လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ဖြစ်ပါတယ်။ ကျွန်တော် ရုပ်ရှင်၊ သဘင်၊ ဗွီဒီယိုနှင့်ပတ်သက်၍ ပြသခွန်၊ ရုံတင်ခွန်၊ ပွဲခွန်၊ ဝင်ငွေခွန်တို့နှင့်ပတ်သက်ပြီးတော့ မေးခွန်း မေးမြန်းလိုပါတယ်။ အချိန်ကိုငဲ့ညှာပြီးတော့ အကျဉ်းချုံးပဲမေးမြန်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖျော်ဖြေရေးကဏ္ဍအဖြစ် ဇာတ်တွေကို ၂၀ ရာခိုင်နှုန်းအခွန်ကောက်ပြီးတော့ ရုပ်ရှင်ကို ၃၀ ရာခိုင်နှုန်း အခွန်ကောက်ပါတယ်။ ရုပ်ရှင်နှင့်ပတ်သက်ပြီးတော့ ဝင်ငွေခွန် ရုပ်ရှင်လောကသားများကို ဝင်ငွေခွန် ကောက်တာလည်း ဝင်ငွေခွန်သီးသန့်သတ်မှတ်ချက်မရှိဘဲနဲ့ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ကောက် နေတာကိုတွေ့ရပါတယ်။ တချို့အခွန်ကောက်ရာမှာဆိုရင် ရှုံးရင်မကောက်ဘဲနေရမယ့်အစား ရှုံးသည် ဖြစ်စေ၊ မြတ်သည်ဖြစ်စေ အခွန်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပြီးကောက်သွားတယ်။ ဝင်ငွေခွန် ကောက်တဲ့စနစ်ကိုလည်း ကျွန်တော်တို့နိုင်ငံမှာတွေ့ရပါတယ်။ ရှုံးရင်မကောက်ဘဲနေတာမဟုတ်ဘဲနဲ့ ရှုံးရင်လည်းပဲ ပိုကောက်လာပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဝင်ငွေခွန်ကိုတိုးကောက်တာသည် ဒီလုပ်ငန်းဟာ အမြဲတမ်းမြတ်နေတယ်လို့ သတ်မှတ်ပြီးကောက်တာဖြစ်တယ်။ ရှုံးတယ်ဆိုရင် လုပ်ငန်းကို ပိတ်သိမ်းလိုက်ပါလို့ ပြောပါတယ်။ လုပ်ငန်းပိတ်သိမ်းရင် အခွန်ကောက်စရာမလိုတော့ ဘဲနဲ့ လုပ်ငန်းအသစ်၊ နာမည်အသစ်နဲ့ ပြန်စပါလို့ ပြောတာတွေ့ရပါတယ်။ အဲ့ဒီအတွက် ဝင်ငွေခွန်ကောက်တဲ့နေရာ မှာလည်း နည်းနည်းရှုပ်ထွေးမှုရှိတဲ့အပြင် မသမာမှုအမျိုးမျိုးနဲ့ အခွန်ကိစ္စ မှာ ရှုပ်ထွေးမှုတော်တော်များများကိုတွေ့ရသလိုပဲ ဒီနေရာမှာ အကျဉ်းချုံးပြီးတော့ တင်ပြသွားမှာ ဖြစ်တဲ့အတွက် နောင်အလျဉ်းသင့်မှပဲ ထိုကိစ္စများကိုတင်ပြပါမယ်။ လောလောဆယ်မှာ ကျွန်တော်တို့ နိုင်ငံမှာ ကောက်နေတဲ့ဝင်ငွေခွန်၊ ဇာတ်ပွဲခွန်၊ ရုပ်ရှင်ပြသခွန်များဟာ မြင့်နေပါတယ်။ ကိုရီးယားနိုင်ငံ မှာ ဆိုရင်တော့ ၅ ရာခိုင်နှုန်းပဲကောက်ပြီးတော့မှ ရတဲ့ငွေကို နိုင်ငံတော်ဘတ်ဂျက်မှာ မထည့်ဘဲနဲ့ ရုပ်ရှင်လုပ်ငန်းနဲ့ပတ်သက်တဲ့ စတူဒီယို ငှားရမ်းဆောက်လုပ်မှုတွေ၊ ကင်မရာ၊ မီးဘက်ဆိုင်ရာ၊ အသံဘက်ဆိုင်ရာစက်မှုပစ္စည်း ငှားရမ်းတဲ့ဘက်တွေမှာပဲသုံးပြီးတော့ ကုမ္ပဏီတွေ ရုပ်ရှင်ထုတ်လုပ်သူ တွေကို ငွေထုတ်ချေးပေးပါတယ်။ ဒါဆိုရင် ဒီရုပ်ရှင်လောကကို ကူညီပံ့ပိုးတဲ့အတွက် အဲ့ဒီလောက