(င) ဝေးလံခက်ခဲနေသည့်ဒေသများ၏ ပညာရေး၊ ကျန်းမာရေးမြှင့်တင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့မှတ်တမ်း ( ၈-၃-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဦးစွာဂါရဝပြုအပ်ပါတယ်။ ကျွန်တော် ကတော့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစီခန်ရမ်ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ဝေးလံခက်ခဲသော နယ်စပ်ဒေသတိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေးနှင့် ဆိုင်သောမေးခွန်းကို မေးမြန်းလိုပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်က ပညာရေးအဆင့်အတန်းမြင့်မားရေးနှင်‌့ နိုင်ငံတကာပညာရေးအဆင့်အတန်းနှင့် ရင်ပေါင်တန်းနိုင်ရန်၊ ပညာရေးစနစ်ဖြစ်ထွန်းစေရန် ဦးတည် ဆောင်ရွက်ပေးသည့်အတိုင်း ဝေးလံခက်ခဲသောနယ်စပ်ဒေသရှိ ကျေးရွာများအထိ အ‌ြခေခံပညာ မူလတန်းကျောင်းများဖွင့်လှစ်ပေးပြီး တိုင်းရင်းသားလူငယ်များ၏ ပညာရေးမြှင့်တင်ပေးခဲ့တဲ့အတွက် ကြောင့် မိဘပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းတင်ပြလိုပါတယ်။ သို့ရာတွင် ဝေးလံ ခက်ခဲသော နယ်စပ်ဒေသရှိတိုင်းရင်းသားများ၏ ပညာရေးသည် တည်နေရာအနေအထားအရ လည်းကောင်း၊ လူနေမှုဘဝအ‌ြခေအနေအရလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအရလည်း ကောင်း၊ အခက်အခဲအဟန့်အတားများစွာ ရင်ဆိုင်ရပြီး ပညာအရည်အချင်းနိမ့်ကျကွာဟလျက်ရှိ တာကို တွေ့ရပါတယ်။ ဥပမာ- လူနေမှုပြန့်ကျဲသော နယ်စပ်ဒေသရှိ အ‌ြခေခံပညာမူလတန်းကျောင်း များတွင် ကျောင်းသားဦးရေအပေါ်အ‌ြခေခံပြီး ခန့်ထားသော ဆရာ၊ ဆရာမ တစ်ဦးနှစ်ဦးဖြစ်ပြီး ယင်းကျောင်းများ၏ ဘာသာစုံအရည်အချင်းပြည့်ဝအောင် သင်ကြားမှုမပြုနိုင်ကြပါ။ ဆရာ၊ ဆရာမ တစ်ဦးဦးသင်တန်းတက်ရောက်ရန် သို့မဟုတ် ရက်ရှည်ခွင့်ယူသည့်အခါ အစားထိုးပေးနိုင်မှုမပြုနိုင် ခြင်း၊ သင်ထောက်ကူပစ္စည်းများ မပြည့်စုံခြင်း၊ ပုံနှိပ်စာအုပ်၊ စာရေးကိရိယာများ မပြည့်စုံခြင်း၊ အခမဲ့ ပညာရေးစနစ်တွင် မြို့ပြများ၌ အလှူရှင်များအကူအညီပံ့ပိုးမှုရရှိနိုင်သော်လည်း နယ်စပ်ဒေသ၌ အလှူရှင်များမရရှိနိုင်ခြင်း၊ မီးအခက်အခဲရှိခြင်းနှင့် ရိက္ခာအခက်အခဲရှိခြင်းတို့ကြောင့် ဘာသာစုံ အချိန်ပြည့်သင်ကြားလေ့လာနိုင်ခွင့်မရကြပါ။ ဒါကြောင့် ပညာအရည်အချင်းနိမ့်ကျကာ ဆယ်တန်း အောင်ချက်နည်းပါးခြင်း၊ အောင်မှတ်နည်းပါးခြင်းစသည်တို့ကိုတွေ့ရပါတယ်။ ပညာအရည်အချင်း နိမ့်ကျမှုကြောင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများရွေးချယ်မွေးထုတ်ရာတွင် အခွင့်အရေး၊ အခွင့် အလမ်းဆုံးရှုံးရသည်ကို တွေ့ရှိရပါတယ်။ ဝေးလံသောနယ်စပ်ဒေသဖြစ်သည့် နောင်မွန်းနှင့် ခေါင်လန်ဖူးမြို့နယ်အကြားရှိ မဂွီးစကားကူးတံတားနှင့် ကားလမ်းများဖောက်လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ နီးပါးရှိခဲ့ပါတယ်။ ထိုလမ်းတံတားများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေကြေးများကုန်ကျခံခဲ့သော်လည်း လူသွားလမ်းမှတစ်ဆင့် ကားလမ်း၊ ဆိုင်ကယ်လမ်းအဆင့် မရောက်ရှိနိုင်သေးပါဘူး။ အဆိုပါလူသွားလမ်းဖြင်‌့ ဆက်သွယ် သွားလာ၍ နယ်စပ်ဒေသကို အဖြူရောင်နယ်‌ြမေအဖြစ် ယနေ့တိုင်ထိန်းသိမ်းခဲ့သည်မှာ ဒေသခံ တိုင်းရင်းသားများ၏ ခိုင်မာသောသွေးစည်းညီညွတ်မှု နိုင်ငံတော်အပေါ်သစ္စာရှိသော ပြည်ထောင်စု စိတ်ဓာတ်ရဲ့ သာဓကပင်ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအ‌ြခေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၂ ပုဒ်မခွဲ(ဂ)တွင် ဖွံ့ဖြိုးတိုးတက် မှုနည်းပါးသည့် တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဟူ၍ ပြဋ္ဌာန်းထားသည့်အတိုင်း နယ်စပ်ဒေသရှိ တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကို အထူးဖွံ့ဖြိုးရေး ဒေသသတ်မှတ်၍ အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များချမှတ်ထားသည်ကို လေ့လာတွေ့ရှိ ရပါသဖြင့် ဝမ်း‌ြမောက်ဝမ်းသာလက်ကမ်းကြိုဆိုပါတယ်။ နယ်စပ်ဒေသနေတိုင်းရင်းသားများ လိုလား တောင့်တနေသောလိုအင်ဆန္ဒများ မကြာမီပြည့်ဝလာလိမ့်မယ်လို့ယုံကြည်ပါတယ်။ အထူးဖွံ့ဖြိုးရေး ဒေသအဖြစ် လုပ်ငန်းအကောင်အထည်ဖော်ပါက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကွန်ရက်များ တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့် နောက်ကျ ကျန်ရစ်နေသောနယ်စပ်ဒေသကို အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ရန် အစီအစဉ် များ မည်သည့်အချိန်အခါတွင် စတင်ဆောင်ရွက်မည်ဆိုသော မင်္ဂလာသတင်းကောင်းကို ပြည်သူ့ လွှတ်တော်မှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများအား ပြန်ကြားပေးနိုင်ပါရန် လေးစားစွာမေးမြန်းထားပါသည် ။

ဖြေကြားသူ
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ပြည်ထောင်စုဝန်ကြီး၊
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

 လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်း ကိုယ်စိတ် နှစ်ဖြာကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်‌့အနေနဲ့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစီခန်ရမ်ရဲ့မေးခွန်းကို ပြန်လည်ဖြေကြား သွားမှာဖြစ်ပါတယ်။ ဒီမေးခွန်းကတော့ ခုနက ဝေးလံခက်ခဲတဲ့နယ်စပ်ဒေသများမှာရှိတဲ့ ပြည်သူများရဲ့ ပညာရေး၊ ကျန်းမာရေးမြှင့်တင်မှု အစီအစဉ်ကိုသိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့လည်း နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်မှာ ယင်းဥပဒေ နှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနက လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။  ဒီလိုဆောင်ရွက်ပေးတဲ့နေရာမှာ နယ်စပ်ဒေသများရဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၉၁ ခုနှစ်လောက်မှစ၍ ဆောင်ရွက်ပေးခဲ့ ရာမှာ ၂၀၁၁ ခုနှစ်လောက်ဆိုရင် စုစုပေါင်း ကျွန်တော်တို့ ပြည်သူ့ဘဏ္ဍာငွေကနေကျပ်ငွေ ၃၆.၇၄၆ ဘီလီယံသုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ အထက်တန်းကျောင်း ၉၄ ကျောင်း၊ အလယ်တန်းကျောင်း ၉၂ ကျောင်း၊ မူလတန်းကျောင်း ၈၈၈ ကျောင်းတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

ဒီလို တည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့် မူလတုန်းက နယ်စပ်ဒေသမှာ ဆိုလို့ရှိရင် အားလုံး ကျောင်းသူကျောင်းသားပေါင်း ၁၅၅၃ ဦးခန့်သာ ပညာသင်ကြားနိုင်တဲ့ အ‌ြခေအနေကနေ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ကျောင်းသူကျောင်းသားပေါင်း ၂၁၇၂၇၉ ဦး ပညာသင်ကြားနိုင်တဲ့အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဆအားဖြင့်ဖော်ပြရမယ်ဆိုရင် တော့ အဆပေါင်း ၁၁၀ ကျော်ခန့် တိုးမြှင့်ဆောင်ရွက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အလားတူပဲ ဆေးရုံအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဆေးရုံ ၁၀၀ ရုံ၊ ဆေးပေးခန်း ၉၆ ခန်း၊ ကျေးလက်ကျန်းမာရေး ဌာန ၉၄ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၀၂ ခုတို့ကို တည်ဆောက်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို ဝေးလံခေါင်သီတဲ့ဒေသရဲ့ ပညာရေး၊ ကျန်းမာရေးကိုမြှင့်တင်ဆောင်ရွက်ပေးရာမှာ ပဓာနလိုအပ်ချက် တစ်ရပ်ကတော့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့အတွက် ဦးစားပေးဆောင်ရွက်ရန်ပဲဖြစ်ပါ တယ်။ ဒီလို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကို အ‌ြခေပြုပြီးတော့ အုပ်ချုပ်မှုယန္တရား လက်လှမ်း မီအောင်ဆောင်ရွက်ပြီးမှသာ ဒီကနေတစ်ဆင့် ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ့်အနေအထားပဲဖြစ်ပါတယ်။ သာဓကအားဖြင့် အခု လတ်တလောမှာပင်လျှင် ကျွန်တော်တို့ နာဂဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့လကပင် အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်းနှင့် မူလတန်းကျောင်းအသစ် ၂၃ ကျောင်းကို တိုးမြှင့်ဖွင်‌့လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဝေးလံခေါင်သီ တဲ့ဒေသများ၏ ပညာရေး၊ ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံ့ ဘဏ္ဍတော်ငွေနဲ့ဆောင်ရွက်သည့်နည်းတူ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေနဲ့လည်း ကျွန်တော် တို့ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကလည်း အခုအချိန်မှာတော့ အရေးကြီးတဲ့ကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်မှုရှိပါတယ်။ သာဓကအားဖြင့်ပြောမယ်ဆိုလို့ရှိရင် နယ်စပ် ရေးရာဝန်ကြီးဌာနအနေနဲ့ ဂျပန်နိုင်ငံ Nippon Foundation နှင့်ပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်း(Education and Peace Development Plan-EPD)ကို ကျွန်တော်တို့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မူလတန်းကျောင်း ၂၀၀ ကို ကျွန်တော်တို့ သူတို့ရဲ့ အကူအညီနဲ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လာမယ့်နှစ်များမှာလည်း နှစ်စဉ်ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ Memorandum of Understanding ဆက်လက် လက်မှတ်ရေးထိုးဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ လတ်တလောမှာလည်း အိန္ဒိယနိုင်ငံအစိုးရ နှင့်ပူးပေါင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ နောက်အိန္ဒိယနိုင်ငံနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိနေတဲ့ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသမှာ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတို့ကိုဘက်စုံဆောင်ရွက်မယ့် ဘက်စုံစီမံကိန်း(Comprehensively Project) တစ်ခုကို နမူနာအနေနဲ့ စတင်ဆောင်ရွက်တဲ့နေရာမှာ အမေရိကန်ဒေါ်လာနှစ်သန်းနဲ့ညီမျှတဲ့ ကျပ်ငွေသန်း ၁၆၀၀ ခန့်ကိုသုံးစွဲပြီးတော့  ကျောင်း ၃၄ ကျောင်း၊ ဆေးရုံဆေးပေးခန်း ၆၁ ခုနှင့် တံတား ၃ စင်းတို့ကို အဆက်အစပ်ရှိရှိ တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ စီမံကိန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
