(ဆ) ပညာရေးအညွှန်းကိန်းများစိစစ်ခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉-၂-၂၀၁၂ )

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ၍ ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အလယ်ပိုင်း၊ မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်ဆိုင်ဟိန်း ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့်အနေနဲ့ အခြေခံပညာကျောင်းများ၏ ပညာရေးအညွှန်းကိန်းများစိစစ်ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှာ ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော်၏ မေးမြန်းချက်များကို ဖတ်ကြားတင်သွင်းခွင့်တောင်းခံအပ်ပါတယ် ခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံတွင် အခြေခံ ပညာကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအရပ်ရပ်ကို ပညာရေးအညွှန်းကိန်းများဖြင့် စိစစ်တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ စံချိန်စံညွှန်းနှင့်ပြည့်မီသော စာသင်ကျောင်းများ ပေါ်ထွန်းလာသကဲ့သို့ ဝေးလံခေါင်းပါးသော ဒေသများနှင့် အချို့ကျေးလက်တောရွာများတွင် ဖွံ့ဖြိုးမှု အားယူနေဆဲ စာသင်ကျောင်းများကိုလည်း တွေ့နေရပါတယ်။ ကျေးလက်ဒေသများတွင် ဆရာ/ ဆရာမ မလုံလောက်မှု၊ ကျောင်းဥပဓိရုပ်နှင့် အဆောက်အအုံများ လိုအပ်မှု၊ ကျောင်းနေမြဲရေး ဆောင်ရွက်မှု လုပ်ငန်းများ အားနည်းနေသေးကြောင်း တွေ့ရှိရပါတယ်။ ဆိုလိုသည်မှာ အချို့သော ကျောင်းများတွင် အညွှန်းကိန်းရမှတ်များပြည့်မီပြီးဖြစ်သော်လည်း အချို့ကျောင်းများ၌ သာမန်အဆင့် ဖွံ့ဖြိုးစပြု အဆင့်၌သာ ရှိနေသေးကြောင်း တင်ပြလိုပါသည်။ သို့ဖြစ်ပါ၍ ယခုနိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပိုမိုတိကျကောင်းမွန်၍ စနစ်တကျ စစ်ဆေးဆောင်ရွက်နိုင်သော ပညာရေးစိစစ်ခြင်း လုပ်ငန်းများနှင့် အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များအပေါ် ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အစီအစဉ်များကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော်မှတစ်ဆင့် ရိုသေစွာမေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဒေါက်တာမြအေး ပြည်ထောင်စုဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်ဆိုင်ဟိန်းရဲ့ ပညာရေးကဏ္ဍဆိုင်ရာ မေးမြန်းတာနဲ့ ပတ်သက်ပြီးတော့ ကျွန်‌တော့်အနေနဲ့ အနည်းငယ် ဖြေကြား ပါမယ်။ မေးမြန်းချက်ကတော့ အစိုးရသစ်လက်ထက်တွင် ပညာရေးအညွှန်းကိန်းများ စိစစ်ခြင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ဆက်လက်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဖြေကြားရမယ်ဆိုရင် ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနမှာ အမျိုးသားပညာရည်မြင့်မားရေး အနှစ် ၃၀ နှစ်ရှည်စီမံကိန်းကို ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးနှစ်တို၊ နှစ်ရှည်စီမံကိန်းများအောင်မြင်စေရန်အတွက် အခြေခံ ပညာကဏ္ဍတွင် အခြေခံပညာကျောင်းများစစ်ဆေးခြင်းနှင့် အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ် ကောလိပ်များစစ်ဆေးခြင်းလုပ်ငန်းများကို အဓိကကဏ္ဍမှာ ပါဝင်လျက်ရှိပါတယ်။ အခြေခံပညာ ကျောင်းများကို စစ်ဆေးရာတွင် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက် ၇ ချက်ရှိပါတယ်။ အသွင်သဏ္ဌာန်ဆိုင်ရာ သတ်မှတ်ချက်လည်း ၅ ချက်ရှိပါတယ်။ အသွင်သဏ္ဌာန်ဆိုတာတော့ ကျောင်းသန့်ရှင်းရေးကိစ္စပါ။ အရည်အသွေးဆိုတာက အောင်ချက်ကိစ္စ ဖြစ်ပါတယ်။ အဲဒါကို စုစုပေါင်း ၁၂ ချက်ဖြင့် လည်းကောင်း၊ ပညာရေးကောလိပ်များကိုလည်း အရည်အသွေးဆိုင်ရာ သတ်မှတ်ချက် ၇ ချက်၊ သူတို့ရဲ့ သင်ကြားရေးစနစ်ကို တစ်နည်းနည်းနှင့်စစ်ဆေးပါတယ်။ အသွင်သဏ္ဌာန်ဆိုင်ရာ သတ်မှတ်ချက်က ၅ ချက်၊ စုစုပေါင်း ၁၂ ချက်ဖြင့်လည်းကောင်း၊ တက္ကသိုလ်/ဒီဂရီကောလိပ်များကျတော့ အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်က ၈ ချက်နဲ့ စီမံခန့်ခွဲရေး (Administration Management) ဆိုင်ရာ သတ်မှတ်ချက်က ၄ ချက်၊ စုစုပေါင်းက ၁၂ ချက် ဖြစ်ပါတယ်။ ပညာရေးညွှန်းကိန်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ ဒီအခြေခံ ကဏ္ဍကျတော့ မြို့နယ်ပညာရေးမှူးကနေပြီးတော့ ညွှန်ကြားရေးမှူးချုပ်တွေဆီသွားပါတယ်။ ပြီးတော့ မှ ပညာရေးဝန်ကြီးဆီလာပါတယ်။ အဆင့်မြင့်ကဏ္ဍကျတော့ ညွှန်ကြားရေးမှူးချုပ်တွေက နေပြီးတော့ အထက်မြန်မာပြည်ဆိုရင် ကျောင်း ၄၄ ကျောင်းရှိပါတယ်။ အောက်မြန်မာပြည်ဆိုရင် ၂၀ ကျောင်းရှိ ပါတယ်။ တက္ကသိုလ်/ဒီဂရီကောလိပ်၊ အဲဒီအဆင့်မြင့် ညွှန်ကြားရေးမှူးချုပ် ၂ ဦးကနေပြီးတော့ ကျောင်းတွေကို စစ်ဆေးတိုင်းတာပြီးတော့ ကျွန်တော်တို့ဆီကို ပညာရေးဝန်ကြီးဆီကို အားသာချက်၊ အားနည်းချက်တွေကို သတင်းပို့ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ပါမောက္ခချုပ်လုပ်လာတဲ့ အခါကျတော့ ကျွန်တော်တို့ ခေတ်တုန်းကတော့ ဝန်ကြီး ဒေါက်တာချမ်းငြိမ်း ဆီကို ကျွန်တော်တို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုပို့ပြီး အညွှန်းကိန်းကို ပြောပြီးတော့ ဝန်ကြီးကိုယ်တိုင်လာပြီး အားနည်းချက်ကို ဖြေရှင်းပေးတဲ့ နည်းရှိပါတယ်။ ခုနပြောတဲ့ ဝေးလံ ခေါင်းပါးတဲ့အရပ်ကိုတော့ အခုလည်း ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် သိပါတယ်ခင်ဗျား။ ကျွန်တော်တို့ ဒီကျောင်းတွေလည်း အတတ်နိုင်ဆုံး ဥပဓိရုပ်မကောင်းတဲ့ကျောင်းတွေဆိုရင် ပြုပြင်ပေးတယ်၊ တချို့ အသစ်ဆောက်ပေး တယ်။ ဆရာဆရာမလည်း ခန့်ပေးတယ်။ ကျောင်းအဆင့်လည်း အများကြီးတိုးနေပါတယ်။ အဲဒီကျောင်းတွေအတွက် အနည်းနဲ့အများ အားနည်းချက်ရှိနိုင်ပါတယ်ခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးမှူး မရောက်နိုင်တဲ့နေရာတွေရှိနိုင်ပါတယ်။ ဥပမာ - လေရှီး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်း ဆိုရင် သွားရတာခက်ပါတယ်။ အဲဒီအားနည်းချက်ကိုတော့ ကျွန်တော် ဝန်ခံပါတယ်ခင်ဗျား။ လောလောဆယ်တော့ ကျွန်တော်တို့က အညွှန်းကိန်းကို အပြည့်အဝ မလုပ်နိုင်သေးတဲ့ အတွက်ကြောင့် ဝန်ခံပါတယ်ဟုဖြေကြားထားပါသည် ။