(ဆ) စက်မှုလယ်ယာစနစ်ကို ဒဂုံမြို့သစ်ဒေသစိုက်ပျိုးရေးအထူးဇုန်(၁)နှင့်(၂)တွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့မှတ်တမ်း ( ၉-၃-၂၀၁၂ )

မင်္ဂလာပါခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပုဇွန်တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင် ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာမှ အားထုတ်ကြိုးပမ်းလျက် ရှိသည်မှာ အားလုံးအသိပင်ဖြစ်ပါတယ်။ သို့သော်လည်း တောင်သူလယ်သမားများအဖို့ စိုက်စရိတ် မလုံလောက်မှုနှင့်လယ်ယာမြေသိမ်းယူမှုအချို့လည်း ရှိနေပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ ၃၇ ပုဒ်မခွဲ(က)အရ လယ်ယာမြေများကို နိုင်ငံတော်အတွက် အကျိုးရှိစေမည့်စီမံကိန်းလုပ်ငန်း များအတွက် သိမ်းယူခြင်းပြုလျှင်တောင် ထိုက်သင့်သော လျော်ကြေးများပေးလျက်ရှိသည်ကိုလည်း သိရှိရပါတယ်။ ထို့အပြင် လိုအပ်သည့် ဧရိယာမျှသာလျှင်လည်း သိမ်းယူကြောင်း သိရှိရပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်းပဲ ညွှန်ကြားချက်များဖြစ်သော နိုင်ငံတော်မှ စီမံကိန်းအတွက် သော်လည်းကောင်း၊ အခြားအကြောင်းအမျိုးမျိုးအတွက်သော်လည်းကောင်း မြေသိမ်းတဲ့အခါ သက်ဆိုင်ရာ မြေရှင်၊ လယ်ပိုင်ရှင်များနှင့်ကျေနပ်အောင်ညှိနှိုင်းပြီးမှ သိမ်းယူခြင်းပြုရန်ဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။ သို့သော် အချို့ဒေသများမှာဆိုရင် ပုဂ္ဂလိက အကျိုးစီးပွားအလို့ငှာ လယ်ယာ ခြံမြေများကို သိမ်းယူရာတွင် အနည်းငယ်မျှသော ငွေကြေးကိုသာပေးသည်ကိုသာ သိရှိရပါတယ်။ ထိုဒေသများရှိ တောင်သူလယ်သမားများမှာလည်း အလုပ်လက်မဲ့ဘဝသို့ရောက်ခဲ့ရသည်ကို တွေ့ရှိနေရပါတယ်။ သိမ်းယူသူများကတော့ ထို‌ြမေများကို အကွက်ရိုက်ပြီး တန်ဖိုးကြီးကြီးဖြင့် ရောင်းချလျက်ရှိနေပါတယ်။ မျက်မြင်တွေ့ခဲ့ရသော နေရာမှာ ချောင်းသာရှိ တောင်ကတုံးကျေးရွာမှ ကျောက်မောင်နှမ ကမ်း‌ြခေတစ်လျှောက်ရှိ အုန်းခြံများကို သိမ်းရာတွင် အုန်းပင်ဖိုးသာပေးပြီး မြေဖိုးပါရှိခြင်းမရှိဘဲ၊ ၎င်းမြေများကို ဖြတ်ပိုင်း၍ သိမ်းယူသူတို့က တန်ဖိုးကြီးကြီးဖြင့် ပြန်လည် ရောင်းချနေသည်မှာ အသိမ်းခံရယူများအဖို့ ရင်နင့်ဖွယ်တွေ့ရှိရပါတယ်။ ပုဒ်မ ၂၃ ပုဒ်မခွဲ(က)အရ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပါတယ်။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ လုပ်ငန်းရှင်များနှင့် လယ်သမားများပူးပေါင်း၍ ဧက ၁၀၀၀ကို ခေတ်မီစက်ကိရိယာများဖြင့် စက်မှုလယ်ယာစနစ်ကို ဒဂုံမြို့သစ်ဒေသ စိုက်ပျိုးရေးအထူးဇုန် (၁) နှင့် (၂) တွင် အကောင်အထည် ဖော်လျက်ရှိသည်ကိုလည်း သိရှိရပါတယ်။ ယင်းသို့ စက်မှုလယ်ယာစီမံကိန်းအဖြစ် လုပ်ကိုင်ခဲ့ သည်မှာ ၃ နှစ်ခန့် ကြာမြင့်ပြီး ဖြစ်ပါတယ်။ အဆိုပါ လယ်များကို နှစ် ၃၀ ဂရန် ချထား၍ စိုက်ပျိုးခွင့်ပြုမည်ဟုလည်း သိရပါတယ်။ သို့သော် လုပ်ကွက်ငယ်လယ်သမားအများစုအတွက် နှစ်ရှည်ဂရန်ချထား လုပ်ကိုင်ခွင့်ပါရှိခြင်းမရှိသည်ကိုတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ လယ်သမားများ ကိုယ်စား မေးမြန်းလိုသည်မှာ-
    (က)    ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အကျိုးငှာသိမ်းယူမှုများကို တောင်သူလယ်သမား များ၏အကျိုးငှာ မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါတယ်။
    (ခ)    လယ်ယာစိုက်ပျိုးရေးနှင့်ဆည်‌ြမောင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးမှုအမှန်တကယ် လုပ်ကိုင်သူများကို နှစ် ၃၀ ရင်းနှီးလုပ်ကိုင်ခွင့်စနစ် ခွင့်ပြုသွားမည်ဟု ရှင်းလင်း ပြောကြားခဲ့သော်လည်း ကုမ္ပဏီကြီးများကသာ အဆိုပါအခွင့်အရေးကို ရရှိနေပြီး အဘယ်ကြောင့် ကွဲပြားသောခွင့်ပြုချက်များရှိနေသည်ကိုလည်းသိလိုပါတယ်။
    (ဂ)    အဆိုပါကုမ္ပဏီကြီးများ၏ စက်မှုလယ်ယာစိုက်ပျိုးရေးမှ တစ်ဧကထွက်နှုန်းတိုးမှု ရှိ၊ မရှိနှင့် မည်သို့သောဆန်မျိုးကို စိုက်ပျိုးထုတ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်း ရှိ၊ မရှိကို မေးမြန်းထားပါသည် ။

ဖြေကြားသူ
ဦးအုန်းသန်း ဒုတိယဝန်ကြီး
အဖြေ

 လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၏ မေးမြန်းချက် အပေါ်တွင် လယ်ယာစိုက်ပျိုး‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဦးအုန်းသန်းမှ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ ယခင်အစိုးရကာလက နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရေးအတွက် ငွေကြေးပမာဏ ထိထိရောက် ရောက်အသုံးပြုရင်းနှီးမြှုပ်နှံနိုင်ကြသော လုပ်ငန်းရှင်ကြီးများအား တိုင်းဒေသကြီးနယ်မြေအလိုက် ခွင့်ပြုကုမ္ပဏီကြီးများ ဖွဲ့စည်းစေခြင်း၊ ထိုကုမ္ပဏီများအနေဖြင့် ငွေကြေးအရင်းအနှီးများစွာကို အသုံးပြု၍ မြေယာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း (Land Development) အပါအဝင် စိုက်ပျိုး ရေသောက်စနစ်များကောင်းမွန်ရေး၊ စက်ယန္တရားကြီးများ အသုံးပြုဆောင်ရွက်နိုင်ခြင်းအားဖြင့်  နိုင်ငံတော်၏ မြေသယံဇာတများကို ထိရောက်စွာဖော်ထုတ်လုပ်ကိုင်စေခဲ့ခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်အတွင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒဂုံမြို့သစ် အိမ်ရာမြေ စီမံကိန်းမြေအဖြစ် အသုံးချရန် လန-၃၉ ခွင့်ပြုမိန့်ရရှိပြီးမြေများတွင် မြို့ပြစီမံကိန်း လုပ်ငန်းကြီးများ ဖော်ထုတ်အသုံးမပြုမီ မြေကွက်လပ်များအဖြစ် ဆုံးရှုံးမှုမရှိစေရေးအတွက် ယခင်နိုင်ငံတော်အစိုးရ၏ တာဝန်ပေးချက်အရ ခေတ်မီစက်မှုလယ်ယာစံပြအထူးစိုက်ပျိုးရေးဇုန် ဖော်ထုတ်လုပ်ကိုင်ရန် ဒဂုံ၊ ယုဇန၊ ထူး၊ ဆင်းရွှေလီ၊ ဦးပိုင်၊ ရွှေနဂါးမင်း၊ မက်စ်မြန်မာ၊ ရွှေဟိန်းထက်၊ အေဒင်၊ အေးရှားဝေါလ်၊ ဂရင်းအေးရှား၊ အမျိုးသားကြီးပွားတိုးတက်ရေး၊ ရွှေတောင်၊ ပင်လယ် ကိုးသွယ်၊ ဂွတ်ဘရားသား၊ မြရွှေဝါကုမ္ပဏီစတဲ့  ကုမ္ပဏီလုပ်ငန်းရှင်ကြီးများက လုပ်ကွက်များ သတ်မှတ်၍ စက်မှုလယ်ယာစံပြစိုက်ပျိုးရေးဇုန်အဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ စက်မှု လယ်ယာစံပြစိုက်ပျိုးရေးအထူးဇုန်နယ်မြေအတွင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ဒေသဆိုင်ရာ အာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် ဇုန်အမှတ်(၁)နှင့် ဇုန်အမှတ်(၂)အတွင်းရှိ လယ်သမား ၁၀၈၅ ဦး၊ မြေဧရိယာ ၇၅၀၅ ဧကအတွက် တစ်ဧကလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၁၀ သိန်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ဇုန်နယ်မြေအတွင်းရှိ လယ်တဲများနှင့် ဘုန်းကြီးကျောင်းများကိုလည်း မြို့ပြအိမ်ရာဖော်ထုတ်ပေးပြီး ရပ်ကွက်အတွင်း အိမ်ရာ မြေကွက်များအခမဲ့ပေး၍ ပြောင်းရွှေ့နေရာ ချထားပေးပြီး လမ်းဖောက်လုပ်ပေးပြီးဖြစ်ကြောင်း  စိစစ်သိရှိရပါတယ်။ အဆိုပါစံပြစိုက်ပျိုးရေး အထူးဇုန်နယ်မြေအတွင်း လုပ်ကွက်အလိုက် ကုမ္ပဏီများက လယ်သမားများအား လယ်မြေ တစ်ဧကလျှင် ကျပ် ၂၅၀၀၀ နှုန်း၊ ကျပ် ၄၀၀၀၀ နှုန်း၊ ကျပ် ၅၀၀၀၀ နှုန်းစသည်ဖြင့် စုစုပေါင်းမြေ ၄၈၇၅ ဧကအတွက်ငွေကျပ် ၂၀၈၂ သိန်းနှင့် နေအိမ်များအသစ် ဆောက်လုပ်ပေးခြင်းအတွက် ငွေကျပ် ၅၈၆ သိန်း၊ စုစုပေါင်း ၂၆၆၈ သိန်း ထောက်ပံ့ငွေထပ်မံပေးအပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်မှစတင်ပြီး စက်မှုလယ်ယာစနစ်စံပြအထူးဇုန်အဖြစ်သတ်မှတ်၍ ကုမ္ပဏီများ အနေဖြင့် တစ်ဆင်‌့ပြီးတစ်ဆင့်ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်ခဲ့ရာ ရာနှုန်းပြည့်နီးပါး ဖော်ထုတ် လမ်းများ၊ ဟတ်တာကွက်များ၊ ဧကကွက်များနှင့် ရေတင်စနစ်၊ ရေထုတ်စနစ်များအပါအဝင် တည်ဆောက် အကောင်အထည်ဖော်ခဲ့ကြတဲ့အတွက် ကဏ္ဍအလိုက် ကျပ်သိန်းထောင်ပေါင်းများစွာ အသီးသီးရင်းနှီးမြှုပ်နှံကုန်ကျခဲ့ပြီး ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ ယခုနှစ် နွေစပါးရာသီကာလမှာ ကုမ္ပဏီများအနေဖြင့် အရှိန်အဟုန်မြင့်တင်ပြီး စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးနှင့် အထူးအထွက်တိုး စပ်မျိုးစပါးများကို မျိုးစေ့ထုတ်လုပ်ငန်းအပါအဝင် စံနမူနာပြဇုန်အဖြစ်ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ မူလက ထိုဒေသအနီးပတ်ဝန်းကျင်တစ်ဝိုက်မှာ ရှိနေ ကြသော လယ်ယာလုပ်သားများအပါအဝင် ဒေသအသီးသီးမှ အလုပ်လုပ်လိုသူများအတွက်လည်း ခေတ်မီစက်ကိရိယာ မောင်းနှင်ခြင်းလုပ်ငန်း၊ ခေတ်မီစက်ကိရိယာထိန်းသိမ်းခြင်းလုပ်ငန်း၊ ကိုယ်တိုင် ပါဝင် စိုက်ပျိုးရေးလုပ်ငန်းစတဲ့ အသီးသီးအလုပ်အကိုင်အခွင့်အလမ်းများနဲ့ဝင်ငွေများ တိုးတက်ခံစား ရရှိလျက်ရှိနေကြောင်း သိရှိရပါတယ်။ ဂရင်းအေးရှားကုမ္ပဏီ၊ ဒဂုန်အင်တာနေရှင်နယ် ကုမ္ပဏီတို့ အနေနဲ့ နိုင်ငံခြားပညာရှင်များနှင့်ပူးပေါင်းပြီး စပ်မျိုးစပါးမျိုးစေ့များကို ခေတ်မီစိုက်ပျိုး ထုတ်လုပ် သည့် စက်များဖြင့် အသုံးပြုထုတ်လုပ်ပေးလျက်ရှိနေပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရှိရပါတယ်။ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ ၁၅-၂-၂၀၁၀ ရက်နေ့ထုတ် လယ်ယာစီးပွားသတင်းဂျာနယ် မျက်နှာဖုံးမှာ အသေးစိတ်ဖော်ပြထားရှိချက်ကို ဖတ်ရှုလေ့လာပါက သိရှိနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ အလားတူ ကိုယ်တိုင်ကွင်းဆင်းလေ့လာမည်ဆိုပါက လည်း နိုင်ငံတော်၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုမ္ပဏီများ၏ တက်ကြွစွာဖြင့် ရင်းနှီးမြှုပ်နှံကြိုးပမ်းဆောင်ရွက်ချက်များကိုလည်း တွေ့ရှိနိုင်မည်ဖြစ်ပါတယ်။ ထွက်ရှိလာသော အထူးအထွက်တိုး စပ်မျိုးစပါးများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက တစ်ဆင်‌့ပြီး တစ်ဆင့် တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ဆန်စပါးသီးနှံထုတ်လုပ်မှုကို များစွာ အထောက်အကူဖြစ်စေပြီး ခေတ်မီစက်မှုလယ်ယာ စံပြစိုက်ပျိုးရေးအထူးဇုန်အဖြစ် မြင်တွေ့ကြရ တော့မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ယခင်လည်း အလားတူမေးခွန်းများကို လွှတ်တော်တွင် ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါသည် ။