(စ) မြန်မာ့စိုက်ပျိုးရေးဘဏ်မှတောင်သူလယ်သမားများအား ငွေကြေးလိုအပ်ချိန်၌ အတိုးငွေကိုထုတ်ယူခွင့် ပြုရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့မှတ်တမ်း ( ၉-၃-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မေးမြန်းမယ့်မေးခွန်းကတော့ နိုင်ငံအဝန်းမှာရှိတဲ့ တောင်သူ လယ်သမားများရဲ့ အခက်အခဲနဲ့ပတ်သက်လို့ မေးမြန်းမှာဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံတော်မှာ ဝန်ထမ်းလောကရဲ့ဦးရေကို ပြန်လည်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်းအရ ဥပဒေပညာရှင် များနှင့် အကြီးတန်းအရာရှိများနဲ့ အခြားပညာရှိများရဲ့ ရာခိုင်နှုန်းဟာ ဝ.၄ ဖြစ်ပါတယ်။ အသက်မွေး ဝမ်းကျောင်းပြုတဲ့ ပညာရှင်တွေကတော့ ၂.၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ စက်မှုအသက်မွေးပညာနဲ့ ပတ်သက်လို့ ပညာရှင်တွေက ၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ စာရေး၊ စာချီများက ၂.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဝန်ဆောင်မှုနှင့် အရောင်းလုပ်သားတွေက ၁၀.၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ လယ်ယာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်တဲ့ဝန်ထမ်းများက ၃၂. ၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ လက်မှုပညာသည် များက ၁၁.၆ ရာခိုင်နှုန်းဖြစ်ပြီးတော့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေက ၃.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အခြေခံအလုပ်လုပ်တဲ့လူတွေကတော့ ၃၄.၈ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ရာခိုင်နှုန်းအားဖြင့် များပြားတဲ့ လယ်သမားများအနေနဲ့ ယနေ့ နိုင်ငံတော် အစိုးရသစ်အသွင်ကူးပြောင်းတဲ့ကာလမှာ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ တစ်နှစ်တာကာလအတွင်း အုပ်ချုပ်တဲ့အချိန်မှာ သူတို့ရဲ့လယ်ယာလုပ်ငန်းနဲ့ပတ်သက်လို့ စပါးတစ်တင်းရဲ့တန်ဖိုးဟာ ကျပ် ၄၀၀၀၊ ၅၀၀၀ ကနေပြီးတော့ ယနေ့ ၂၈၀၀၊ ၃၃၀၀ အထိ ကျဆင်းလာပါတယ်။ ပဲတစ်တင်း တန်ဖိုးနဲ့ပတ်သက်လို့လည်း ယခင် ၃၀၀၀၀ ကျော်ကနေ ယနေ့ ၁၈၀၀၀ ဝန်းကျင်အထိ ကျဆင်းလာ တာကို တွေ့ရမှာဖြစ်ပါတယ်။ သို့သော် အလုပ်သမားဈေးနဲ့ပတ်သက်လို့တော့ ယခင် ၁၅၀၀ ကနေ ယနေ့ ၂၅၀၀ ထိ မြင့်တက်လာပါတယ်။ အလားတူပဲ ဓာတ်မြေသြဇာဈေးနှုန်း၊ ပိုးသတ်ဆေးဈေးနှုန်း၊ ပို့ဆောင်စရိတ်စသည်တို့ဟာ မြင့်တက်လာတဲ့အတွက်ကြောင့် လယ်သမားများရဲ့ စားဝတ်နေရေးဟာ ယခင်ကာလထက် ပိုမိုပြီးတော့ အကျပ်အတည်းများနဲ့ တွေ့ကြုံနေရတဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားများအနေနဲ့ သူတို့ရဲ့အခက်အခဲကို ‌ြဖေရှင်းပေးတဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးဘဏ်ကနေပြီးတော့ တောင်သူလယ်သမားချေးငွေတွေကို ချေးခဲ့ရ ပါတယ်။ ချေးငွေအနေနဲ့ လယ်တစ်ဧက ကနေ ၁၀ ဧကကို ချေးငွေ ၄၀၀၀၀ နှုန်းနဲ့ ထုတ်ချေးပါတယ်။ ချေးငွေပေါ်မှာ ၆ ရာခိုင်နှုန်းကို