လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ဟားခါးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်း ဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ယနေ့အထိ ချင်းပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသည်များသွားလာခွင့်မရရှိသေးတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့ပြီး ၁၄-၃-၂၀၁၁ ရက်နေ့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးမှ ၂၀၀၂ ခုနှစ် နောက်ပိုင်း ချင်းပြည်နယ်အတွင်း ခရီးသွားကန့်သတ်ချက်မရှိတော့ပဲ သွားလာနိုင်ပြီဖြစ်ကြောင်း သွားလာရေးအတွက် အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးမယ်ဖြစ်ကြောင်း ဖြေကြားပေးခဲ့ပါ တယ်။ နိုင်ငံခြားသက်ဆိုင်ရာ မြန်မာသံရုံးများမှလည်း မည်သည့်ခွင့်ပြုချက်မှမလိုဘဲ ချင်းပြည်နယ်သို့ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ် ကြောင်း ခရီးသည်များထံမှ သိရှိရပါတယ်။ သို့ရာတွင် မကြာသေးခင်က အမေရိကန်တွင် နေထိုင်သူ အမေရိကန်နိုင်ငံသား Citizen ရရှိသူ ချင်းလူမျိုး ဦးအေးမောင်ဆိုသူသည် ဟားခါးမြို့ရှိ အသက် ၈၀ ကျော် မိခင်အားတွေ့ဆုံကန်တော့ရန် ၁၆-၁၂-၂၀၁၁ နေ့တွင် ရန်ကုန်သို့ Social Visa ဖြင့် ရောက်ရှိလာပြီး ဟားခါးသို့ ၂၂-၁၂-၂၀၁၁ ရက်နေ့တွင်ရောက်ရှိပါတယ်။ ယင်းသို့ရောက်ရှိခြင်းကို မြို့နယ်လဝကမှ သိရှိပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဌာန ထောက်ခံချက်မရှိသဖြင့် ဟားခါးတွင်နေ၍မရကြောင်း ချက်ချင်းပြန်သွားရန်ပြောသဖြင့် ဦးအေးမောင်သည် ၂၃-၁၂-၂၀၁၁ ရက်နေ့တွင် ရန်ကုန်သို့ ပြန်သွားခဲ့ပါတယ်။ ယင်းကိစ္စအား ဦးအေးမောင် ရန်ကုန်မြို့မှဟားခါးရှိ ကျွန်တော်ထံတယ်လီဖုန်းဆက် ပြောကြားခဲ့ရာ ၂၉-၁၂-၂၀၁၁ ရက်နေ့တွင် ကျွန်တော်မှ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးရုံးသို့ တယ်လီဖုန်းဆက်မေးမြန်းအကြောင်းကြားပေးခဲ့ပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအဖွဲ့မှူးမှ မိမိတို့ဝန်ကြီးရုံးအနေဖြင့် မည်သည့် ကန့်သတ်ချက်မျှမရှိကြောင်း ကောင်းမွန်စွာပြောကြားပေးပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးရုံး(ရန်ကုန်)သို့ဆောင်ရွက်ပေးရန် တယ်လီဖုန်းဆက် အကြောင်းကြားပေးသဖြင့် ဦးအေးမောင်အား ဟားခါးသို့ ခရီးသွားခွင့်ပြုမိန့်ထုတ်ပေးခဲ့ရာ ဦးအေးမောင်သည် ဟားခါးသို့ ပြန်သွားခဲ့ပါတယ်။ ခရီးသွားခွင့်ပြုစာတွင်လည်း လုံခြုံရေးကိစ္စများကို သက်ဆိုင်ရာဌာနများသို့ မိတ္တူများပေးပို့ထားသည်ကိုလည်းသိရှိရပါတယ်။ ဦးအေးမောင် ဟားခါးသို့ ပြန်လည်ရောက်ရှိလာပြီး ၎င်း၏အမေအား ကန်တော့ဆုတောင်းပွဲပြုလုပ်ပေးပြီး နောက်တစ်ရက် ၈-၁-၂၀၁၂ ရက်နေ့ တနင်္ဂနွေနေ့ညနေပိုင်းတွင် မြို့နယ်လဝကမှူးနှင့်တကွ ရဲများရောက်ရှိလာပြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် ဦးအေးမောင်အားခေါ်ကာ ယခုချက်ချင်း ဟားခါးမှထွက်သွားရန် ကားမရှိပါကလည်း ခြေလျင်ဖြင့်သွားရန် ရာဇသံပေးပြောကြားမောင်းထုတ်ခဲ့ပါတယ်။ ယင်းသို့ မောင်းထုတ်သဖြင့် ဦးအေးမောင်မှာကြောက်ရွံ့ပြီး ကားငှားရမ်းပြန်သွားခဲ့ပါတယ်။ အမေရိကန်မှ သီးခြား Social Visa ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးခွင့်ပြုမိန့်ဖြင့်ရောက်ရှိလာသော ဦးမောင်တင် နှင့် ဇနီးမှာလည်းကြောက်ရွံ့သဖြင့် ဦးအေးမောင်နှင့်အတူပြန်သွားကြပါတယ်။ ဦးအေးမောင်တို့ ကားပေါ်တက်ချိန် နှစ်ပေါင်းကြာမြင့်စွာခွဲခွာခဲ့ရတဲ့မိခင်နှင့်တကွ ဆွေမျိုးမိတ်သင်္ဂဟအားလုံးငိုယိုပြီး နှုတ်ဆက်ကျန်ခဲ့ကြပါတယ်။ ယင်းကိစ္စအား ဦးအေးမောင်မှ ကျွန်တော်ထံ တယ်လီဖုန်းဆက် ပြောကြားရာ တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဖြစ်တဲ့အပြင် ညနေပိုင်းဖြစ်သဖြင့် ကျွန်တော်လည်း ဘာမှ မလုပ်ပေးနိုင်ခဲ့ပါ။ နောက်ရက် ၉-၁-၂၀၁၂ နေ့တွင် ယင်းကိစ္စအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးရုံး၊ နေပြည်တော်သို့ ဖုန်းဆက်မေးမြန်းအကြောင်းကြားခဲ့ပါတယ်။ ဝန်ကြီးရုံး ရုံးအဖွဲ့မှူးမှ မိမိတို့ဌာနအနေနဲ့ ချင်းပြည်နယ်အတွက် မည်သည့်သီးခြား ကန့်သတ်ချက်မျှမရှိ ပါကြောင်း ကောင်းမွန်စွာဖြေကြားပေးခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်း နိုင်ငံခြားခရီးသည်များ လွတ်လပ်စွာသွားလာခွင့်မရရှိခဲ့သဖြင့် လူထုအော်သံ၊ လူထုဆန္ဒအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်ပြခဲ့ရာ ယခုအချိန် မည်သည့်ကန့်သတ်ချက်မှမရှိကြောင်း အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးမှ ြဖေကြားပေးခဲ့ပြီးဖြစ်ပါတယ်။ ဝန်ကြီး၏ ဖြေကြားချက်အပေါ် ချင်းပြည်နယ်လူထုမှလည်း ကြိုဆိုဝမ်းသာကြပါတယ်။ သို့ရာတွင် လက်တွေ့ ယခုအခြေအနေတွင် အဆင်ပြေမှုမရှိဘဲ ယခု ဦးအေးမောင်ကိစ္စကဲ့သို့ပြဿနာများ အလားတူ ထပ်မံကြုံနေကြရသည်မှာ များနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ မြန်မာပြည်သည် ဒီမိုကရေစီ ရရှိပြီးဖြစ်သော်လည်း ချင်းပြည်နယ်တွင် ဒီမိုကရေစီမသက်ရောက်သေးသကဲ့သို့ ဖြစ်နေပါတယ်။ ချင်းပြည်နယ်သည် အငြိမ်းချမ်းဆုံးပြည်နယ်ဖြစ်ပါတယ်။ အမျိုးသမီးများပင်လျှင် တစ်ဦးတည်း ခြေလျင်ဖြင့် တစ်ရက်၊ နှစ်ရက်ကြာခရီးသွားလာနေကြပါတယ်။ ဘာပြဿနာမှမရှိပါ။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအင်္ဂါရပ်နှင့်ပြည့်စုံ၍ နိုင်ငံခြားဝင်ငွေရရှိစေရန် နိုင်ငံတကာခရီးသွားများအား ဖိတ်ခေါ်ချိန် ငြိမ်းချမ်းလုံခြုံမှုရှိတဲ့ ပြည်နယ်တစ်ခုတွင် ယခုကဲ့သို့မလိုလားအပ်သည့် ကန့်သတ်ချက်ဘောင်များ ထားရှိနေသေးသည်မှာ အဟန့်အတားသဖွယ်ဖြစ်နေပါတယ်။ အကယ်၍ လက်ရှိအခြေအနေနဲ့ လျော်ညီခြင်းမရှိတော့သည့် ကန့်သတ်ချက်၊ အမိန့်၊ ညွှန်ကြားချက်များရှိပါကလည်း အမြန်ဆုံး ရုပ်သိမ်းပယ်ဖျက်သင့်ပါတယ်။ သို့ဖြစ်ပါ၍ အများပြည်သူသိရှိနားလည်နိုင်ရန်အလို့ငှာ (၁) နိုင်ငံခြား ခရီးသည်များ ချင်းပြည်နယ်သွားရန်အတွက် ကန့်သတ်ချက်များရှိနေသေးပါသလား။ (၂) ကန့်သတ်ချက် အမိန့်များရှိပါက မည်သည့်ဌာနက မည်သည့်ခုနှစ်၊ နေ့ကထုတ်ထားပါသလဲ။မည်သည့်အကြောင်း ပြချက်ပါလဲ။ (၃) အကယ်၍ထောက်ခံချက်လိုပါက မည်သည့်ဌာန ထောက်ခံချက်လိုပါသလဲ။ ယင်းထောက်ခံချက်ကို ဘယ်နှစ်ရက်အတွင်းရရှိနိုင်ပါသလဲ။ မေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ကျွန်တော် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ချင်းပြည်နယ်၊ ဟားခါးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်းမှ နိုင်ငံခြားခရီးသည်များ ချင်းပြည်နယ်သွားရန်အတွက် ကန့်သတ်ချက် များရှိနေပါသေးသလား။ ကန့်သတ်ချက် အမိန့်စာများရှိပါက မည်သည့်ဌာနက မည်သည့် ခုနှစ်၊ နေ့ရက်က ထုတ်ထားပါသလဲ။ မည်သည့် အကြောင်းပြချက်ပါသလဲ။ အကယ်၍ ထောက်ခံချက် လိုပါက မည်သည့်ဌာန ထောက်ခံချက်လိုပါသလဲ။ ယင်းထောက်ခံချက်ကို ဘယ်နှစ်ရက်အတွင်း ရနိုင်ပါသလဲ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြန်လည် ဖြေကြားအပ်ပါတယ်။ မေးခွန်းအပိုဒ် (၁) အနေနဲ့ နိုင်ငံခြားသားများ ခရီးသွားလာရေးနှင့်ပတ်သက်၍ နိုင်ငံခြားသား ခရီးသည်များအား ချင်းပြည်နယ်သို့ သွားရောက်ရန်အတွက် ကန့်သတ်ချက်များရှိပါတယ်။ ချင်းပြည်နယ်အပြင် အချို့သော တိုင်းဒေသကြီး/ပြည်နယ်များရှိ ဒေသများသို့ သွားလာရန်အတွက် လည်း ကန့်သတ်ချက်များ သတ်မှတ်ထားရှိပါတယ်။ မေးခွန်းအပိုဒ်(၂)အရ နိုင်ငံခြားသားများ၏ ခရီးသွားလှုပ်ရှားမှုများကို ထိန်းသိမ်းရန်အတွက် မည်သည့်ဒေသများသို့ မည်သည့်လမ်းကြောင်း၊ မည်သည့်ယာဉ်ဖြင့် သွားလာနိုင်ကြောင်း စည်းကမ်းသတ်မှတ်ချက်များပါရှိသည့် တည်ဆဲကန့်သတ် နယ်မြေဒေသသတ်မှတ်ချက်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ ၁၉၉၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့စွဲပါ အမိန့်ဖြင့် နောက်ဆုံးထုတ်ပြန်ထားရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင်လျက်ရှိကြတဲ့ အချို့သော