(ဈ) ရုပ်သံလိုင်းအမျိုးမျိုးတွင် တိုင်းရင်းသားဘာသာဖြင့် သတ်မှတ်ထုတ်လွှင့်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၇-၂-၂၀၁၂)

 လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လူကြီးမင်းများအားလုံးကို ဂါရဝပြု ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ လင်းခေးမဲဆန္ဒနယ်မှ ကိုယ်စားလှယ် စိုင်းလှကျော်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် များစွာပြောင်းလဲ တိုးတက်လျက်ရှိပါတယ်။ MRTV, MRTV-4, MWD, Family Entertainment, Sky Net   စသည်ဖြင့် အခပေး၊ အခမဲ့ အမျိုးမျိုးဖြင့်ထုတ်လွှင့်နေကြပါတယ်။ ရေဒီယိုအသံလွှင့်ကဏ္ဍတွင်လည်း မြန်မာ့အသံအပြင် FM Radio အစီအစဉ်အမျိုးမျိုးကိုလည်း များစွာထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ၎င်းရုပ်သံလွှင့်လိုင်းထဲမှ တိုင်းရင်းသားဘာသာဖြင့် ထုတ်လွှင့်မှုများ သီးခြားထုတ်လွှင့်ပေးမှုများ မတွေ့ရှိရသေးပါခင်ဗျား။ ကြားညှပ်အစီအစဉ်ဖြင့်သာ တွေ့ရှိရပါတယ်။ နယ်စပ်ဒေသနှင့်အခြားဝေးလံ သော ဒေသများမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများဟာ မြန်မာဘာသာစကားကို နားလည်သိရှိခြင်း မရှိသေးတဲ့လူများလည်း အများအပြားရှိနေပါတယ်။ ထို့ကြောင့် ဖျော်‌ြဖေရေးကဏ္ဍတစ်ခုအနေဖြင့် လည်းကောင်း၊ အရေးကြီးသည့် သိသင့်သိထိုက်သည့် သတင်းနှင့်စည်းရုံးရေးကိစ္စများအတွက် ကဏ္ဍတစ်ခုအနေဖြင့်လည်းကောင်း၊ တိုင်းရင်းသားဘာသာဖြင့် ထုတ်လွှင့်သင့်တယ်လို့ ထင်မြင်ယူဆ မိပါတယ်။ ထို့ကြောင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းမှာ ယခုထုတ်လွှင့်နေသော ရုပ်သံလွှင့်လိုင်း အမျိုးမျိုးတွင် တိုင်းရင်းသားဘာသာဖြင့် သတ်သတ်မှတ်မှတ် ထုတ်လွှင့်ပေးရန်အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ အကယ်၍ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် မည်ကဲ့သို့ ထုတ်လွှင့်ပေးမည့် အကြောင်းနှင့် အစီအစဉ်မရှိပါက ပြဋ္ဌာန်းချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိတို့ တိုင်းရင်းသား အစီအစဉ်များကို မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် ဆောင်ရွက်နေခွင့်ရှိ၊ မရှိ မေးမြန်းလိုပါသည် ။

ဖြေကြားသူ
