လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များ အားလုံး မင်္ဂလာပါလို့ ပထမဦးဆုံး နှုတ်ခွန်းဆက်သအပ်ပါတယ်။ အချိန်ကိုလေးစားသောအနေဖြင့် ကျွန်တော်ရဲ့ မေးခွန်းကို ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ကျွန်တော်ကတော့ ချီဖွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုံးတိန့် ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ၃၁-၃-၂၀၁၁ ရက်နေ့တွင် ကျင်းပတဲ့ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် အစိုးရသစ်ရဲ့ အရေးကြီးဆုံးလုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governances) သန့်ရှင်းသောအစိုးရ(Clean Government) ပေါ်ပေါက်လာအောင်ဝိုင်းဝန်း ကြိုးပမ်းလုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်ဟု မိန့်ကြားခဲ့ပါတယ်။ သမ္မတ၏ မိန့်ခွန်းနဲ့အညီ သန့်ရှင်းသောအစိုးရဖြစ်ပေါ်လာဖို့ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရသော နယ်ပယ်၌ အဓိကအားဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ရှိရမည်ဖြစ်ပါတယ်။ ခေတ်စနစ်ပြောင်းလဲသွားခဲ့သော်လည်း အောက်ခြေ၌ လုပ်ထုံးလုပ်နည်း အကောင်အထည်ဖော်ဆောင်ရွက်သော နည်းလမ်းများ ပြုပြင်ပြောင်းလဲမှုမရှိသောကြောင့် ပြည်သူ လူထုက ပြောင်းလဲတိုးတက်မှုကို လက်တွေ့ထိတွေ့ခံစားမှုမရှိသကဲ့သို့ ပြောဆိုနေကြပါတယ်။ ယခု လက်ရှိအစိုးရသည် ပြည်သူလူထုတစ်ဦး၏ နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားမှုအပေါ် ပြည်သူ့အစိုးရ ဖြစ်တာနှင့်အညီ စုံစမ်းစစ်ဆေးရေးအဖွဲ့ ချက်ချင်းဖွဲ့စည်းပေး၍ အောက်ခြေသို့ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ လက်တွေ့နယ်ပယ်၌ မိမိအစိုးရ ဝန်ထမ်းအချင်းချင်း စာနာထောက်ထားခြင်း၊ ဘက်လိုက်ခြင်း၊ ဖြစ်စဉ်အမှန်မပေါ်ပေါက်အောင် ပေါင်းစပ်ညှိနှိုင်း၍ အကာအကွယ်ပေးခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ တိုင်ကြားသူနှင့် သက်သေများ ခြိမ်းြခောက်ခံရခြင်း အစရှိသည်တို့ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးချက် အစီရင်ခံစာများ သည် မှန်ကန်တိကျမှု၊ တရားမျှတမှုမရှိဘဲ ပြည်သူလူထုက လက်ခံယုံကြည်မှုမရှိတဲ့ ဖြစ်စဉ်များ ြမောက်မြားစွာကို ပေါ်ပေါက်လျက်ရှိပါတယ်။ ထိုသို့ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ လူထုအကြား ပေါ်ပေါက်သော အငြင်းပွားမှု၊ မကျေနပ်မှုနှင့် နစ်နာဆုံးရှုံးမှုကိစ္စရပ်များကို အဓိက ကိုင်တွယ်ဖြေရှင်းသော အုပ်ချုပ်ရေးဆိုင်ရာတရားရုံးများ ပြည်ပနိုင်ငံများတွင် ရှိသည်ဟု လေ့လာ တွေ့ရှိရပါတယ်။ ပြင်သစ်အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးမှာ ကမ္ဘာပေါ်တွင် အထူးခြားဆုံးနှင့် အကောင်းဆုံးဖြစ်သည်ဟုလေ့လာသိရှိရပါတယ်။ အစိုးရဝန်ထမ်း၏ ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ချက် နှင့် အလုပ်တာဝန်ဝတ္တရားအရ လုပ်ဆောင်ချက်များကို တသီးတခြားစီ ကွဲပြားခြားနားမှုရှိအောင် ပိုင်းခြားစည်းတားပေးထားသော စနစ်ဖြစ်ပါတယ်။ အကယ်၍ ဝန်ထမ်းတစ်ဦးရဲ့ တာဝန်ဝတ္တရားအရ လုပ်ဆောင်မှုဟာ လူတစ်ဦးကို ထိခိုက်နစ်နာမှု ရှိစေပါက နစ်နာသူက