(ခ)-ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းမြေအဖြစ်အသုံးပြုရန် လျာထားသည့် မြေများ၌ကျုးကျော် အဆောက်အဦများ ဆောက်လုပ်ထားသူများကို အရေးယူရန် သက်ဆိုင်ရာတာဝန်ရှိသူတို့က မည်ကဲ့သို့ဆောင်ရွက်မည်နှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၅.၆.၂၀၁၈)

 

ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းမြေအဖြစ်အသုံးပြုရန် လျာထားသည့် မြေများ၌ ကျုးကျော်အဆောက်အဦများ ဆောက်လုပ်ထားသူတို့ကို အရေးယူရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ၃၁-၃-၂၀၁၇ ရက်စွဲပါစာအမှတ်၊(၃၉၃)/၄/၈-၂(စီးပွား/စိုက်မွေး)အဖရ(ရခိုင်)ဖြင့် ထုတ်ပြန်ထား ချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက မည်ကဲ့သို့ ဆောက်ရွက်‌နေကြပါသနည်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ဥပဒေချိုးဖောက်သူများကို အရေးယူရန် ညွှန်ကြားထားပါလျက် ခြံစည်းရိုးကာခြင်း၊ အဆောက်အဦ ဆောက်လုပ်နေခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်နေကြသည်ကို သက်ဆိုင်ရာတာဝန်ရှိသူတို့က မည်ကဲ့သို့အရေးယူဆောင်ရွက်ကြမည်တို့နှင့်စပ်လျဉ်းသည်‌့မေးခွန်း

ယခင်က ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက် ကျောက်ဖြူမြစ်ကမ်းတွင် အမှတ်(၃) ဆိပ်ခံ တံတားရှိသည့် နေရာကစ၍ တဲအိမ်များရှိသည်ကို ဆိပ်ကမ်းနယ်မြေတိုးချဲ့ရန် ဖယ်ရှားခဲ့ပါကြောင်း၊ ထိုသို့ ဖယ်ရှားခဲ့သည့်နေရာများတွင် ရခိုင်ပြည်နယ်ကိုအုပ်ချုပ်ခဲ့သည့် လူကြီးများက ဂရန်မြေတွေ ချပေးပါ ကြောင်း၊ ထို့နောက် ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်း ပလပ်ဖောင်းတွေကို ဖြတ်၍ ခြံစည်းရိုးကာရံခြင်း၊ ယင်းခြံဝင်းများတွင် အိမ်အဆောက်အဦများ ဆောက်လုပ်နေပါကြောင်း၊ အဆောက် အဦများ ဆောက်လုပ်သည့် ကိစ္စနှင်‌့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရက ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဆီကို အရေးယူဆောင်ရွက်ရန် အမိန့်စာထုတ်သော်လည်း ဆက်လက်၍ လမ်းပလပ်ဖောင်းကိုဖြတ်၍ ခြံစည်းရိုးများကာရန်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းမြေအဖြစ်အသုံးပြုရန် လျာ ထားသည့် မြေများ၌ ကျုးကျော်အဆောက်အဦများ ဆောက်လုပ်ထားသူတို့ကို အရေးယူရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ၃၁-၃-၂၀၁၇ ရက်စွဲပါစာအမှတ်၊(၃၉၃)/၄/၈-၂(စီးပွား/စိုက်မွေး)အဖရ(ရခိုင်)ဖြင့် ထုတ်ပြန်ထား ချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက မည်ကဲ့သို့ ဆောက်ရွက်‌နေကြပါသည်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဥပဒေချိုးဖောက်သူများကို အရေးယူရန် ညွှန်ကြားထားပါလျက် ခြံစည်းရိုးကာခြင်း၊ အဆောက်အဦ ဆောက်လုပ်နေခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်နေကြသည်ကို သက်ဆိုင်ရာတာဝန်ရှိသူတို့က မည်ကဲ့သို့အရေးယူဆောင်ရွက်ကြမည်တို့ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၃)ဆိပ်ခံတံတားနှင်‌့ သမဝါယမအသင်း ဆိုင်ဟောင်းကြားရှိ ဂရန်ချထားတဲ့ မြေကွက်ငါးကွက်နှင်‌့ ဦးတင်မောင်ဆွေနှင့် ဒေါ်သိန်းဟန် + ဒေါ်မြကေသွယ်တို့ မြေကွက်နှစ်ကွက်မှာ ကာယကံရှင်များ၏ ဆန္ဒအရပြန်လည်အပ်နှံလာပါသဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားဂရန်အား ပယ်ဖျက်ပြီး အစိုးရသီးသန့်မြေအဖြစ် ပြန်လည် မှတ်တမ်းတင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်မြေကွက်သုံးကွက်ဖြစ်သည့် ဒေါ်စိုးစိုးသက်နှင်‌့ ဒေါ်မြနုတို့ မြေကွက် နှစ်ကွက်အား ကျောက်ဖြူမြို့ အစိုးရရပ်ကွက်နေ ဦးတင်အောင်စိုးမှလည်း ကောင်း၊ ဒေါ်မော်မော်သန်း၏  မြေကွက်တစ်ကွက်အား ကျောက်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်နေ ဦးဇော်ဝင်းဌေးမှ လည်းကောင်း အသီးသီးပြန်လည်ဝယ်ယူထားရှိပြီးဖြစ်ပါကြောင်းနှင့် အဆိုပါမြေကွက်သုံးကွက်သည်    ၂၀-၁-၂၀၁၁ ရက်နေ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားဂရန်ထုတ်ပေးထားသော မြေကွက်များဖြစ်ပါကြောင်း၊

