(င) ခေါင်လန်ဖူးမြို့ပေါ်တွင် အချိန်ပြည့်လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ (၂၀-၂-၂၀၁၂)

 လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစီခန်ရမ် ဖြစ်ပါတယ်။ ကျွန်တော်‌့အနေနဲ့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့ပေါ်တွင် အချိန်ပြည့် လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်း၍ မေးမြန်းတင်ပြ လိုပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ခေါင်လန်ဖူးမြို့သည် မြန်မာနိုင်ငံ‌ြမောက်ဖျား ကချင်ပြည်နယ်အရှေ့မြောက်ဘက် အစွန်ဆုံး၊ အဝေးဆုံး မြို့ဖြစ်ပါတယ်။ ပူတာအိုမှ မချမ်းဘော၊ နောင်မွန်းမြို့နယ်များကို ဖြတ်ကျော်၍ မိုင်ပေါင်း ၁၂၉ မိုင်နှင့် ၄ ဖာလုံရှိပြီး ခြေလျင်ဖြင့် ၁၃ ရက်ခရီး လျှောက်ရပါတယ်။ နောင်မွန်းမြို့နယ်နှင့် ခေါင်လန်ဖူးမြို့အကြားတွင် လားလမ်း၊ လူသွားလမ်းမှအပ အခြားလမ်းမရှိပါ။ ခေါင်လန်ဖူးမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်း နေအိမ်များနှင့် ရပ်ကွက် ၄ ခု မှာ အိမ်‌ြခေပေါင်း ၁၀၀ ကျော် နေထိုင်သော ဝန်ထမ်းမြို့ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခေါင်လန်ဖူးမြို့တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံဟူ၍မရှိပါ။ အင်ဂျင်မီးစက် တစ်လုံးဖြင့်  ညစဉ် ၂ နာရီမှ ၃ နာရီထိသာ မီးလင်းပေးနိုင်ခဲ့ပါတယ်။ အင်ဂျင်ပါဝါအားနည်းမှုကြောင့် မြို့ပေါ်ဌာနဆိုင်ရာရုံးများကိုသာ မီးဖြန့်ဖြူးပေးပြီး၊ ရပ်ကွက်များကို မီးပေးနိုင်ခြင်းမရှိခဲ့ပါ။ စက်သုံးဆီ အခက်အခဲကြောင့် အချိန်ပိုင်းသာ မီးလင်းပေးနိုင်ကြောင်း သိရှိရပါတယ်။ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ တင်ပြချက်အရ ခေါင်လန်ဖူး အခြေခံပညာအထက်တန်းကျောင်းတွင် ပညာဆည်းပူးနေကြသော  ကျောင်းသူကျောင်းသားများနဲ့ ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူအားလုံး အချိန်ပြည့်မီးရရှိရေးအတွက် မြို့ရဲ့မြောက်ဘက် ၃ မိုင်အကွာရှိ အထမ်ချောင်းတွင် အသေးစား ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးနိုင်ပါရန် အဆိုပြုတင်ပြကြပါတယ်။ အဆိုပါ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ပြီးစီးပါက နွေမိုးဆောင်းရာသီမရွေး အချိန်ပြည့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်အသုံးပြုနိုင်မှာဖြစ်ပါသဖြင့် နိုင်ငံတော်ကဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်အခါတွင် ဆောင်ရွက်ပေးနိုင်မည်ကို ဖြေကြားပေးနိုင်ရန် လေးစားစွာမေးမြန်းအပ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။(သြဘာသံများ)

ဖြေကြားသူ
ဦးအောင်သန်းဦး ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအားလုံးကိုပါ ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစီခန်ရမ်၏မေးမြန်းလာသော မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားသွားမှာဖြစ်ပါတယ် ခင်ဗျား။ ခေါင်လန်ဖူးမြို့ဟာ ပူတာအိုမြို့နှင်‌့ ၁၂၉ မိုင်အကွာမှာ တည်ရှိပြီး အိမ်ထောင်စုဦးရေ ၉၁ ဦး၊ လက်ရှိ မီးသုံးစွဲသူဦးရေမှာ ၄၁ ဦး ဖြစ်ပါတယ်ခင်ဗျား။ ယင်းမီးသုံးစွဲသူများကို ၄ ကေဗွီအေ ကူဘိုတာ မီးစက်ဖြင့် ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများနှင့်ရပ်ကွက် ၁ နှင့် ၂ တို့ကိုလည်းကောင်း၊ ၉ ကေဗွီအေ တရုတ်မီးစက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ကျောင်း၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက် ၃ နှင့် ၄ တို့ အားလည်းကောင်း ညစဉ် ၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ လစဉ် စက်မောင်းဆီ ခွဲတမ်းမှာ ဂါလန် ၁၀၀ ဖြစ်ပြီး ထွက်ရှိသော လျှပ်စစ်ဓာတ်အားယူနစ် ၉၀၀ ခန့်အတွက် ကောက်ခံရငွေ မှာ ကျပ် ၆၂၀၀၀ ခန့် ရရှိပါတယ်။ လစာစရိတ်နှင့် အခြားအသုံးစရိတ်များမပါဝင်ဘဲ စက်လည် ပတ်ရန် လောင်စာဆီကုန်ကျစရိတ်နှင့် သယ်ယူစရိတ်မှာ တစ်လပျမ်းမျှကျပ် ၁၂၆၈၀၀၀ ခန့်ဖြစ်၍ စက်မောင်းချိန် တစ်နေ့ ၂ နာရီခန့်အတွက် တစ်လလျှင် ကျပ် ၁၂ သိန်းခန့်ကိုစိုက်ထုတ်၍ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ကျန်အိမ်ထောင်စု ၅၀ ခန့်အနက် အိမ်ထောင်စု ၇ စုမှာ နီးစပ်ရာ တောင်ကျချောင်းငယ်များတွင် ၆၀၀ ဝပ်ခန့် ပမာဏရှိသော အသေးစား ရေအားလျှပ်စစ် စက်ငယ်များတပ်ဆင်ပြီး တစ်အိမ်ချင်း ဓာတ်အားရယူသုံးစွဲနေကြောင်း သိရှိရပါတယ်။ စက်တပ်ဆင် နေရာနှင့် ဓာတ်အားသုံးစွဲတဲ့နေရာမှာ တစ်မိုင်ကျော်ခန့်ဝေးလံသဖြင့် ဗို့အားကျဆင်းမှုအလွန်များပြီး သာမန် အလင်းရောင်သာ အသုံးပြုနိုင်ကြောင်းလည်းသိရှိရပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသေးစားနှင့်အလတ်စား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဥပဒေပြုမှုရှိစေရမည်ဟု ဖော်ပြထားပြီးဖြစ်ပါတယ်။ အထမ်ချောင်းသည် ခေါင်လန်ဖူးမြို့နှင့် ၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး ၂၀၀၈ ခုနှစ်ခန့်က ဒေသမှ အသေးစားရေအားလျှပ်စစ်စက်တပ်ဆင်နိုင်မည့် အခြေအနေများကို စူးစမ်းလေ့လာခဲ့မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု သိရှိခဲ့ရပါတယ်။ ခေါင်လန်ဖူးမြို့တွင် လက်ရှိဓာတ်အား သုံးစွဲနေသော အိမ်ထောင်စု ၄၁ စုသည် လူနေအိမ်ခြေစုစည်းမှုရှိသဖြင့် မီးစက်ဖြင့် ၄၀၀ ဗို့လိုင်း တည်ဆောက်၍ ဓာတ်အားပေးနိုင်သော်လည်း ကျန်လူနေအိမ်ခြေများသည် တစ်ဦးနှင့်တစ်ဦး အလှမ်း ဝေးသောကြောင့် အထမ်ချောင်းတွင် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက် တပ်ဆင်ပါက သုံးမိုင်ခန့်အကွာမှ ဓာတ်အားပို့လွှတ်ရန်အတွက်လည်းကောင်း၊ လူနေကျယ်ပြန့်သော မီးသုံးစွဲသူများ သို့ ဗို့အားနိမ့် ဓာတ်အားလိုင်းများ ရှည်လျားစွာတပ်ဆင်ရမည့်အတွက်လည်းကောင်း ဖြစ်နေပါတယ်။ သို့ဖြစ်၍ တစ်ဦးချင်းတစ်နိုင်တစ်ပိုင် အသုံးပြုနေသော နေရောင်ခြည်သုံး လေအားသုံးစက်များဖြင့် သက်ဆိုင်ရာ ပြည်နယ်အစီအစဉ်ဖြင့်သာ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။    အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မီးသုံးစွဲသူဦးရေ တိုးမြှင့်ပေးနိုင်ရေးအတွက် ၃၀ ကေဗွီအေ ဓာတ်အားပေးစက်ဖြင့် ဓာတ်အားပေးနိုင်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွင့်ပြုမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ မီးစက်များဖြင့် ဓာတ်အားပေးထားသော မြို့များအတွက် စက်သုံးဆီအနေဖြင့် တစ်ရက်လျှင် နှစ်နာရီ စာကိုသာ ဌာနကစိုက်ထုတ်ပေးပါတယ်။ နှစ်နာရီထက် ပိုမိုဓာတ်အားပေးလိုပါက ဒေသအာဏာပိုင် များနှင့် မီးသုံးစွဲသူများ၏ အစီအစဉ်ဖြင့် စက်သုံးဆီဖိုးကျခံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားထားပါသည် ။