မိမိတို့နိုင်ငံသည် ယခင် အတိတ်ကာလက အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနိုင်ငံ ၊ သယံဇာတ၊ ရေ၊ မြေ၊ တောတောင်အလွန်ပေါကြွယ်ဝ ခဲ့ပါကြောင်း၊ ဆန်စပါးလည်းအများဆုံးထွက်ရှိ ပို့ဆောင်နိုင်ခဲ့ပါကြောင်း၊ သို့သော် ယခုအချိန်တွင် အတိတ်ကာလ၏အုပ်ချုပ်မှု အလွဲများ၊ စီမံမှုအလွဲများကြောင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်သွားသော်လည်း မိမိတို့နိုင်ငံတွင် ကျန်ရှိနေသည့် သဘာဝသယံဇာတများ၊ လူသားအရင်းအမြစ်များ၊ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသော သန်းချီအရေအတွက်ရှိသည့် လူသားအရင်းအမြစ်များကို နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိရန် အစွမ်းကုန်ကြိုးစားရပါမည် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ၏ ပထမဦးစားပေး လုပ်ငန်းသည် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဟု နားလည်ထားပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်သည် မျှော်လင့်ထားသည်ထက် ပိုပြီးကြာနိုင်ပါကြောင်း၊ ၎င်းဖြစ်စဉ်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အထောက်အကူပေးရန် လိုအပ်မည်ဟုထင်ပါကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ခေတ်သစ်တစ်ခုအစပြုသည့်အခါတိုင်း ပြည်တွင်း/ပ ပညာရှင်များဖိတ်ကြားပြီး စီးပွားရေးညီလာခံ (Economic Forums) တစ်ရပ် ကျင်းပလေ့ရှိပြီး ၎င်းညီလာခံမှတစ်ဆင့် မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ရန်ဖြစ်ပါကြောင်း၊ အကြောင်းကြောင်းကြောင့် မအောင်မြင်သည်များ ရှိသကဲ့သို့ အောင်မြင်သည်များလည်း ရှိခဲ့ပါကြောင်း၊ လွတ်လပ်ရေးအကြိုကာလ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ပြည်တွင်း/ပ ပညာရှင်များဖိတ်ကြားပြီး ပြည်လမ်းဟံသာဝတီ အဝိုင်းအနီး ဆိုလန်တိုဗီလာ အဆောက်အဦတွင် စီးပွားရေးညီလာခံ တစ်ရပ်ကျင်းပပြီး နှစ်နှစ်စီမံကိန်း တစ်ရပ်ဆွဲခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းသည် လွတ်လပ်သည့် မြန်မာနိုင်ငံအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်ရန် ရည်ရွယ်ထားသော်လည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့်အတွက် စီမံကိန်းကိုအကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် ဥက္ကဋ္ဌဟင်္သာရဦးမြ၊ အဖွဲ့ဝင်ဗိုလ်ခင်မောင်လေး၊ မစ္စတာဗာလီမန်နှင့် ဒေါက်တာလှမြင့် တို့ပါဝင်သည့် ကော်မတီကိုဖွဲ့စည်းပြီး မပြီးဆုံးသေးသည့် ဆိုလန်တိုဗီလာ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် နောက်ထပ်နှစ်နှစ်စီမံကိန်းတစ်ရပ်ကို ရေးဆွဲခဲ့ပါကြောင်း၊ သို့သော်လွတ်လပ်ရေးရပြီး ပြည်တွင်းမငြိမ် သက်မှုများကြောင့် ၎င်းစီမံကိန်းသည် လက်တွေ့ဖြစ်မလာခဲ့ပါကြောင်း၊ ၁၉၅၁ ခုနှစ် ဧပြီလတွင် ဖဆပလ အစိုးရကြီးမှူးပြီး စီးပွားရေးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပနိုင်ခဲ့ပါကြောင်း၊ သြဂုတ်လတွင် အမေရိကန် KTA အဖွဲ့ပြီး ရီးရပ်ဓာတ်သတ္တု တူးဖော်ရေးအဖွဲ့နှင့် ရောဘတ်နပ်သန်အဖွဲ့များ ငှားရမ်းပြီး စီမံကိန်းတစ်ခု ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းမှ ပြည်တော်သာစီမံကိန်းဆိုပြီး ထွက်ပေါ်လာခဲ့ပါကြောင်း၊ မြန်မာပြည်မှ ထုတ်လုပ်သည့် ကြက်ဆင်ဖဲထီးဆိုလျှင် အာရှဈေးကွက်တွင် အထူးနံမည်ရခဲ့ဖူးပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်တွင် စီမံကိန်းများ ရေးဆွဲနိုင်ရန်အတွက် အနည်းဆုံး ဆိုဗီယက်ပညာရှင်များ ဖိတ်ကြားပြီး အကြံဉာဏ်များရယူခဲ့ခြင်းမျိုး ရှိခဲ့ဖူးပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပီပီပြင်ပြင် လှည့်ပြောင်းနေရသကဲ့သို့ ကျန်တစ်ဖက်တွင်လည်း မြန်မာ့စီးပွားရေးဘဝကို ပြန်လည်ပုံလောင်းနိုင်ရန် အထူးအရေးကြီးနေပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း/ပ ပညာရှင်များ ပါဝင်သော စီးပွားရေးညီလာခံတစ်ရပ်ကျင်းပပြီး အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာ တစ်ရပ် ဖော်ထုတ်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