နိုင်ငံခြားသားများသည် တရားဝင် ခွင့်ပြုချက်မရှိဘဲ နယ်စပ်ဒေသများကို ကျော်ဖြတ်ခြင်း၊ မြန်မာနိုင်ငံမှ အဖိုးတန်ပစ္စည်းများကို ပြည်ပသို့ ခိုးထုတ်ခြင်း ဖြစ်စဉ်များ၊ မြန်မာနိုင်ငံအတွင်းနိုင်ငံခြားသားသေဆုံးခြင်း ဖြစ်စဉ်များအပြင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမည့် ဖြစ်စဉ်များစသည့် မလိုလားအပ်သော ဖြစ်စဉ်များကို မကြာခဏတွေ့ရှိရသဖြင့် နိုင်ငံခြားသားများ၏ ခရီးသွားလှုပ်ရှားမှုများကို ထိန်းသိမ်းရန် ကန့်သတ်နယ်ြမေဒေသ သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါအမိန့်အရ ချင်းပြည်နယ်သို့ ကမ္ဘာလှည့်ခရီးသည်နှင့် နိုင်ငံခြားသားဧည့်သည်များအား ကန့်သတ်၍ သွားရောက် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ မေးခွန်းအပိုဒ်(၃)အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် ရက်စွဲပါ အမိန့်ဖြင့် ကန့်သတ်နယ်ြမေများ သတ်မှတ်ထားသော်လည်း ခွင့်ပြုဒေသများထက် ကျော်လွန်သွားရောက်လိုပါက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ တာဝန်ခံချက်ဖြင့် အထက်ဌာနသို့ တင်ပြခွင့်ပြုချက်ရရှိပါက ခွင့်ပြုခရီးစဉ်လမ်းကြောင်းများအတိုင်း သွားရောက်ခွင့် ပြုလျက်ရှိပါတယ်။ ခရီးသွားဧည့်သည်များ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ၎င်းတို့ သွားရောက်လိုသည့် နယ်မြေဒေသ၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း ရှိ၊ မရှိနှင့် လမ်း ခရီးတစ်လျှောက် လုံခြုံရေးအခြေအနေတို့အပေါ်မူတည်၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၏ တာဝန်ခံချက်၊ အထက်ဌာန၏ခွင့်ပြုချက်တို့နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုအခါ နိုင်ငံခြားသားများအား ကန်ပက်လက်၊ နတ်မတောင်၊ မင်းတပ်၊ အေးရွာစခန်း၊ ရမ်ဆီစခန်း၊ ၈ မိုင်စခန်း၊ ကနေဒီတောင်တို့အပြင် ဟားခါးမြို့နှင့်ဖလမ်းမြို့များကိုလည်း ခရီးသွားလာရေးလုပ်ငန်း လုပ်ကိုင် နေသည့် ခရီးသွားလုပ်ငန်းကုမ္ပဏီများ၏ အစီအစဉ်နဲ့လှည့်လည်သွားလာရတဲ့ Package Tour Groupများ တစ်ဦးချင်းလွတ်လပ်စွာသွားလာနေတဲ့ F.I.T ခေါ် Foreign Independent Traveller ခရီးသည်နှစ်မျိုးစလုံးကို ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှာ ကြိုတင် ခွင့်ပြုချက် တင်ပြပြီးတော့ ခွင့်ပြုချက်ရယူပြီး သွားလာခွင့်ပြုထားပြီး ဖြစ်ပါတယ်။
