(ဃ)မြစ်ကမ်းပြိုမှုကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၁-၂-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ လေးစားရသောဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်ဟာ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းမှာတည်ရှိတဲ့ မြို့နယ်တစ်မြို့နယ် ဖြစ်ပါတယ်။ ယခင်ဆယ်စုနှစ်များဆီက ပြည်မြို့ရဲ့အထက်ဘက် ဧရာဝတီမြစ်ကမ်းရိုးတစ်လျှောက် မှာရှိတဲ့ရွာများဖြစ်တဲ့ ဖိုးခေါင်ရွာ၊ လက်ခုပ်ပင်ရွာ၊ မြရွာ၊ ကုန်းသလင်းရွာ၊ သဲဖြူရွာစတဲ့ ကျေးရွာ များကစပြီးတော့ ပြည်မြို့၊ နဝင်းရပ်ကွက်အထိ နွေရာသီရောက်ပြီဆိုလျှင် မြစ်ရေကျလာပြီဆိုလျှင် မြစ်ကမ်းတစ်လျှောက်မှာ ‌ြမေနုကျွန်းကြီးများ တစ်မျှော်တစ်ခေါ်ပေါ်ပေါက်လာခဲ့ပါတယ်။ ယင်း‌ြမေနု ကျွန်းများပေါ်မှာ ကျေးရွာသူကျေးရွာသားများက ခရမ်း၊ ဖရုံ၊ ငရုတ်စတဲ့သီးနှံတွေကို နှစ်စဉ်စိုက်ပျိုး ကြပြီး ဝင်ငွေတိုးခဲ့ကြပါတယ်။ လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်မြို့၊ မြရွာမြစ်ရေတင်စီမံကိန်း ကို ၂၀၀၅ ခုနှစ်ကတည်ဆောက်ခဲ့ပြီးတော့ မြစ်ကြောင်းထိန်းသိမ်းရေးပညာရှင်များက နွေ၊ မိုး၊ ဆောင်း ရာသီတိုင်း အဲဒီမြစ်ရေတင်နေရာကို မြစ်ရေရောက်ရှိဖို့အတွက် မြစ်ရဲ့အထက်ပိုင်းမှာ ရေကာများ ရိုက်ပြီးတော့ ဧရာဝတီမြစ်ရေကြောင်းကိုပြုပြင်ခဲ့ကြပါတယ်။ မြရွာမြစ်ရေတင်နေရာကို ရည်မှန်းချက် အတိုင်း ရေရောက်ရှိခဲ့သော်လည်း ၎င်းရေလမ်းကြောင်းက ရေဦးဟာ မြစ်ရေတင်စီမံကိန်းရဲ့ အောက်ဘက်မှာရှိတဲ့ မြရွာ၊ လက်ခုပ်ပင်ရွာ၊ ဖိုးခေါင်ရွာများအပြင် ပြည်မြို့နဝင်းရပ်ကွက်အထိ ရေထိုးပြီး ရေတိုက်စားခြင်းခံနေရပါတယ်။ အဲဒီလို ရေတိုက်စားခြင်းကြောင့် နှစ်စဉ်ပေါ်ထွန်းခဲ့တဲ့ ခုနက ‌ြမေနုကျွန်းကြီးတွေပျောက်ကွယ်သွားပြီးတော့ ကမ်းနားတစ်လျှောက်မှာ ‌ချောက်ကမ်းပါးကြီးများ ဖြစ်ပြီး ကမ်းပါးကြီးများပြိုကျခြင်းကြောင့် ရွာမှာရှိတဲ့ ကမ်းနားမှာရှိတဲ့ လူနေအိမ်များပြောင်းရွှေ့ နေရပါတယ်။ ယင်းအတွက် အောက်ပါမေးခွန်းတစ်ခုကို မေးလိုပါတယ်ခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် မြရွာမြစ်ရေတင်စီမံကိန်းရေကာများရိုက်ထားခြင်းကြောင့် ရေကြောင်းများပြောင်းလဲကာ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းတစ်လျှောက်ရွာများ၊ လူနေအိမ်များ၊ စိုက်ခင်းများ ဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ကို ရေကြောင်းထိန်းသိမ်းရေးဦးစီးဌာနက ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ပြုလုပ်ပေးမည်ကို မေးမြန်းထားပါသည် ။

ဖြေကြားသူ
ဦးဉာဏ်ထွန်းအောင် ပြည်ထောင်စုဝန်ကြီး
အဖြေ