အမျိုးသားအဆင့် စီးပွားရေးညီလာခံများကို ပြည်တွင်းပြည်ပမှ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များနှင့် သတင်းမီဒီယာများစသည့် ပါဝင်ပတ်သက်သူအမျိုးမျိုး (Multi-Stakeholders) ကို ဖိတ်ခေါ်ပြီး ကျင်းပလေ့ရှိပါကြောင်း၊ စီးပွားရေးညီလာခံ ကျင်းပခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေး ပတ်ဝန်းကျင်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြဿနာများ၊ အခွင့်အလမ်းများကို ဆွေးနွေးတိုင်ပင်ခြင်း၊ ဝိုင်းဝန်းအဖြေရှာခြင်းတို့ဖြင့် စီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံ၏စီးပွားရေးအတွက် ထင်မြင်ယူဆချက်များ၊ အကြံဉာဏ်များ ပေးအပ်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း ဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် သုတေသန စာတမ်းများဖတ်ကြား တင်သွင်းခြင်းအားဖြင့်လည်း စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံအတွင်း ဖွံ့ဖြိုးလာနိုင်သည့် စီးပွားရေးလုပ်ငန်းများ၏ အလားအလာများ၊ လက်ရှိလည်ပတ်နေသည့် လုပ်ငန်းများ ရေရှည်တည်တံ့မှုနှင့် ချဲ့ထွင်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် အခွင့်အလမ်းများကို ရရှိစေပါကြောင်း၊ မူဝါဒချမှတ်သူများ၊ အဆုံးအဖြတ်ချမှတ်သူများအတွက် အရေးကြီးသည့် အချက်အလက်များ ရရှိစေနိုင်သည့် ဆောင်ရွက်ချက်ဖြစ်ပြီး ယေဘုယျအားဖြင့် အကျိုးရှိသည့် လုပ်ဆောင်ချက်များ ဖြစ်ပါကြောင်း၊ သို့ရာတွင် အခြားထည့်သွင်းစဉ်းစားရမည့် အချက်များမှ ညီလာခံအတွက် ဘတ်ဂျက်ကုန်ကျစရိတ်နှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ တာဝန်ခံကျင်းပမည့် အဖွဲ့အစည်း၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အတွေ့အကြုံ စသည့် အချက်များဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က ၂၉-၇-၂၀၁၆ ရက်နေ့တွင် စီးပွားရေးမူဝါဒ (၁၂) ရပ်ကို ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါစီးပွားရေး မူဝါဒများသည် အမျိုးသား ရင်ကြားစေ့ရေးနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအပေါ် အလေးထားသည့် ပြည်သူဗဟိုပြု ချဉ်းကပ်နည်းဖြင့် ပြည်သူများအားလုံး ပါဝင်နိုင်ပြီး မျှတမှုရှိသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်သည့် အလုပ်အကိုင်ဖန်တီးပေးခြင်းစသည့် အခြေခံသဘောတရားများအပါ် အခြေခံပြီး သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်နေစဉ် ကာလတွင် ဖွံ့ဖြိုးမှုဘဏ္ဍာငွေ အရင်းအမြစ်များကို ထိထိရောက်ရောက် ဖော်ထုတ်သုံးစွဲနိုင်ရန် အရေးကြီးပါကြောင်း၊ ၅-၆-၂၀၁၃ ရက်နေ့မှ ၇ ရက်နေ့အထိ နေပြည်တော်တွင် (၂၂) ကြိမ်မြောက် အရှေ့အာရှကမ္ဘာ့ စီးပွားရေးဖိုရမ် (World Economic Forum) ကို ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ညီလာခံတွင် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ စီးပွားရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များ၊ ဂျာနယ်လစ်များစုစုပေါင်း ၉၀၀ ခန့်တက်ရောက်ခဲ့ပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များပါဝင် တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါဖိုရမ်တွင် အလုပ်အကိုင်ဖန်တီးခြင်း၊ ပညာရေးနှင့်စပ်လျဉ်းပြီး အခွင့်အလမ်းများ ကျယ်ပြန့်လာစေရေး၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်သူများအတွက် အဓိက ဦးစားပေးဆွေးနွေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်တွင် Forum၊ Conference၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop) များကို သက်ဆိုင်ရာဦးတည်ချက်၊ ကဏ္ဍအလိုက် ရည်ရွယ်ချက်များ အလိုက် ပြည်တွင်း/ပ ပညာရှင်များနှင့် Stakeholders များ ပါဝင်ပြီး ကျင်းပခဲ့ကြပါကြောင်း၊ ဥပမာ Water Conference၊ Investment Forum၊ Development Effectiveness Roundtable၊ Euro Money Conference၊ Women Empowerment Forum၊ Education Forum၊ Health Forum တို့ ဖြစ်ပါကြောင်း၊ အဆိုပါဖိုရမ်များ၊ ကွန်ဖရင့်များ ပေါ်ပေါက်လာကြသည့် အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များသည် သက်ဆိုင်ရာဘာသာရပ်အလိုက် ဆွေးနွေးအကြံပြုကြပြီး မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များ (Policy Recommendations) များကို ဖော်ထုတ်လေ့ ရှိသော်လည်း အဆိုပါအစည်းအဝေး၏ ရလဒ်များနှင့်မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် အားနည်းချက်များရှိသည့်ကို တွေ့ရှိရပါကြောင်း၊ စီးပွားရေးမူဝါဒနှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ မိမိတို့နှင့် သက်ဆိုင်သည့် ဦးစားပေးလုပ်ငန်းများ အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန်အတွက် ဒုတိယသမ္မတ (၁) ဦးဆောင်ပြီး မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကိုလည်း လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုဆိုလျှင် (၁၆) ကြိမ်ရှိပြီဖြစ်ပြီး အလားတူရင်းနှီးမြှုပ်နှံမှု ဖိုရမ်းများနှင့် ထိရောက်သော ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲများကိုလည်း ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် 1st Myanmar Entrepreneurship Summit 2016 ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် ၂၂-၁၀-၂၀၁၆ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ် မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ ထိပ်သီးညီလာခံကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် ၁၂-၁၀-၂၀၁၇ ရက်နေ့တွင်လည်းကောင်း အသီးသီးကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်တက်ရောက်ပြီး လမ်းညွှန် အမှာစကားများလလည်း ချီးမြှင့်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးတွင် မိမိတို့နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ ပြည်တွင်း/ပ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ကဏ္ဍအလိုက် မဟာဗျူဟာ (Strategy) များ ရေးဆွဲပြီး စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ မဟာဗျူဟာ (Strategy) များတွင် စီမံကိန်း (Plan)၊ လုပ်ငန်းအစီအစဉ်များ (Action Plan)၊ စီမံချက်များ၊ (Project)၊ လုပ်ငန်းဆောင်ရွက်ချက်များ (Activities) စသည့် အစီအစဉ်များ အသီးသီး ချမှတ်နေကြသော်လည်း မတူညီသည့် ကဏ္ဍအလိုက် မူဝါဒ၊ စီမံကိန်းနှင့်မဟာဗျူဟာများ အကြားတွင် အချင်းချင်းအပြန်အလှန် ညီညွတ်မှု (Policy Coherence) အပိုင်းတွင် အားနည်းလျက်ရှိသည့် အတွက်ကြောင့် ၎င်းအခြေအနေကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုအခါ အားလုံးပါဝင်သည့် မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ် (Myanmar Sustainable Development Plan- MSDP) ကို ရေးဆွဲပြုစုထားပြီး ဖြစ်ပါကြောင်း၊ MSDP ကို ရေးဆွဲအကောင်အထည် ဖော်ခြင်းအားဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ၎င်းတို့နှင့်သက်ဆိုင်သည့် နယ်ပယ် (Area)၊ ကဏ္ဍ (Sector) နှင့် အကြောင်းအရာ (Theme) တို့အပေါ်တွင် မူတည်ပြီး တစ်သီးတစ်သန့် ဆောင်ရွက် နေခြင်းမျိုးမှ ရှောင်ရှားနိုင်ပြီး မဟာဗျူဟာကျသည့် အမျိုးသားအဆင့်စီမံကိန်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ထားပါကြောင်း၊ အဆိုပါ MSDP ကို နိုင်ငံတော်၏မူဝါဒ၊ ရည်မှန်းချက်များအပြင် ကမ္ဘာလုံးဆိုင်ရာ (Global) အဆင့်တွင်ချမှတ် ဆောင်ရွက်နေသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals- SDG) အပေါ်တွင် အခြေခံပြီး ဒေသအတွင်း (Regional) နှင့် ဒေသခွဲ (Sub-regional) အဆင့် ကတိကဝတ်များ (Commitments)၊ ဆောင်ရွက်မှုများ (Initiatives) နှင့် ကိုက်ညီမှုရှိစေရန်တို့ကို သုံးသပ်ရေးဆွဲထားခြင်းဖြစ်ပြီး နိုင်ငံအဆင့်ရေရှည်တည်တံ့ ခိုင်မြဲမည့် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် အကောင်အထည်ဖော်နိုင်ရေးကို ရည်ရွယ်ပါကြောင်း၊ လက်ရှိ အချိန်တွင် အဆိုပါ MSDP ကို အစိုးရဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးမှ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှုဖိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်း အကြံပြုချက်များ ရယူဆောင်ရွက် နေဆဲဖြစ်ပါကြောင်း၊ MSDP ကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး (Peace and Stability)၊ ချမ်းသာကြွယ်ဝရေး နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု (Prosperity and Partnership)၊ ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင် (People and Planet) စသည့် မဏ္ဍိုင် သုံးရပ်နှင့်ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ လုံခြုံရေးနှင့်ကောင်းမွန်သည့် စီမံအုပ်ချုပ်မှု ဖြစ်ထွန်းရေး၊ စီးပွားရေးတည်ငြိမ်ရေးနှင့် မေခရိုစီးပွားရေးစီမံခန့်ခွဲမှု အားကောင်းခိုင်မာရေး၊ အလုပ်အကိုင် ဖန်တီးပေးရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းပေါ်ပေါက်ရေး၊ ၂၁ ရာစု လူ့အဖွဲ့အစည်းများအတွက် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုကိစ္စများဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသားအဆင့် ချမ်းသာကြွယ်ဝရေးအတွက် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးဆိုသည့် ပန်းတိုင်ငါးရပ်အပေါ်တွင် အခြေခံပြီးမဟာဗျူဟာ ၂၈ ခု၊ လုပ်ငန်း အစီအစဉ် ၂၃၈ ခုတို့ဖြင့် ပါဝင်ရေးဆွဲထားပါကြောင်း၊ ၎င်း MSDP ကို အပြီးသတ်အတည်ပြုပြီးပါက ကဏ္ဍအဆင့်တွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဒေသအဆင့်တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဦးစားပေးစီမံကိန်းများကို ဖော်ထုတ်သတ်မှတ်ပြီး နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်နှင့် စီမံကိန်းများ (Public Investment Programs and Projects-PIP) များအဖြစ် သတ်မှတ်ပြီး ပေါ်ထွက်လာသည့်အစီအစဉ်၊ စီမံကိန်းများကို ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းစဉ်နှင့် ဘဏ္ဍာငွေရရှိနိုင်မည့်ဇာစ်မြစ် (Sources of Financing) အပေါ်မှာမူတည်ပြီး အစိုးရ၏ဘဏ္ဍာငွေ (Government Budget) ဖြင့်လည်းကောင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု (Private Investment) ဖြင့် လည်းကောင်း ဆောင်ရွက်နိုင်ရန်ု စိစစ်သတ်မှတ်သွားမည် ဖြစ်ပါကြောင်း၊ အချို့သောစီမံကိန်းကြီးများသည် ပြည်သူများအတွက် အကျိုးကျေးဇူးရှိသည်မှာ မှန်သော်လည်း ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ သက်သက်ဖြင့် အကောင်အထည်ဖော်ရန် ခက်ခဲသည့် အခြေအနေမျိုးဖြစ်ပါက အစိုးရ-ပုဂ္ဂလိကမိတ်ဖက်ပြု ဆောင်ရွက်သည့် (Public Private Partnership-PPP) အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်မည် သို့မဟုတ် ဖွံ့ဖြိုးအကူအညီ (Development Assistance) များရယူပြီး ဖွံ့ဖြိုးမှုမိတ်ဖက်များ (Partners in Development)နှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်မည် စသည်ဖြင့် စိစစ်သတ်မှတ်သွားရန် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ၂၆-၂-၂၀၁၈ ရက်နေ့ နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးစီး၍ ကျင်းပပြုလုပ်ခဲ့သည့် ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ (Development Effectiveness Roundtable) တွင် တက်ရောက်လာကြသည့် အစိုးရဌာနများ၊ လွှတ်တော်၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပပညာရှင်များက MSDP (မူကြမ်း) နှင့် ဆက်လက် ဆောင်ရွက်မည့် PIP လုပ်ငန်းစဉ်တို့နှင့်ပတ်သက်ပြီး အလေးအနက် ဆွေးနွေးခဲ့ကြပြီး နောက်ထပ် အကြံပြုချက်များကိုလည်း ဖိတ်ခေါ်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်က ဆောင်ရွက်လျက် ရှိသည့် MSDP နှင့် PIP လုပ်ငန်းစဉ်များကို ပြည်တွင်းပြည်ပပညာရှင်များဖြင့် စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်ဖော် ထုတ်ခြင်းအားဖြင့် ပကတိအခြေအနေကိုထင်ဟပ်ပြီး အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာတစ်ရပ်ရရှိလာရန် မျှော်မှန်းဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။