ခရီးစဉ်တစ်လျှောက် လုံခြုံရေးဆောင်ရွက်ရခြင်းနှင့် အခြားမလိုလားအပ်သည့် ဖြစ်စဉ်များ မပေါ်ပေါက်အောင် ထိန်းသိမ်းရခြင်းတို့ကြောင့် ခရီးစဉ်ကို ခွင့်ပြုဆောင်ရွက်ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန တစ်ခုတည်းသာမကပဲ သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သည့် ကော်မတီများက အဆင့်ဆင့်စိစစ်ခြင်း၊ နယ်မြေဒေသတွင်းရှိသည့် အဖွဲ့အစည်းအသီးသီးအား ကြိုတင်ပြီး အသိပေးညှိနှိုင်းအကြောင်းကြားရခြင်းတို့ပြုလုပ်ပြီး ခရီးသွားသည့်အခါမှာလည်း ခရီးစဉ်တစ်လျှောက်တွင် လိုင်စင်ရဧည့်လမ်းညွှန်များလိုက်ပါပြီး သွားလာခွင့်ပြုဆောင်ရွက်လျက် ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသည်များဖြစ်ကြတဲ့ ဂျာမနီ၊ နယူးဇီလန်၊ သြစတြေးလျနိုင်ငံသားများဟာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ တာဝန်ခံချက်ဖြင့် အထက်ဌာနသို့ ခွင့်ပြုချက် ရယူပြီး ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းကာလမှာ ချင်းပြည်နယ် အစွန်အဖျားမြို့များဖြစ်သော တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ရေဇွာ၊ မတူပီနှင့် မင်းတပ်မြို့များအထိ ခွင့်ပြုချက်ဖြင့် သွားလာစေလျက်ရှိပါတယ်။ အမေရိကန်နိုင်ငံတွင်နေထိုင်သူ အမေရိကန်နိုင်ငံသား Citizen ရရှိသူ ချင်းလူမျိုး ဦးအေးမောင်နှင့် ပတ်သက်၍ အဆိုပါပုဂ္ဂိုလ်သည် ၁၉၉၉-၂၀၀၀ ခုနှစ်ခန့်မှာ မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံ သို့ တရားဝင်ထွက်ခွာခဲ့ပြီး မလေးရှားနိုင်ငံမှတစ်ဆင့် ဂူခံကျွန်းမှနေ၍ အမေရိကန်နိုင်ငံသို့ သွားရောက်ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် သည့် အမေရိကန်နိုင်ငံသား နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ ဆိုရှယ်ဗီဇာလျှောက်ထား ရောက်ရှိစဉ် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနတစ်ခုခုသို့ မြန်မာနိုင်ငံရှိ မည်သည့်ဒေသသို့သွားရောက်မည်ကို သတင်းပို့လျှောက် ထားပြီး အထက်ဌာန၏ခွင့်ပြုချက်ကိုရရှိချိန်မှသာ သွားရမည်ဖြစ်သော်လည်း ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်အားမဆောင်ရွက်ဘဲ ချင်းပြည်နယ်၊ ဟားခါးမြို့သို့သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားဧည့်သည် များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးတံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်ခွင့်ပြုလျက်ရှိပြီး အဆိုပါနိုင်ငံခြားသားဧည့်သည်များအတွက် နိုင်ငံတော်အစိုးရမှသတ်မှတ် ကြော်ငြာထားသည့် အမည်ပျက်စာရင်း သတ်မှတ်ထားသူများပါရှိခြင်း ရှိ၊ မရှိကို သတင်းတပ်ဖွဲ့မှ စိစစ်ပြီး အမည်ပျက်စာရင်းတွင် မပါဝင်သူများကို သတ်မှတ်ဗီဇာစည်းကမ်းနှင့် ညီညွတ်ပါက နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်၊ လှည့်လည်သွားလာခွင့်နှင့် ကြည့်ရှုလေ့လာခွင့်တို့ကို