှိနေပါကြောင်း၊ တိုက်နယ်ဆေးရုံအတွက် ဝယ်ယူရန်ရည်ရွယ် ထားသည့် မြေဧက ငါးဧကရှိနေပါကြောင်း၊ ပုတီးကျေးရွာတွင် အိမ်ခြေ ၅၄၆ အိမ်နှင့် လူဦးရေ ၂၂၉၈ ရှိပါကြောင်း၊ ပတ်ဝန်းကျင်နှင့် အားလုံးပေါင်း သောင်းကျော်မည်ဟု ထင်ပါကြောင်း၊ ၂၄ နာရီ လျှပ်စစ်မီးလည်း ရရှိထားပြီး အထက်တန်းကျောင်းလည်း ရှိနေပါကြောင်း၊
ပုတီးကျေးရွာနှင့် ရွာအချို့သည် သဖန်းဆိပ်ဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသည့်ရွာများ ဖြစ်သည့်အတွက် ၎င်းတို့ကို အစစအရာရာ ထောက်ပံ့ပေးသင့်ပါကြောင်း၊ ထို့ကြောင့် တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာအုပ်စုအတွက် တိုက်နယ်ဆေးရုံတစ်ရုံချထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
တန့်ဆည်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံလေးရုံ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခြောက်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၇ ခုနှင့် လူဦးရေ ၁၆၀၀၀၀ ကျော်ကို ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ တိုက်နယ်ဆေးရုံ တောင်းဆိုထားသော ကျေးလက်ကျန်းမာရေးဌာနတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ လေးခုရှိပြီး ရွာပေါင်း ၁၈ ရွာနှင့် အိမ်ခြေ ၃၃၈၈၊ လူဦးရေ ၁၇၀၀၀ ကျော်ကို ကျန်းမာရေးဝန်ဆောင်မှုပေးလျက် ရှိပါကြောင်း၊ တောင်းဆိုထားသည်ကို မိမိတို့မြေပုံနှင့်ဇယားချပြီး သေချာလေ့လာပါကြောင်း၊ အသေးစိတ် Table Form နှင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးကျွမ်းကျင်မှုဆိုင်ရာ၊ ပြည်သူ့ကျန်းမာရေးဘက်ဆိုင်ရာ လူမှုရေးနှင့် အကုန်အသေးစိတ် လေ့လာပါကြောင်း၊ မြေပြင် အနေအထားအရလည်း သေချာလေ့လာပါကြောင်း၊ သက်ဆိုင်ရာမြို့နယ် ဆရာဝန်နှင့်စစ်ကိုင်း တိုင်းဒေသကြီး Regional Health Director ၊ ကျန်းမာရေးဦးစီးမှူးနှင့်လည်း တယ်လီဖုန်းနှင့် ပြောပါကြောင်း၊ မိမိတို့ပြန်လည်သုံးသပ်သည့်အခါ မှန်ကန်ပါကြောင်း၊ ပုတီးကျေးရွာ REC က တောင်ဘက်ရှိ တန့်ဆည်မြို့နယ် ဆေးရုံနှင့် ၂၆ မိုင်ဝေးပါကြောင်း၊ ဂျင်းကျောက်၊ ကျောက်ကြမ်းလမ်း နှင့် ဆက်သွယ်၍ မိုးရာသီတွင် ချောင်းသုံးချောင်းလည်း ဖြတ်သန်းလျက်ရှိနေပါကြောင်း၊ ပေါင်ကတောင်းချောင်း၊ ဖွတ်ချောင်းတို့၊ စည်တုံးလုံးချောင်းတို့ ဖြစ်ပါကြောင်း၊
ရွာရှည် (မြောက်) တိုက်နယ်ဆေးရုံနှင့် ၁၄ မိုင်ဝေးပြီး ဂျင်းကျောက်ကြမ်းလမ်းဖြင့် ဆက်သွယ်ထားပြီး မိုးရာသီတွင် အတော်ခက်ခဲသည့်အပြင် ချောင်းနှစ်ချောင်းကလည်း ဖြတ်ပြီးစီးဆင်းနေပါကြောင်း၊ ကျွန်းလှမြို့နယ်ရှိ ညောင်ကိုင်းတိုက်နယ်ဆေးရုံနှင့် ခြောက်မိုင်သာဝေးသော်လည်း လမ်းက ရွှံ့စေး၊ မြေသားလမ်းဖြင့် ဆက်သွယ်ထား၍ မိုးရာသီ၌ အတော်ခက်ခဲပါကြောင်း၊ လျှပ်စစ်မီးကလည်း ၂၄ နာရီ ရရှိသည်ဟု ပြောပါကြောင်း၊ တိုက်နယ်ဆေးရုံတစ်ရုံ တည်ဆောက်ရန် လိုအပ်ချက် (Criteria) ခုနစ်ချက် ရှိသော်လည်း မပြည့်မီပါကြောင်း၊ သို့သော်လည်း ရွာတွင်မြေငါးဧက ရရှိထားပါကြောင်း၊ အထက်တန်းကျောင်းလည်း ရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလျာထားမှုက ပြည့်သည့်အတွက် ပေး၍မရပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ပေးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကာလအတွင်း ရွာကဝယ်ထားသည့် မြေငါးဧကကို မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် ပြောင်းလဲ၍ရရှိပါက အဆင်ပြေမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