ချစ်ခင်လေးစား ရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အားလုံး စိတ်ချမ်းသာကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း လေးစားစွာနှုတ်ခွန်းဆက်သအပ် ပါတယ်။ ကျွန်တော့်အနေနဲ့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင်‌့မေးတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး တိုတိုနဲ့ရှင်းရှင်းဖြေကြားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အဓိကတာဝန်ကတော့ ရေကြောင်းနဲ့လေကြောင်းပို့ဆောင်ရေးကဏ္ဍများ တာဝန်ယူရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးရည်မှန်းချက်ကလည်း ဝန်ကြီး ဌာနတစ်ခုလုံးက ကျွန်တော်တို့ ရှာဖွေတဲ့ငွေပေါ်မှာပဲ ကျွန်တော်တို့ ရပ်တည်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရှာဖွေတဲ့ငွေပေါ်ရပ်တည်ပြီးတော့ နိုင်ငံတော်အတွက် အသားတင် တစ်နှစ်ကို ၄၀ ဘီလီယံရှာရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ရိုးရှင်းသောရည်မှန်းချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ခုနက ကိုယ်စားလှယ်တော်ကြီး တင်ပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ရေကြောင်းထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အင်မတန်မှရှည်လျားတဲ့မြစ်ကြောင်းတွေနဲ့ မြစ်ဝကျွန်းပေါ်မှာ ဖြစ်ပေါ် လျက်ရှိသော ကမ်းပြိုမှုကိစ္စများကို ကျွန်တော်တို့ အားလုံးတာဝန်ယူဖို့ ကျွန်တော်တို့ ဝန်ကြီးဌာနက အင်မတန်ခက်ခဲပါတယ်။ ခုနက ကိုယ်စားလှယ်တော်ကြီး တင်ပြတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော် လေ့လာကြည့်သလောက်တော့ ကျွန်တော်တို့ မြရွာမြစ်ရေတင်စီမံကိန်းအတွက် ရေရရှိဖို့ မြစ်ရေတင်စီမံကိန်းဟာ မြစ်ကမ်းနားမှာကပ်နေတာဖြစ်ပါတယ်။ ရေရှိဖို့အတွက် ကျွန်တော်တို့က လိုအပ်တဲ့အဆောက်အဦတွေ၊ လိုအပ်တဲ့အတိုင်းအတာတွေလုပ်ရင်းနဲ့ အဲဒီရေဟာများပြီးတော့ မြစ်ကမ်းပါးပြိုခြင်းဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အောက်‌ြခေအထိဆင်း ဆန်းစစ် လေ့လာပြီး ကျွန်တော်တို့ မြစ်ရေတင်အတွက် လိုအပ်တဲ့ရေထက်ပိုပြီးတော့ မများအောင် နည်းပညာနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်။ သို့သော်လည်း ယေဘုယျအားဖြင့် ဆောင်ရွက်ပေးနိုင်တဲ့ ရန်ပုံငွေ ကျွန်တော်တို့ မပါပါဘူး။ မြစ်ကြောင်းတစ်လျှောက် မြန်မာနိုင်ငံမှာရှိတဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ် မြစ်ကြောင်းအားလုံးရဲ့ ကမ်းပါးပြိုမှုအတွက်တော့ ကျွန်တော်တို့မှာ ရန်ပုံငွေမပါပါဘူး။ မြစ်ဝကျွန်းပေါ်ဒီအတိုင်းပါပဲ။  ဒါကို ကိုယ်စားလှယ်တော်ကြီး သိအောင် တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ လုပ်ပေးနိုင်တာကတော့ ဒီမြစ်ရေ တင်အတွက် ရေရရှိအောင်ဆောင်ရွက်ရင်းနဲ့ ရေများပြီးတော့ ကမ်းပါးပြိုခြင်းဖြစ်ပါတယ်။ ဒါဆိုလို့ ရှိရင်လည်း ကျွန်တော်တို့ မြစ်ကမ်းပါးပြိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်မှုအာဏာပိုင်ကနေပြီး သက်ဆိုင်ရာပြည်နယ်အစိုးရအထိ တင်ပြရပါတယ်။ တင်ပြပြီး ပြည်နယ်အစိုးရကနေပြီးတော့ ကျွန်တော်တို့ နိုင်ငံတော်သမ္မတရုံးကိုတင်ပြရပါတယ်။ နိုင်ငံတော် သမ္မတရုံးကနေပြီးတော့ လိုအပ်တဲ့ဘတ်ဂျက်ကို သီးသန့်ချထားပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ဖြင့် ဆောင်ရွက်တာမဟုတ်ေးကြာင်းဖြေကြာထားပါသည်။