စုဆောင်းငွေနဲ့တဲ့စုဆောင်းရတာ တွေ့ရှိရပါတယ်။ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်ကတော့ အိုနာစာရန်ပုံငွေအတွက် အသက်ကြီးလာရင် သုံးဖို့ဆိုပြီးတော့ လုပ်ပေးတယ် လို့လည်း သိရပါတယ်။ သို့သော် လယ်သမားများ ယနေ့ကြုံတွေ့နေရတဲ့ စီးပွားရေးအခက်အခဲ ကြောင့် တစ်ကြိမ်ချေးတိုင်း၊ ချေးတိုင်း သူတို့လယ်တစ်ဧကပေါ်မှာ ၂၄၀၀ ကျပ်စုဆောင်းခဲ့ကြ ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ယနေ့လို အခက်အခဲဖြစ်တဲ့အချိန်မှာ တချို့လည်းဒီငွေတွေကို ပြန်လည်ထုတ်ယူချင်ပါတယ်။ တချို့လည်း ဒီလိုစုနေတဲ့ငွေတွေဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါမှာ အတိုးရချင်ပါတယ်။ ရရှိတဲ့အတိုးငွေကိုလည်း ပြန်လည်ထုတ်ယူလိုကြောင်း သိရှိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မေးမြန်းတဲ့အခါမှာ အတိုးငွေပေးတဲ့အကြောင်း စုငွေတွေကိုလည်း ထုတ်လို့ရတယ်ဆိုတဲ့ အကြောင်းသိရပါတယ်။ သို့သော် ဒီလိုသိတဲ့လူက မြို့ဝန်းကျင်မှာရှိတဲ့ လယ်သမားအချို့သာဖြစ်ပြီးတော့ အမှန်တကယ်ကျေးလက်မှာလုပ်နေတဲ့ လယ်သမားများ ဂဃနဏ သိရှိခြင်းမရှိရကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့မေးလိုတဲ့ မေးခွန်းကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးဘဏ်ကနေ တောင်သူ လယ်သမားချေးငွေအဖြစ် လယ်တစ်ဧကမှ ၁၀ ဧကအထိ တစ်ဧကလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ချေးလျက်ရှိပြီး ချေးငွေ၏  ၆ ရာခိုင်နှုန်းအား စုဆောင်းငွေအဖြစ် စုဆောင်းရသည့်အတွက် လယ်တစ်ဧကပိုင်ဆိုင်သူသည် ၂၄၀၀ ကျပ် စုဆောင်းခဲ့ကြရပါတယ်။ အဆိုပါ စုဆောင်းငွေနဲ့ ပတ်သက်၍ တောင်သူလယ်သမားများမှ အောက်ပါမေးခွန်းများ သိရှိလိုကြသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားပေးနိုင်ပါရန် တင်ပြအပ်ပါသည်-
    (က)    လယ်လုပ်ငန်းလုပ်ကိုင်စဉ် ငွေကြေးလိုအပ်ချိန်၌ ပြန်လည်ထုတ်ယူခွင့် ရရှိလိုကြသဖြင့် ခွင့်ပြုပေးရန်အစီအစဉ် ရှိ၊ မရှိ
    (ခ )    ၎င်းစုဆောင်းငွေပေါ်တွင် အတိုးငွေသတ်မှတ်ပေးထားခြင်း ရှိ၊ မရှိ
    (ဂ )    ၎င်းအတိုးငွေများကိုလည်း ငွေကြေးလိုအပ်ချိန်တွင် ပြန်လည်ထုတ်ယူခွင့်ရရှိလိုကြ သဖြင့် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မြေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးအုန်းသန်း ဒုတိယဝန်ကြီး
အဖြေ

 လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးမှ မေးမြန်း ထားတဲ့ မေးခွန်းအပေါ်မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်‌ြမောင်းဝန်ကြီးဌာန၊ ဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ကျွန်တော် ဦးအုန်းသန်းမှ ‌ရှင်းလင်းြဖေကြားသွားမှာဖြစ်ပါတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဟာ ကျေးလက်နေတောင်သူများ ဘဏ်စနစ်ကို ကျင့်သုံးတတ်စေရန်နှင့် တောင်သူ လက်ဝယ်ရှိတဲ့ ငွေပိုငွေလျှံတွေကို ချွေတာစုဆောင်းတတ်တဲ့ အလေ့အကျင့်ရှိစေရန်အတွက်             ၁-၁၀-၁၉၉၃ ရက်နေ့မှစတင်ပြီး တောင်သူတစ်ဦးချင်းကို ငွေစုစာအုပ်များ ထုတ်ပေးပြီး ငွေစုဆောင်း ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၁-၁၀-၁၉၉၃ ရက်နေ့မှ ၂၀-၁-၂၀၁၂ ရက်နေ့အထိ ငွေစုသူတောင်သူဦးရေ ၃.