ဦးတင်အောင်စိုးနှင်‌့ ဦးဇော်ဝင်းဌေးတို့ ဝယ်ယူထားရှိသည့်ဂရန်‌မြေကွက်တွင် အဆောက်အဦများ ခွင်‌့ပြုချက်မရှိဘဲ ဆောက်လုပ်နေခြင်းနှင်‌့ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၃၁-၃-၂၀၁၇ ရက်စွဲပါစာဖြင့် ယာယီတားမြစ်မိန့်ထုတ်ပြန်ရန်နှင်‌့မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူ  ဆောင်ရွက် သွားရန် ဆုံးဖြတ်ထားရှိမှုအပေါ် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ကျောက်ဖြူမြို့နယ် စီမံခန့်ခွဲမှုကော်မတီသို့ အကြောင်းကြားခဲ့ရာ ကျောက်ဖြူမြို့နယ် စီမံခန့်ခွဲမှု ကော်မတီမှလည်း ကျောက်ဖြူ မြို့နယ် စည်ပင်သာယာရေးကော်မတီသို့ ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် ထပ်မံ အကြောင်းကြားခဲ့ ပါကြောင်း၊ ထို့ကြောင့် ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ခွင်‌့ပြုချက်မရှိဘဲ ဆောင်ရွက် နေခြင်းများအား ရပ်ဆိုင်းထားရန်နှင်‌့ လိုက်နာခြင်းမရှိပါက ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေ လုပ်ထုံးလုပ်နည်းများနှင်‌့အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို သတိပေးတားမြစ်ပြီး ဖြစ်ပါကြောင်း၊

ထိုသို့ တားမြစ်ထားသော်လည်း ဦးတင်အောင်စိုးနှင့် ဦးဇော်ဝင်းဌေးတို့မှ ကမ်းနားလမ်း၊ သန်ပန်ချောင်းရပ်ကွက်၊ မြစ်ကမ်းနားတွင် ဝယ်ယူထားသည့် မြေကွက်သုံးကွက်သည် ခွင်‌့ပြုချက်မရှိဘဲ ခြံစည်းရိုးကာရံနေသဖြင့် ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၁၁-၁၂-၂၀၁၇ ရက် နေ့တွင် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၇)တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေပုဒ်မ ၇၆ အရ စီမံခန့်ခွဲရေးဒဏ်ကြေးအား မြေကွက်တစ်ကွက်အတွက် ကျပ် ၁၀၀၀၀ ပေးဆောင်ရန်၊ ခြံစည်းရိုးကာရံခြင်းအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အထောက်အထား အပြည့်အစုံဖြင့် တင်ပြရန်ဆုံးဖြတ်ခဲ့ပါကြောင်းနှှု့် ခြံစည်းရိုးကာရံသူနှစ်ဦးမှ ၁၁-၁၂-၂၀၁၇ ရက်နေ့တွင် စီမံခန့်ခွဲရေးဒဏ်ကြေး ကျပ် ၃၀၀၀၀ အားပေးဆောင်ခဲ့ပြီးဖြစ်ကြောင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရှိရပါကြောင်း၊

သို့ပါ၍  ကျောက်ဖြူမြို့နယ်၊ သန်ပန်ချောင်းရပ်ကွက် မြစ်ကမ်းနားရှိမြေငှားဂရမ်ရရှိသည့် နေရာတွင် ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးကာရံသူ ဦးတင်အောင်စိုးနှင်‌့ဦးဇော်ဝင်းဌေးတို့ နှစ်ဦးအား ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူပြီးဖြစ်ကြောင်း ဦးတင်အောင်စိုး၏ဇနီး ဒေါ်ခင်မေစိုးနှင်‌့ ဦးဇော်ဝင်းဌေးတို့ ခြံစည်းရိုးကာရံခွင်‌့နှင့် အဆောက်အဦဆောက်လုပ်ခွင့်ပြုနိုင်ရေး အတွက် တင်ပြလာမှု အပေါ် ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စိစစ်ဆောင် ရွက်ခဲ့ရာ လျှောက်ထားသူအမည်ပေါက် မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ များလိုအပ်သဖြင့် ၂၀-၃-၂၀၁၈ ရက်နှင့် ၂၈-၅-၂၀၁၈ ရက်တို့တွင် ကာယကံရှင်များထံသို့ တောင်းခံထားရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။