လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် ချောင်းဦး-အမြင့်လမ်းအား ပြည်ထောင်စုအစိုးရမှ အဆင့်မြှင့်တင်လမ်းခင်းပေးနိုင်ပါရန် ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပြည်ထောင်စုဝန်ကြီးအား မေးမြန်းအပ်ပါတယ်။ ချောင်းဦး-အမြင့်လမ်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းမှာ တည်ရှိပြီး လမ်းအရှည် ၇.၅ မိုင်၊ အသုံးပြုနေတဲ့ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ အသုံးပြုနေတဲ့ ကျေးရွာပေါင်း ၂၀ ရှိပါတယ်။ ပြည်သူများ နေ့စဉ်သွားလာ နေကြပြီး ယခင်က အဓိကကုန်ထုတ်လမ်းတစ်လမ်းလည်း ဖြစ်ပါတယ်။ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှလည်း ရရှိလာတဲ့ ဝင်ငွေအပေါ် အချိုးကျ ခွဲဝေသုံးစွဲပြီး ပြင်ဆင်ပေးလျက်ရှိပါတယ်။ သို့ရာတွင် နေ့စဉ်သွားလာမှုများခြင်း၊ ကုန်ထုတ်လမ်းဖြစ်၍ ထော်လာဂျီ၊ ကား၊ လှည်း၊ ယာဉ်များ နေ့စဉ်သွားလာ လျက်ရှိသဖြင့် ပျက်စီးမှုများ ရှိနေပါတယ်။ ထိုသို့ပျက်စီးမှုများကို ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး နှစ်စဉ် ကိုယ်ထူကိုယ်ထလည်း ထိန်းသိမ်းပြင်ဆင်ပေးလျက်ရှိပါတယ်။ မြို့နယ်အတွင်းရှိ အများပြည်သူ များက စိတ်ဝင်စားပြီး လိုလားတောင့်တလျက်ရှိကြပါတယ်။ မြို့နယ်ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေး အထောက်အကူပြုနေတဲ့လမ်းဖြစ်လို့ အဆင့်မြင့်လမ်းတစ်လမ်းအဖြစ် လိုလားတောင့်တလျက်ရှိကြ ပါတယ်။ သို့ဖြစ်ပါ၍ ချောင်းဦး-အမြင့်လမ်းအား ပြည်သူတို့၏ ဆန္ဒနှင့်ထပ်တူထပ်မျှဖြစ်ရန် ပြည်သူ လူထု၏ကိုယ်စား အဆင့်မြှင့်တင်လမ်းခင်းပေးနိုင်ပါရန် ပြည်ထောင်စုဝန်ကြီးအား လေးစားစွာ မေးမြန်းထားပါသည် ။
လေးစား အပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး တိုက်ရိုက်ပဲဖြေကြားပါ့မယ်။ အဲ့ဒီတော့ လမ်းအရှည် ၈ မိုင် ရှိပါတယ်။ အဲ့ဒီမှာ ကျောက်ကြမ်းခင်းပြီးတာ ၇ မိုင် ၂ ဖာလုံဖြစ်ပါတယ်။ နောက်ကျောက်ချောလမ်းအဖြစ် ပြုပြင်ပြီးတာ ၅ မိုင် ၃ ဖာလုံ ဖြစ်ပါတယ်။ အဲ့ဒီတော့ ရာသီမရွေးသွားလာနိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက် မယ့် အစီအစဉ်မှာ ကျန်တဲ့မြေသားလမ်း ၆ ဖာလုံကို ကျွန်တော် ကျောက်လမ်းအဖြစ် ခင်းပေးပါ့မယ်။ နောက်တစ်ဆက်တည်းမှာပဲ အုတ်ခံသစ်သားတံတား ၁၄ ပေ တစ်စင်းကို လိုအပ်တာဖြစ်တဲ့အတွက် တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ နောက်လမ်းတစ်ခုလုံးကိုလည်း ကျောက်ကြမ်းကနေ ကျောက်ချော ဖြစ်အောင် တိုးမြှင့်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီးတော့ နောင်လာမယ့်နှစ်တွေမှာတော့ နှစ်အလိုက် အစီအမံနဲ့ ကတ္တရာခင်းပေးသွားမှာ ဖြစ်ကြောင်း တင်ပြထားပါသည် .။