တိုးတက်စေတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲ့ဒီလိုလုပ်တဲ့စနစ်မရှိသေးပါဘူး။ မြန်မာ့ရုပ်ရှင် အရည်အသွေးကျဆင်းနေမှု၊ နည်းပညာချို့တဲ့နေမှုနဲ့ ထုတ်လုပ်မှုအရည်အသွေးနည်းပါးလာမှု၊ နည်းပညာချို့တဲ့နေမှု နောက်ဇာတ်ကားတွေကို အဆင့်မီဇာတ်ကားရိုက်ကူးထုတ်လုပ်နိုင်စွမ်းမရှိတဲ့ အဓိကပြဿနာအရင်းခံက ရင်းနှီးမြှုပ်နှံမှုဓနအင်အားဖြစ်ပါတယ်။ မြန်မာ့ဗွီဒီယိုထုတ်လုပ်ရေးမှာ လည်း ထိုနည်းတူစွာဖြစ်ပါတယ်။ မြန်မာ့ဇာတ်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုဓနအင်အားချို့တဲ့ပြီးတော့မှ တချို့ဇာတ်တွေ မကနိုင်တော့ဘဲ အချို့အငြိမ့်တွေဆိုလည်း မကနိုင်တော့ဘဲနဲ့ ဇာတ်ခေါင်းကွဲပြီးတော့မှ နေတဲ့ဟာတွေလည်း အများကြီးတွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ မြန်မာ့ရုပ်ရှင်၊ ဗွီဒီယို၊ ဇာတ်တွေ နယ်ပယ်တို့အတွက် မြန်မာ့အခက်အခဲ တစ်ရပ်ဖြစ်နေတဲ့ငွေကြေးကဏ္ဍရဲ့ အဓိက ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ အခွန်ကောက်ခံမှုစနစ်ကို လျှော့ပေါ့ပြောင်းလဲပေးနိုင်ပါရန် မေးခွန်းမေးလို ပါတယ်။ ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ကူးယူ၊ ဖြန့်ချိပြသရေး ကဏ္ဍအသီးသီးတို့မှာ ရုံတင်ပြသရေး ကဏ္ဍနဲ့ ကောက်ခံလျက်ရှိတဲ့ ပြသခွန် သို့မဟုတ် ရုံတင်ခွန် နောက်ဇာတ်၊ အငြိမ့်ရုံပွဲပြသရာမှာ ကောက်ခံလျက်ရှိတဲ့ ပွဲခွန်၊ ရုပ်ရှင်၊ ဗွီဒီယို၊ ဇာတ်သဘင်လောကသားတို့ထံမှ ကောက်ခံလျက်ရှိတဲ့ ဝင်ငွေခွန်၊ ထိုအခွန်များကို နှစ်အကန့်အသတ်ဖြင့် ကင်းလွတ်ခွင့်ပြုခြင်း၊ လျှော့ပေါ့ခြင်းကို ဆောင်ရွက် ပေးနိုင်မှုရှိ၊ မရှိ သိလိုပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ရှေးဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းသုံးခုမေးသွားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးက ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၃၈၉ မှာ နိုင်ငံသားတိုင်းသည် ဥပဒေ အရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်လို့ ပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စုအစိုးရအနေနဲ့ နိုင်ငံသားများထံမှ ဥပဒေနှင့်အညီကောက်ခံရမယ့် အခွန်အကောက်ရ ငွေတွေနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးလုပ်ငန်းများနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေး လုပ်ငန်းများမှာ ကျခံသုံးစွဲရပါတယ်။ နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကကဏ္ဍသုံးရပ်စလုံးက တစ်ဦးချင်းပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအားလုံးတို့ရဲ့ ဥပဒေအရ ကင်းလွတ်ခွင့်ပြုထားခြင်းမှအပ အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေ၊ ရောင်းရငွေ၊ ရငွေများရှိခဲ့ရင် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခွန်ပေးဆောင်ရန် တာဝန် ရှိပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်တာနှင့်အားလျော်စွာ အခွန်ဆိုင်ရာဥပဒေများသည် နိုင်ငံတစ်ဝန်းလုံးကို အကျိုးသက်ရောက်မှု ရှိပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနသည် ပြည်ထောင်စုအစိုးရက ကောက်ခံသည့် အခွန် အကောက်များနှင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်း ဆုခွန်တို့ကို တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့်အညီ စည်းကြပ်ကောက်ခံနေသည့် ဦးစီးဌာနတစ်ခု ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယား ၇၊ အမှတ်စဉ် ၂(က)အရ ဖျော်ဖြေမှု လုပ်ငန်းဖြစ်တဲ့ ရုပ်ရှင် သို့မဟုတ် ဗွီဒီယိုပြသခြင်းမှရရှိသည့် ရငွေများအားလုံးအပေါ်မှ ၃၀ ရာခိုင်နှုန်း၊ ရုပ်ရှင် သို့မဟုတ် ဗွီဒီယို ပြသခြင်းမှအပ ကျန်ဖျော်ဖြေမှုများမှ ဇာတ်၊ အငြိမ့်၊ အငြိမ့်ရုံပွဲပြသခြင်း ရငွေအားလုံးအပေါ်မှ ၁၅ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ် ကောက်ခံပါတယ်။ အဆိုပါ ကုန်သွယ်လုပ်ငန်းခွန်ဟာ သွယ်ဝိုက်သော အခွန်အမျိုးအစားဖြစ်တဲ့အတွက် ဖျော်ဖြေမှုကျင်းပသူက ပေးဆောင်ရတာမဟုတ်ဘဲ ရုံဝင်လက်မှတ်မှာ အခွန်အခ အပါအဝင် ထည့်သွင်းရောင်းချခြင်းကြောင့် ဖျော်ဖြေမှုကြည့်ရှုသူကသာ ပေးဆောင်ရခြင်းဖြစ်ပါတယ်။ ဒီလိုလက်မှတ်ခနှင့်အတူ ထည့်သွင်း ကောက်ခံထားခြင်းသည် အခွန်ကို ဖျော်ဖြေမှုကျင်းပသူက ပြည်တွင်းအခွန်များဦးစီးဌာန၏ ဘဏ်စာရင်းသို့ လွှဲပြောင်းပေးသွင်းရခြင်းဖြစ်တဲ့အတွက် ကုန်သွယ်လုပ်ငန်းခွန်ဟာ ရုပ်ရှင်၊ ဗွီဒီယို၊ ဇာတ်သဘင်စတဲ့ ဖျော်ဖြေမှုကျင်းပသူအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲနဲ့ ကြည့်ရှုသူကသာ ပေးဆောင် ခြင်းဖြစ်ကြောင်းရှင်းလင်းဖြေကြားလိုပါတယ်။ ဆက်လက်ပြီး ရုပ်ရှင်၊ ဗွီဒီယို၊ ဇာတ်သဘင်လောက သားတို့ထံမှ ကောက်ခံလျက်ရှိသည့် ဝင်ငွေခွန်နှင့် စပ်လျဉ်းပြီး ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ အဆိုပါ လောကသားများဟာ ယင်းတို့ရဲ့တတ်ကျွမ်းတဲ့အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူ များဖြစ်သော်လည်း အများစုဟာအခွန်ထမ်းမဖြစ်ကြသေးကြောင်း တွေ့ရှိရပါတယ်။ သာဓက အနေဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ စာရင်းအရတင်ပြရမယ်ဆိုရင် မင်းသားစာရင်းက ၆၄ ဦး၊ မင်းသမီးက ၇၁ ဦး၊ ဇာတ်ပို့ဇာတ်ရံ ၈၄ ဦး၊ ဒါရိုက်တာ ၁၀၅ ဦး၊ စုစုပေါင်း ၃၂၄ ဦးရှိပြီး ယင်းတို့အနက် ပြည်တွင်းအခွန်များဦးစီးဌာန၏ စာရင်းအရ အခွန်ထမ်းဖြစ်သူများမှာ မင်းသား ၁၃ ဦး၊ မင်းသမီး ၃၉ ဦး၊ ဇာတ်ပို့ဇာတ်ရံ ၅ ဦး၊ ဒါရိုက်တာ ၃ ဦး၊ စုစုပေါင်း ၆၀ ဦးသာဖြစ်ကြောင်း တွေ့ရတဲ့အတွက် ၁၈.၅၂ ရာခိုင်နှုန်းသာ အခွန် ထမ်းဆောင်ကြောင်းတွေ့ရပါတယ်။ ဒါကြောင့် ရုပ်ရှင်၊ ဗွီဒီယို၊ ဇာတ်သဘင်လောကသားတို့ထံမှ ကောက်ခံလျက်ရှိသော ဝင်ငွေခွန်ကို နှစ်အကန့်အသတ်ဖြင့် ကင်းလွတ်ခွင့်ပြုခြင်း၊ လျှော့ပေါ့ခြင်းတို့ကို လက်ရှိအခြေအနေမှာ ဆောင်ရွက်ပေးနိုင်မှုမရှိသေးပါ ကြောင်း အဖွဲ့အစည်းအတွင်း အခွန်ပေးဆောင်မှုမျှတစေရေးနှင့် အခွန်စည်းကြပ်ထိုက်သောဝင်ငွေ ရှိသူတိုင်း အခွန်ပေးဆောင်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြလိုပါတယ်။ သို့ရာတွင် ပြည်ထောင်စုအစိုးရ၏ ပြောင်းလဲကျင့်သုံး လျက်ရှိသည့် မူဝါဒများနှင့်အညီ အခွန်စနစ်ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက် လျက်ရှိရာ အခွန်ဆိုင်ရာဥပဒေများကို ပြင်ဆင်သည့်ဥပဒေများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုချက်ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြင်ဆင်တဲ့ဥပဒေများနှင့် လိုက်လျောညီထွေရှိတဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများကို ပြင်ဆင်ထုတ်ပြန်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ထုတ်ပြန်ရာမှာ ခေတ်ကာလနှင့်လိုက်လျောညီထွေရှိတဲ့ အခွန်နှုန်း နိမ့်နိမ့်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ကို စီမံပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် လိုအပ်သည့်နိုင်ငံတော်ဘဏ္ဍာငွေ အပြည့်အဝရရှိ ရေးအတွက် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ အဓိကအရေးပါသည့် အခွန် ပညာပေးအစီအစဉ်များ၌ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများနှင့် အနုပညာရှင်များကလည်း တိုင်းကျိုးပြည်ပြုစိတ်ဓာတ်ဖြင့် တစ်တပ်တစ်အားပါဝင်ကူညီဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားရင်း ဖြေရှင်းပြန်ကြားထားပါသည် ။