၀၃၇ သန်းကနေပြီးတော့ ငွေကျပ်သန်းပေါင်း ၆၄၃၃၇.၁၂ ကျပ်သန်းကို စုဆောင်းထားခဲ့ကြပါတယ်။ ၎င်းစုဆောင်းငွေများဖြင့် တောင်သူများလိုအပ်တဲ့ လယ်ယာသုံး စက်ကိရိယာများကို ဘဏ်မှအဆဖြင့် ထုတ်ချေးပေးသကဲ့သို့ တောင်သူများငွေကြေး လိုအပ်၍ ပြန်လည်ထုတ်ယူလိုပါကလည်း သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ရုံးချုပ်သို့တင်ပြပြီး ခွင့်ပြုချက်ဖြင့် ပြန်လည်ထုတ်ပေးလျက်ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ             ၁-၄-၂၀၁၁ ရက်နေ့ကနေပြီး ၂၀-၁-၂၀၁၂ ရက်နေ့အထိ တောင်သူလယ်သမားပေါင်း ၂၇၉၉ ဦးကို ငွေကျပ်သန်းပေါင်း ၁၁၀၅.၆၃ သန်း ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ထို့အပြင် တောင်သူများ သေဆုံးသွားခြင်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်းမပြုတော့၍ ငွေစုစာရင်းပိတ်သိမ်းလိုပါကလည်း အပြီးတိုင်ငွေစာရင်း ပိတ်သိမ်းပေးပြီး ၎င်းတို့ရဲ့စုဆောင်းငွေ လက်ကျန်အားလုံး ထုတ်ပေးလျက် ရှိပါတယ်။ ၁-၄-၂၀၁၂ ရက်နေ့မှ ၂၀-၁-၂၀၁၂ ရက်နေ့အထိ စာရင်းပိတ်သိမ်းသူပေါင်း ၂၁၂၉ ဦးကို ငွေကျပ်သန်းပေါင်း ၁၃၀.၁၁ သန်းထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းထားတဲ့ တောင်သူလယ်သမားများရဲ့ စုဆောင်း ငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ ငွေစုစာအုပ်များ စုသကဲ့သို့ ကာယကံရှင်၏ဆန္ဒအရ ထုတ်ပေးရန် တောင်းဆိုလာပါက ထုတ်ပေးလျက်ရှိနေပြီဖြစ်ပါကြောင်း ‌ြဖေကြားအပ်ပါတယ်။ ထိုသို့ ပြန်လည် ထုတ်ပေးရန်အတွက်လည်း သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ လုပ်ထုံးလုပ်နည်း အရလည်း ဆောင်ရွက်နိုင်ခွင်‌့ရှိပါတယ်။ ၎င်းတောင်သူများ စုဆောင်းငွေများအပေါ်  နိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်သည့်အတိုးနှုန်းအတိုင်း အတိုးငွေများကို တောင်သူလယ်သမားငွေစုစာအုပ် များမှာ ထည့်သွင်းပေးလျက်ရှိပါတယ်။ မြို့နယ်ဘဏ်ခွဲများဟာ နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးတိုင်း ငွေစုသူတစ်ဦးချင်းရဲ့ ငွေစုလယ်ဂျာများမှာ အတိုးတွက်ချက်ပေးထားပြီး ငွေစုသူက ငွေစုစာအုပ် လာရောက်တင်ပြပါက ငွေစုစာအုပ်မှာ အတိုးထည့်သွင်းပေးလျက်ရှိပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်ချွေတာစုဆောင်းအပ်နှံငွေအပေါ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပေးသော အတိုးပမာဏမှာ ကျပ်သန်းပေါင်း ၅၀၈၅ သန်းပေါင်းရှိကြောင်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ ငွေကြေးလိုအပ်ချိန်တွင် အတိုးအပါအဝင် စုဆောင်းငွေများ အားလုံးကို ထုတ်ယူလိုကြောင်း ဘဏ်သို့တောင်းဆိုလာပါက ၎င်းတို့၏ စုဆောင်းငွေများအား ထုတ်ပေးလျက်ရှိပါကြောင်း ဖြေကြားထားပါသည် ။