ခွင့်ပြုပြီးဖြစ် ပါသည်။ အဆိုပါနိုင်ငံခြားသားဧည့်သည်များ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့ လှည့်လည် သွားလာရာတွင်လည်း မြန်မာနိုင်ငံအနှံ့ရှိ ရဲတပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်များက နေ့ညလုံခြုံမှုရှိစေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလုံခြုံမှုရှိစေရေးနှင့် ကူညီ စောင့်ရှောက်နိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသည်များ စောင့်ရှောက်ရေးအဖွဲ့ကို သီးခြားဖွဲ့စည်း တာဝန်ပေးအပ်လျက်ရှိပါတယ်။ ချင်းပြည်နယ်သို့ ရောက်ရှိသွားသည့် နိုင်ငံခြားသားဧည့်သည်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ကန့်သတ်ခြင်း၊ တားမြစ်ခြင်းမရှိဘဲ လုံခြုံစိတ်ချစွာ လှည့်လည်သွားလာ နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့မှ အနီးကပ်လိုက်ပါ စောင့်ရှောက်ပေးလျက်ရှိပါတယ်။ နိုင်ငံခြားသားများနှင့် နိုင်ငံခြားသားအဖြစ်ခံယူထားသော ချင်းလူမျိုးများသည် ချင်းပြည်နယ်အတွင်း ဝင်ရောက်လာမှုအား အထက်ဌာနအဆင့်ဆင့်၏ ခွင့်ပြုချက် ပါ၊ မပါကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအပြင် အခြားဌာနများမှလည်း ပူးပေါင်းစိစစ်ဖော်ထုတ်ပြီး အထက် ဌာနအဆင့်ဆင့်၏ ခွင့်ပြုချက်မပါရှိက ချင်းပြည်နယ်အတွင်းမှ ချက်ချင်းပြန်လည် ထွက်ခွာသွားစေရန် နှင့် ဆိုရှယ်ဗီဇာဖြင့် ချင်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမှုအား သီးခြားညွှန်ကြားချက်ထုတ်ပြန် ထားခြင်းမရှိ၍ ဝင်ရောက်လာမှုရှိပါက ပြန်လည်ထွက်ခွာသွားစေရန် ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးများတွင် ပြည်နယ်အစိုးရအဖွဲ့မှ လမ်းညွှန်မှုပြုထားပြီးဖြစ်ပါတယ်။ ယခုအခါ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ခရီးစဉ်စတင်တင်ပြချိန်မှ ခရီးစဉ်ခွင့်ပြုမိန့် ရရှိချိန်ထိ ရက်ပိုင်းအတွင်းခွင့်ပြုမိန့်ရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ကြိုးစားဆောင်ရွက် ပေးလျက်ရှိပါတယ်။ ၎င်းအပြင် မူဆယ်၊ တာချီလိတ်၊ ကော့သောင်းနယ်စပ် ဝင်/ထွက်ပေါက်များရှိ ရုံးခွဲများမှလည်း အီးမေး၊ အင်တာနက်များတပ်ဆင်လျက် အချိန်တိုအတွင်းခရီးစဉ်ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်ထောင်စုအစိုးရအသစ်၏ ပြောင်းလဲလာသော မူဝါဒများနှင့်အညီ သိပ်မကြာမီအချိန်ကာလအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းလည်ပတ်မည့် ကန့်သတ်ခရီးစဉ်များနှင့်ပတ်သက်၍ ကန့်သတ်ချက်များအား ဖြေလျှော့ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားထားပါသည် ။