ဦးစိုးဝင်းဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ်၊လင်းခေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော်ရဲ့ မေးမြန်းချက်ကို ပြန်လည်ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်မြင်သံကြားအသံလွှင့်ဌာနခွဲ၊ တိုင်းရင်းသားအစီအစဉ်မှ တိုင်းရင်းသားဘာသာများဖြင့် သတ်သတ်မှတ်မှတ်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ၁၉၈၈ ခုနှစ်၊ တိုင်းရင်းသားအစီအစဉ်အား ကချင်၊ ကယား၊ စကောကရင်၊ ပိုးကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ၈ဘာသာဖြင့် ညနေ ၅ နာရီမှ ည ၈ နာရီထိ ၆ ဘာသာ၊ ည ၈ နာရီ ၁၅ မိနစ်မှ ည ၉ နာရီ ၃၀ မိနစ်အထိ ၂ ဘာသာထုတ်လွှင့်ခဲ့ပါတယ်။ တစ်ဘာသာလျှင် မိနစ် ၃၀ စီထုတ်လွှင့်ခဲ့ပြီး ထုတ်လွှင့်ခဲ့တဲ့မီတာမှာ ၆၃.၄၉ မီတာဖြစ်ကာ စုစုပေါင်းထုတ်လွှင့်ချိန်မှာ ၄ နာရီဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှ စပြီး တိုင်းရင်းသားအစီအစဉ် အသံလွှင့်ချိန်များကို ညနေ ၄ နာရီမှ ည ၈ နာရီအထိ တစ်နာရီ ရှေ့တိုးပြီးတော့မှ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှစပြီး တစ်ဘာသာလျှင် ၁၅ မိနစ် ထပ်မံတိုးချဲ့ပြီး တစ်ဘာသာ ၄၅ မိနစ်စီဖြင့် မွန်းလွဲ ၂ နာရီမှ ည ၈ နာရီအထိတိုးချဲ့အသံလွှင့်ခဲ့ရာ စုစုပေါင်းတစ်နေ့ထုတ်လွှင့်ချိန် ၆ နာရီထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ တိုင်းရင်းသားအစီအစဉ်တွေကို နေပြည်တော်တပ်ကုန်းမှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှစပြီး ကချင်၊ ကယား၊ စကောကရင်၊ ပိုးကရင်၊ မွန်၊ ရခိုင်၊ ရှမ်းအပြင် “ဝ”  ဘာသာကိုပါတိုးချဲ့ထုတ်လွှင့်ခဲ့ပြီး တစ်ဘာသာလျှင် ၄၅ မိနစ်စီဖြင့် မွန်းလွဲ ၂ နာရီမှ ည ၈ နာရီ ၄၅ မိနစ်ထိထုတ်လွှင့်ခဲ့ကာ နေပြည်တော်တပ်ကုန်းမှ ၅၀ ကီလိုဝပ် လှိုင်းတိုစက်ဖြင့်       ၅၀. ၇၁ မီတာ၊ ၅၉၁၉ ကီလိုဟတ်ဖြင့်ထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစပြီး တိုင်းရင်းသားအစီအစဉ်များကိုနံနက်ပိုင်း၊ ညနေပိုင်းနှစ်ပိုင်း၊ တစ်နေ့နှစ်ကြိမ် ထုတ်လွှင့်ခဲ့ပါတယ်။ နေပြည်တော်မှာရှိတဲ့ ၅၀ ကီလိုဝပ် လှိုင်းတိုစက်ဖြင့် ၅၀. ၇၁ မီတာ၊ ၅၉၁၉ ကီလိုဟတ်ဖြင့်နံနက် ၆ နာရီမှ မွန်းတည်‌့ ၁၂ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ တစ်ကြိမ် ထုတ်လွှင့်ချိန်နံနက်ပိုင်း ၆ နာရီ၊ ညနေပိုင်း ၄ နာရီဖြင့် စုစုပေါင်းတစ်နေ့ ၁၀ နာရီထုတ်လွှင့်ခဲ့ပြီး ထုတ်လွှင့်ခဲ့တဲ့အစီအစဉ်များမှာ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ “ဝ” ၅ ဘာသာဖြစ်ပါတယ်။ ရန်ကုန် ရေကူးအသံလွှင့်စက်ရုံရှိ ၁၀၀ ကီလိုဝပ်လှိုင်းလတ်လွှင့်စက်ဖြင့် ၄၁၁.၅၂ မီတာ၊ ၇၂၉ ကီလိုဟတ်ဖြင့် နံနက် ၆ နာရီမှ မွန်းတည်‌့ ၁၂ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ တစ်ကြိမ် ထုတ်လွှင့်ချိန်နံနက်ပိုင်း ၆ နာရီ၊ ညနေပိုင်း ၄ နာရီ၊ တစ်နေ့ ၁၀ နာရီထုတ်လွှင့်ခဲ့ပြီး ထုတ်လွှင့် ခဲ့တဲ့အစီအစဉ်များမှာ စကောကရင်၊ ပိုးကရင်၊ မွန်နှင့် ကယားဘာသာအစီအစဉ် ၄ ဘာသာ တို့ဖြစ်ကြပါတယ်။ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစပြီး မူလလွှင့်ထုတ်နေတဲ့ တိုင်းရင်းသား ဘာသာ ၉ ဘာသာထုတ်လွှင့်နေသည်‌့အပြင် ထပ်မံပြီးမင်းတပ်ချင်း၊ ကိုးကန့်၊ ကယန်း၊ ဂေခိုး၊ ဂေဘား ၅ ဘာသာကိုတိုးချဲ့ထုတ်လွှင့်လျက်ရှိပါတယ်။ နေပြည်တော်တပ်ကုန်းမှ လှိုင်းတိုစက်ဖြင့်ထုတ်လွှင့်ခြင်း နှင့် ရန်ကုန်ရေကူးလှိုင်းလတ်စက်ဖြင့်ထုတ်လွှင့်ခြင်းတို့အား နေ့စဉ်နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီ အထိတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ည ၈ နာရီအထိတစ်ကြိမ် ညနေပိုင်းထုတ်လွှင့်ချိန် ၂ နာရီစီ အချိန်တိုး မြှင့်ထုတ်လွှင့်လျက်ရှိပါတယ်။ စုစုပေါင်းထုတ်လွှင့်ချိန်ဟာ နံနက်ပိုင်း ၆ နာရီ၊ ညနေပိုင်း ၆ နာရီ၊ တစ်နေ့ ၁၂ နာရီထုတ်လွှင့်လျက်ရှိပါတယ်။ ယခုအချိန်မှာ နေပြည်တော်တပ်ကုန်းမှ လှိုင်းတိုလွှင့်စက် ဖြင့် ထုတ်လွှင့်တဲ့တိုင်းရင်းသားအစီအစဉ်များမှာ ကချင်၊ ရှမ်း၊ ဖလမ်းချင်း၊ မင်းတပ်ချင်း၊ ရခိုင်၊ “ဝ”၊ ကိုးကန့်တို့ဖြစ်ပြီး ရန်ကုန်ရေကူးမှလှိုင်းလတ်လွှင့်စက်ဖြင့်ထုတ်လွှင့်ခဲ့တဲ့ တိုင်းရင်းသားအစီအစဉ်များ မှာ စကောကရင်၊ ပိုးကရင်၊ မွန်၊ ကယား၊ ကယန်း၊ ဂေခိုး၊ ဂေဘားဖြစ်ပြီး စုစုပေါင်း ၁၄ ဘာသာဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ၎င်းအပြင်နေပြည်တော်မြန်မာ့အသံမှ တိုင်းရင်းသားဘာသာ ၁၄ ဘာသာဖြင့်ထုတ်လွှင့်နေသည့်နည်းတူ FM ရေဒီယိုစတေရှင်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ဥပမာအားဖြင့် ပဉ္စဝတီ FM တွင် ရခိုင်မြေမှ ချိုတေးသံ၊ ပတ္တမြား FM မှ ကချင်ဘာသာအစီအစဉ်များ၊ FM ပုဂံမှ လားဟူမင်္ဂလာပွဲစတဲ့အစီအစဉ် များကိုလည်းထည်‌့သွင်းထုတ်လွှင့်လျက်ရှိပါတယ်။ ထို့အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှလည်း ပြည်ထောင်စုတိုင်းရင်းသားရိုးရာအကများနဲ့ ပြည်ထောင်စုတိုင်းရင်းသားတေးသံများကိုနေ့စဉ် အစီ အစဉ်တစ်ခုအနေဖြင့်ထုတ်လွှင့်ပေးလျက်ရှိပြီး ပုဂ္ဂလိကရုပ်သံလိုင်းဖြစ်သော Sky Net ရုပ်သံလိုင်း မှလည်း တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်များကို အချိန်နှင့်တစ်ပြေးညီထုတ်လွှင့်ပေးလျက်ရှိပါ တယ်။ ဒါကြောင့်လက်ရှိအခြေအနေမှာ ရေဒီယို၊ တီဗွီများမှ တိုင်းရင်းသားအစီအစဉ်တော်တော် များများကို ထုတ်လွှင်‌့ပေးနေပြီဖြစ်၍ ရုပ်သံလိုင်းအမျိုးမျိုးတွင်တိုင်းရင်းသားဘာသာဖြင့်ထပ်မံ၍ သတ်သတ်မှတ်မှတ်ထုတ်လွှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည် ။