    ထို့အပြင် နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားလူငယ်များကို အ‌ြခေခံပညာရပ်နှင့် အဆင့်မြင့် ပညာရပ်များ သင်ကြားပေးပြီးတော့ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ မိမိတို့ကိုယ်တိုင် တာဝန် ထမ်းဆောင်နိုင်မယ့် တိုင်းရင်းသားလူငယ်အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖြစ်ထွန်းလာစေရေး ရည်မှန်းချက်နဲ့ နယ်စပ်ဒေသမှာရှိတဲ့ ခေတ်အဆက်ဆက်ပညာသင်ဖို့ အခွင့်အလမ်းနည်းပါးခဲ့တဲ့ ဆင်းရဲချို့တဲ့တဲ့ ကလေးသူငယ်များအတွက်  စရိတ်ငြိမ်းပညာသင်ယူနိုင်‌ရေးအတွက်  နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၂၉ ကျောင်းကိုလည်း ကျွန်တော်တို့ ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးမှာ  ဖွင့်လှစ်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ခုနက မေးမြန်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးနေထိုင်တဲ့ ကချင်ပြည်နယ်မှာ ကျောင်း ၄ ကျောင်း ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ဒီကျောင်း ၂၉ ကျောင်းမှာ ၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်မှာ ကျောင်းသား ၂၄၉၇ ဦးနဲ့ ကျောင်းသူ ၄၉ ဦး၊ စုစုပေါင်း ၂၉၈၈ ဦး၊ တိုင်းရင်းသားလူမျိုးအရေအတွက် အားဖြင့်ဆိုရင်  ၃၃ မျိုး ပညာသင်ကြားလျက်ရှိပါတယ်။ ဒီလိုသင်ကြားခဲ့တဲ့အထဲမှာ ၂၀၁၀ -၂၀၁၁ ပညာသင်နှစ်အထိ ကျောင်းသား ၆၄၂ ဦးနဲ့ ကျောင်းသူ ၁၃၄ ဦး၊ စုစုပေါင်း ၇၇၆ ဦးဟာ အခြေခံပညာအထက်တန်း သင်ကြားအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို အောင်မြင်ခဲ့ပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားများကိုလည်း ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့် မန္တလေး)တို့မှာ ကျွန်တော်တို့ စရိတ်ငြိမ်းဆက်လက်သင်ကြားပေးလျက်ရှိပါတယ်။ အလားတူ အခြားသောသင်ကြား ပေးခဲ့တဲ့ ကျောင်းသားများကတော့ဖြင့် နယ်‌ြမေဒေသရဲ့ အုပ်ချုပ်ရေးလုပ်ငန်းဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်စေရန်ရည်ရွယ်ပြီးတော့ အခြားသောကျောင်းသူများကိုလည်း ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းနှင့် သားဖွား သင်တန်းများကို တက်ရောက်နိုင်ရေးအတွက် ကျွန်တော်တို့ အထူးစီမံကိန်းတစ်ရပ်အနေနဲ့ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အဲ့ဒီလို ဆောင်ရွက်ပေးခဲ့တဲ့နေရာမှာ အခုအချိန်အထိ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှာ ဝိဇ္ဇာပညာရပ်မှာ ၁၁၃ ဦး၊ သိပ္ပံဘာသာရပ်မှာ ၄၃၄ ဦးနှင့် အင်ဂျင်နီယာဘာသာရပ်မှာ ၂၉၄ ဦး၊ စုစုပေါင်း ၈၄၁ ဦး  ပညာသင်ကြားလျက်ရှိကြပါသည်။ အလားတူပဲ ဒီလိုမွေးထုတ်ပေးခဲ့တဲ့ ဝိဇ္ဇာဘွဲ့ရ ၄၃၉ ဦး၊ သိပ္ပံဘွဲ့ရ ၈၁၅ ဦး၊ အေဂျီတီအိုင်ဒီပလိုမာရ ၅၂၆ ဦးကိုလည်း ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ပေးခန့်အပ်ပြီးတော့  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ဆောင်ရွက်စေခဲ့ပြီးဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားလူငယ်များထဲက ပညာထူးချွန်တဲ့သူတွေကိုလည်း ဆက်လက်ပြီးတော့ အဆင့်မြင့် ပညာများသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့တဲ့အတွက် မဟာသုတေသနဘွဲ့ရ ၄၇ ဦး၊ မဟာ ဝိဇ္ဇာဘွဲ့ရ ၃၉ ဦး၊ မဟာသိပ္ပံဘွဲ့ရ ၅၀ ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ရ ၁၆ ဦး၊ အင်ဂျင်နီယာဘွဲ့ရ ၁၂၃ ဦး၊ အင်ဂျင်နီယာ နည်းပညာဘွဲ့ ၁၁၄ ဦး၊ စုစုပေါင်း ၃၈၉ ဦး ကျွန်တော်တို့ အဆင့်မြင့်ဘွဲ့များရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုအဆင့်မြင့်ဘွဲ့များရရှိခဲ့တဲ့အပြင် ပါရဂူဘွဲ့သင်တန်းမှာ ၂၅ ဦး၊ မဟာသုတေသန သင်တန်းမှာ ၁၁ ဦးနဲ့ မဟာဝိဇ္ဇာဘွဲ့သင်တန်းမှာ ၂၀ ဦး၊ မဟာသိပ္ပံဘွဲ့ သင်တန်းမှာ ၇၃ ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ သင်တန်းမှာ ၃၃ ဦး၊ အင်ဂျင်နီယာဘွဲ့သင်တန်းမှာ ၇၃ ဦး၊  B.Tech ဘွဲ့မှာ ၁၃၆ ဦး၊ စုစုပေါင်း ၃၇၃ ဦး ဆက်လက်ပညာသင်ကြားလျက်ရှိပါတယ်။ အလားတူပဲ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)ကနေအောင်မြင်တဲ့ ကျောင်းသူကျောင်းသားများကို ကျွန်တော်တို့ ဆက်လက်ပြီး ပညာသင်ကြားပေးလျက်ရှိတဲ့နေရာမှာ ပညာရေးဘွဲ့(B.Ed) ၁၄ ဦး၊ ပညာရေးကောလိပ် ၂၀ ဦးနဲ့ သူနာပြုသင်တန်းတွင် ၁၁ ဦး၊ သားဖွားသင်တန်းတွင် ၈ ဦး ကျွန်တော်တို့ ဆက်လက် သင်ကြားပေးလျက်ရှိပါသည်။
    အလားတူပဲ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း အ‌ြခေခံ ပညာအထက်တန်းအောင်မြင်သူများမှ သူနာပြုနှင့်သားဖွားသင်တန်း တက်ရောက်လိုသူများကို ရမှတ် တန်းစီဇယားဖြင့်ရွေးချယ်၍ သက်ဆိုင်ရာဒေသရှိသင်တန်းကျောင်းများတွင် တက်ရောက်ခွင့်ပြုလျက် ရှိပါသည်။ ဒီလိုတက်ရောက်တဲ့နေရာမှာ ဝေးလံခေါင်ဖျားဒေသများမှဖြစ်မယ်ဆိုလို့ရှိရင် သူနာပြု၊ သားဖွားသင်တန်းများကို ကျောင်းမှလက်ခံနိုင်တဲ့ဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအထိ အရည်အချင်းများ အနည်းငယ်လျော့ကျသည်‌့တိုင်အောင် အထူးကိစ္စရပ်အနေနဲ့ ရွေးချယ်ပြီးတော့တက်ရောက်စေလျက် ရှိပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာဆိုရင် သူနာပြု၊ သားဖွားသင်တန်းကိုတက်ရောက်ခဲ့ရာမှာ သူနာပြု(ကျား) ၃၆ ဦး၊ (မ) ၆၅၀ ဦး၊ စုစုပေါင်း ၆၈၆ ဦးမွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အလားတူပဲ မြစ်ကြီးနားမှာရှိတဲ့ သားဖွားသင်တန်းကျောင်းကိုလည်း တစ်နှစ်လျှင်နှစ်ကြိမ်သင်တန်းများဖွင့်လှစ် သင်ကြားပေးခဲ့တဲ့နေရာမှာ အခု ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာရေးနှစ်အထိ သားဖွားဆရာမ ၃၂၄ ဦး တို့ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးတော့ ကချင်ပြည်နယ်အတွင်းရှိဆေးရုံ၊ ‌ဆေးပေးခန်းနှင့် ကျန်းမာရေး ဌာနများမှာ ခန့်အပ်တာဝန်ပေးထမ်းဆောင်စေလျက်ရှိပါတယ်။ ဒီလိုလုပ်ငန်းစဉ်များကိုကြည်‌့ခြင်း အားဖြင့် နိုင်ငံတော်အစိုးရအနေနဲ့ နယ်စပ်ဒေသများရဲ့ ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ရည်မှန်းချက်တာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိတာကို ထင်ရှားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းအနေနဲ့ နယ်စပ်ဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသား ပြည်သူများရဲ့ ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကြား ကွက်လပ်မကျန်အောင်ဆောင်ရွက်လျက်ရှိရာမှာ နယ်မြေဒေသရဲ့ တည်ငြိမ်အေးချမ်းမှု၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှု၊ ဒေသခံတိုင်းရင်းသားလူမျိုးများရဲ့ ပူးပေါင်းဆောင်ရွက်မှုများဟာလည်း အဓိကကျတဲ့အခန်းကဏ္ဍမှ ပါဝင်လျက်ရှိတဲ့အတွက်ကြောင့် အားလုံးပိုမို ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော့်အနေနဲ့တိုက်တွန်းရင်း ရှင်းလင်းဖြေကြားထားပါသည် ။