လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား၍တက်ရောက်လာကြသော ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာဟာ မြင်းခြံမြို့နှင့် ၂၉ မိုင် ကွာဝေးပါတယ်။ ရပ်ကွက် ၁၁ ခုရှိပြီးတော့ ဧရာဝတီမြစ်ကမ်းရဲ့အရှေ့ဘက်ရှိ၊ မြင်းခြံမြို့ရဲ့ မြောက်ဖျားဆုံးကျေးရွာဖြစ်ပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရန်ကုန်-မန္တလေးခရီးစဉ်၊ မန္တလေး-ညောင်ဦးခရီးစဉ်၊ ကသာ-ရန်ကုန်ခရီးစဉ်ဈေးသင်္ဘောကြီးများ၊ ခရီးသည်ပို့ဆောင်ရေး သင်္ဘောကြီး/သင်္ဘောငယ်များဆိုက်ကပ်ရပ်နားတဲ့ သင်္ဘောဆိပ်ကမ်းကြီးဖြစ်ပါတယ်။ ကျေးရွာရှိ ရပ်ကွက် ၆ ခုဟာ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိပြီး ဧရာဝတီမြစ် မြစ်ကြောင်းပြောင်းလဲရေစူးထိုးမှု ဖြစ်ပေါ်၍ ကမ်းပါးဘေးတွင်နေထိုင်ကြသောနေအိမ်များဟာ မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ နေထိုင်ရခြင်း၊ ငွေကြေးကုန်ကျမှု ဖြစ်ပေါ်ခြင်းတို့ရှိပါတယ်။ အလားတူပဲ ဆီမီးခုံကျေးရွာရဲ့ တောင်ဘက်မှာတည်ရှိတဲ့ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများဖြစ်ကြတဲ့ စားကြူးရွာ၊ စားကြူး အလယ်ရွာ၊ ကျည်ရွာကျေးရွာတွေဟာ နှစ်စဉ်နှစ်တိုင်းလိုပင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ သဖြင့် လူနေအိမ်များ၊ စိုက်ပျိုးမြေများ၊ သီးနှံများဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိပါတယ်။ ထို့အပြင် မြင်းခြံမြို့ ရဲ့အနောက်တောင်ဘက်ရှိ ၁၂ မိုင်ခန့်ကွာဝေးသော လင့်ကြီးကျေးရွာဟာလည်း ၂၀၁၁ ခုနှစ်၊ သြဂုတ် လအတွင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် ၃၅ လုံး၊ အိမ်ထောင်စု ၃၇ စုကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ သို့ဖြစ်ပါ၍ မြင်းခြံမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ် ကမ်းဘေးတွင်တည်ရှိနေသည့် ဆီမီးခုံကျေးရွာ၊ စားကြူးကျေးရွာ၊ စားကြူးအလယ်ရွာ၊ ကျည်ရွာ ကျေးရွာ၊ လင့်ကြီးကျေးရွာတို့အား မြစ်ရေတိုက်စားမှုကြိုတင်ကာကွယ်တားဆီးရေး၊ မြစ်ကြောင်း ထိန်းသိမ်းမှုလုပ်ငန်းများကို ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိ၊ မရှိသိလို၍ ဒေသနေ ပြည်သူများရဲ့ဆန္ဒအရ မေးမြန်းထားပါသည် ။
လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မေးတဲ့ မေးခွန်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ အစောပိုင်းက ပြည်မြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မေးတဲ့မေးခွန်းနဲ့ခပ်ဆင်ဆင် ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုတိုတုတ်တုတ်ဖြေရမယ်ဆိုရင် ဆီမီးခုံမြို့ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ဧရာဝတီမြစ်ကြောင်းအနေနဲ့ ထူးခြားတဲ့နေရာဖြစ်ပါတယ်။ မြင်းခြံမြို့ကနေ မြောက်ဘက်သွားမယ် ဆိုရင် ရန္တပိုရွာရှိပါတယ်။ သမိုင်းဝင်ရွာဖြစ်ပါတယ်။ ရန္တပိုကဆက်သွားမယ်ဆို ဆီမီးခုံရွာကိုရောက် ပါတယ်။ ဧရာဝတီမြစ်သည်တောင်မြောက်စီးဆင်းနေရာကနေပြီးတော့ ဆီမီးခုံရွာကျော်တာနဲ့ အရှေ့ အနောက်စီးဆင်းသွားတာဖြစ်ပါတယ်။ ဆီမီးခုံရွာမှာဆိုရင် ယနေ့အထိ ပို့ဆောင်ရေးဝန်ကြီးဌာနမှ သင်္ဘောများဆိုက်ကပ်ပြီးတော့ ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်ဆဲဖြစ်ပါတယ်။ ကိုယ်စားလှယ် တော်ကြီးမေးမြန်းထားတဲ့ ဒီဆိပ်ကမ်းရဲ့ဘေးမှာ မြစ်ကမ်းပါးပြိုမှုနှင့်ပတ်သက်ပြီးတော့ ပြင်ဆင်ပေးဖို့ အစီအစဉ်ရှိ၊ မရှိဆိုတဲ့မေးခွန်းနှင့်ပတ်သက်ပြီး ယခင်အဖြေအတိုင်းပဲ ကျွန်တော်တို့မှာ ရန်ပုံငွေ ထည့်သွင်းထားခြင်းမရှိပါဘူး။ သို့သော်လည်းပဲ ကျွန်တော် ဒီမှာတင်ပြချင်တာကတော့ ဆီမီးခုံ ဒေသမှာ စက်မှုဇုန်တည်ဆောက်ဖို့ကိစ္စနှင့်ပတ်သက်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်း ပြီးတော့ ဆိပ်ကမ်းကြီးတစ်ခုတည်ဆောက်ဖို့အပိုင်းရှိပါတယ်။ အဲ့ဒီဆိပ်ကမ်းတစ်ခုတည်ဆောက်ရင်းနဲ့ မြစ်ကမ်းပါးထိန်းသိမ်းမှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ ယခုကဲ့သို့ ရေကြောင်းဆိုင်ရာကိစ္စများ၊ လေယာဉ်ကွင်းဆိုင်ရာကိစ္စများ၊ မြစ်ချောင်းများဆိုင်ရာကိစ္စများကို ကိုယ်စားလှယ်တော်ကြီးများမေးမြန်းတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့အနေနဲ့လာရောက်ဖြေကြားခွင့် ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးအားလုံးဟာ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ အကြောင်းခြင်းရာအများစုကို သိရှိနားလည်နိုင်ပြီးတော့ နောင်တွင်လည်း ယခုကဲ့သို့ပဲမေးမြန်းနိုင်ပြီး အကြံဉာဏ်များလည်းပေးနိုင်ကြောင်း မေးမြန်းထားပါသည် ။