ဝန်ထမ်းအပေါ် အုပ်ချုပ်ရေး ဆိုင်ရာ တရားရုံး (Administrative Courts) မှာ တရားစွဲဆိုရပါတယ်။ စီမံခန့်ခွဲအုပ်ချုပ်ရေးဆိုင်ရာ တရားရုံးအဖွဲ့ဝင်များဟာ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အရည်အချင်းပြည့်ဝသူများဖြစ်ကြပါတယ်။ ထိုတရားရုံးများက အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအပေါ် အထွေထွေသဘောအရ ကြီးကြပ်ကွပ်ကဲ ကြပ်မတ်ပေးလျက်ရှိကြပါတယ်။ အဲဒီတရားရုံးများက ပြည်သူ့ဝန်ထမ်းများနှင့်ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာအတွက် အခြေခံလုပ်ပိုင်ခွင့် အာဏာအပြည့်အဝ ရရှိထားကြပါတယ်။ တရားလို မကျေနပ်သူရဲ့ တိုင်ကြားချက်ကို အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးတော်က ကြားနာစစ်ဆေးပေးပြီး မှန်ကန်စွာ ဆုံးဖြတ်ချမှတ်ပေးပါတယ်။ နစ်နာမှုကို တရားမျှတစွာ ကုစားပေးပါတယ်။ လျော်ကြေး ပေးသင့်သူကို ပေးစေပါတယ်။ ဆုံးဖြတ်ချက်များကို အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများက မြန်နိုင်သမျှ မြန်အောင်ချပေးပါတယ်။ သာမန်တရားရုံးများနှင့် နှိုင်းယှဉ်ကြည့်လျှင် အချိန်ကုန်၊ ငွေကုန်သက်သာ ပါတယ်။ ပြည်သူများလက်ခံသော အဖြေကို တရားမျှတစွာ ရရှိစေပါတယ်။ နိုင်ငံသားတစ်ဦးသည် မိမိ၏ နိုင်ငံသားအခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်သို့ စာချွန်တော်အမိန့်ဖြင့် အကာအကွယ်နှင့် တရားမျှတမှုကို ရယူရန်တိုင်တန်း၍ ရကြောင်း သိရပါတယ်။ ရှေ့တော်သွင်း စာချွန်တော်အမိန့်အရ ဖမ်းဆီးထားသူ တစ်ဦးအား မည်သည့် ပြစ်မှု၊ မည်သည့် ဥပဒေအရ ဖမ်းဆီးထားသည်ကို ဖမ်းဆီးထားသည့် အဖွဲ့အစည်းအား ရှင်းလင်းတင်ပြစေခြင်း၊ အာဏာပေး စာချွန်တော်အမိန့်အရ ဥပဒေအရ အပ်နှင်းထားသော အာဏာဖြင့် ဆောင်ရွက်ရန် ရှိသည်ကို ပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းက ဆောင်ရွက်မပေးဘဲ နေသည့်ကိစ္စတွင် ဆောင်ရွက်ပေးရန် အမိန့်ပေးခြင်း၊ တားမြစ်စေစာချွန်တော်အရ တရားရုံး သို့မဟုတ် တရားစီရင်မှု ဆောင်ရွက်ခြင်း သဘောပါဝင်သည့် ခုံရုံးအားလည်းကောင်း၊ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍ လည်းကောင်း၊ တရား မျှတမှုကို ဆန့်ကျင်၍သော်လည်းကောင်း မပြုလုပ်ရန် တားမြစ်သည့် အမိန့်ထုတ်ပြန်ခြင်း၊ အာဏာပိုင် မင်းစာချွန်တော်အမိန့်အရ အစိုးရဌာနသို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက ဥပဒေအရ အပ်နှင်းထား သော အမိန့်တစ်ခုကို ကျော်လွန်၍ တစ်စုံတစ်ရာ ပြုလုပ်ခြင်းကြောင့် ပြည်သူတစ်ဦး၏ အခွင့် အရေးကို ထိပါးနစ်နာကြောင်း ထိုသူက လျှောက်ထားလာလျှင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းအား ရှင်းလင်းပြောကြားစေပြီး ဥပဒေနှင့်အညီ ချမှတ်သည့် အမိန့်ထုတ်ပြန်ခြင်းအမှုအခေါ် စာချွန်တော် အမိန့်အရ လက်အောက်ခံတရားရုံးနှင့် တရားစီရင်မှု ဆောင်ရွက်မှုသဘောပါသည့် ခုံရုံးတို့က ချမှတ်သည့် အမိန့်များအပေါ် ပြန်လည်စိစစ်ပြီး ဥပဒေနှင့်အညီ ချမှတ်သည့်အမိန့် ထုတ်ပြန်ခြင်းဖြင့် နစ်နာဆုံးရှုံးမှုများကို ြဖေရှင်းဆောင်ရွက်ပေးနိုင်သည်ဟု သိရှိရပါသည်။ နိုင်ငံသား တစ်ဦးဟာ ပြည်ထောင်စုတရားလွှတ်တော်ရုံးသို့ တိုင်တန်းရမည်ဖြစ်သည့်အတွက် ငွေကြေးမတတ်နိုင်သော နိုင်ငံသားတစ်ဦးအနေဖြင့် မဖြစ်နိုင်ပါ။ လူ့အခွင့်အရေးများ ဆုံးရှုံးသည်ဟု မှတ်ယူနေကြပါသည်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း သန့်ရှင်းသော အစိုးရနှင့်ကောင်းမွန်မှန်ကန်သော အုပ်ချုပ်မှုစနစ် အမှန်တကယ်ပေါ်လာဖို့ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများကဲ့သို့ အစီအမံများ ထားရှိသင့်တယ်လို့ ထင်မြင်ယူဆပါတယ်။ သို့ဖြစ်ပါ၍ အုပ်ချုပ်ရေးကဏ္ဍနှင့် ပြည်သူတစ်ဦးချင်း အကြား အငြင်းပွားမှု၊ မကျေနပ်မှု ၊ ဆုံးရှုံးနစ်နာမှုများကို တရားမျှတစွာ ကြားနာဆုံးဖြတ်ပေးနိုင်သော အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများ (Administrative Courts)ကဲ့သို့သော အစီအမံများပြောင်းလဲ ဖွဲ့စည်းချမှတ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးမြန်းထားပါသည် ။
လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကချင်ပြည်နယ်၊ ချီဖွေမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုံးတိန့်ရဲ့ မေးခွန်းကို ကျွန်တော်ကပဲ ဆက်လက်ဖြေကြား သွားပါမယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အချုပ်အခြာ အာဏာကို ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာဆိုတဲ့ ခက်မကြီး သုံးဖြာပိုင်းခြားပြီးတော့မှ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှုပြုလျက်ရှိပါတယ်။ အုပ်ချုပ်ရေး ကဏ္ဍမှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊ နိုင်ငံတော် အစိုးရက ခန့်အပ်တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေပါဝင်ကြပြီးတော့မှ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားကို အထောက်အကူပြု တာဝန်ယူဆောင်ရွက်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေပါရှိပါတယ်။ အုပ်ချုပ်ရေးကဏ္ဍနှင့် ပြည်သူတစ်ဦးအကြား ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေ၊ မကျေနပ်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေကို စီမံခန့်ခွဲရေးနည်းလမ်းအရလည်းကောင်း၊ တရားစီရင်ရေးနည်းလမ်းအရ လည်းကောင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ မှုခင်းကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကြားနာ စစ်ဆေးဆုံးဖြတ်မှုအပိုင်းတွေမှာ နစ်နာမှုရှိလို့ ကျေနပ်မှုမရှိရင် အဆင့်မြင့်တရားရုံးတွေကိုလည်း အဆင့်ဆင့်အယူခံ ပြင်ဆင်မှုတွေ၊ တက်ရောက်ခွင့် အခွင့်အရေးတွေ ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူတွေဘက်က ရပ်တည်ပြီးတော့မှ ပြည်သူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် အကာအကွယ်ပေးဆောင်ရွက်ပေးလျက် ရှိပါတယ်။ အုပ်ချုပ်ရေးယန္တရားမှာ ဖြစ်ပေါ်လေ့ ဖြစ်ပေါ်ထရှိတဲ့ လာဘ်ပေးလာဘ်ယူမှုတွေ၊ အဂတိလိုက်စားမှုတွေ၊ မလျော်သြဇာ သုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ ဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းအရလည်းကောင်း၊ တည်ဆဲဥပဒေအရလည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ထမ်းတစ်ဦးရဲ့ တာဝန်ဝတ္တရား ဆောင်ရွက်မှုဟာ လူပုဂ္ဂိုလ်တစ်ဦးသို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ထိခိုက်နစ်နာစေခဲ့ရင် နစ်နာသူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက အဆိုပါဝန်ထမ်းရဲ့ အထက်ဌာနအကြီးအကဲအဆင့်ဆင့်ကို တိကျမှန်ကန်စွာ တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားချက်မှန်ကန်ပါက အဲဒီဝန်ထမ်းကို ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ် အမျိုးအစားအလိုက် အရေးယူဆောင်ရွက်ပါတယ်။ ဒါထက်မက ပြစ်မှုကြီးမားလို့ရှိရင် ရှိကြောင်း စစ်ဆေးပေါ်ပေါက်လို့ရှိရင်တော့ သက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုပြီးတော့ ပြစ်မှုထင်ရှားလို့ ရှိရင် ဥပဒေနှင့်အညီ တရားစီရင်ခြင်း၊ ပြစ်ဒဏ်ပေးခြင်းတွေကို ဆောင်ရွက်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၆ နှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၁၆တို့ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ စာချွန်တော်အမိန့်တွေ ထုတ်ပေးပိုင်ခွင့် အာဏာ ရှိကြောင်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးဟာ စီမံခန့်ခွဲရေးနှင့်တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက် တွေကြောင့် မိမိရဲ့နိုင်ငံသားအခွင့်အရေး နစ်နာဆုံးရှုံးမှုတွေ ရှိလို့ရှိရင် စာချွန်လွှာ အမိန့်တွေကို လျှောက်ထားရယူနိုင်ပါတယ်။ ဒီလိုလျှောက်ထားရာမှာလည်း စာချွန်လွှာအမိန့် လျှောက်ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ တရားမအထွေထွေလျှောက်ထားမှုနှင့် လျှောက်ထား ရမှာ ဖြစ်ပြီးတော့မှ လျှောက်ထားမှုအပေါ်မှာ ရုံးခွန် အက်ဥပဒေဇယား၂ အမှတ်စဉ် ၁ (ဃ)အရ ရုံးခွန်က ၁၅ ကျပ်သာ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အနေနဲ့ လည်း အခုလို စာချွန်တော် အမိန့်လျှောက်ထားမှုတွေအပေါ်မှာ စစ်ဆေးကြားနာဆောင်ရွက်ပေးလျက်ရှိတဲ့အတွက် နစ်နာဆုံးရှုံးတဲ့ နိုင်ငံသားတွေအတွက် ဥပဒေအရ ကုစားမှုတွေရရှိနေပြီ ဖြစ်ပါတယ်။ ဒီလို အုပ်ချုပ်ရေး ကဏ္ဍနှင့် ပြည်သူတစ်ဦးကြား အငြင်းပွားမှုတွေ၊ မကျေနပ်မှု၊ ဆုံးရှုံးမှုတွေကို တရားမျှတစွာ ဆောင်ရွက် ပေးနိုင်ရန်အတွက် ဥပဒေကြောင်းအရ ဖြေရှင်းရန်လုပ်ထုံးလုပ်နည်းတွေ ရှိပြီးဖြစ်တဲ့အတွက် အုပ်ချုပ်ရေးဆိုင်ရာ တရားရုံး (Administrative Courts) ဖွဲ့စည်းပေးဖို့ဆိုတဲ့ ကိစ္စဟာလည်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားခြင်းမရှိကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ အုပ်ချုပ်ရေးကဏ္ဍနှင့် ပြည်သူတစ်ဦးကြား အငြင်းပွားမှုတွေ၊ မကျေနပ်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေကို တရားမျှတစွာ ကြားနာဆုံးဖြတ်နိုင်တဲ့ တည်ဆဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပြီးဖြစ်တဲ့အတွက် ဒီအုပ်ချုပ်ရေးဆိုင်ရာ တရားရုံး (Administrative Courts) ဟာ ထပ်မံဖွဲ့စည်း ဆောင်ရွက်ပေးဖို့ လိုအပ်မည်မဟုတ်ပါကြောင်းနဲ့ နစ်နာဆုံးရှုံးတဲ့ ပြည်သူတွေ အနေနဲ့ အဆိုပါတည်ဆဲ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်သို့ မှန်ကန်စွာ တင်ပြဆောင်ရွက် သွားနိုင်ပါကြောင်း ဖြေကြားထားပါသည် ။
