လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ် ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ခင် ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမယ့်မေးခွန်းကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာဖြစ်တဲ့ ဖလမ်းကျေးရွာ၊ သီလဝါကုန်းလမ်း
ကျေးရွာနှင့် ကရက်ကျေးရွာများအား ၁၉၉၆ ခုနှစ်က နိုင်ငံတော်မှ သန်လျင်၊ ကျောက်တန်းဒေသဖွံ့ဖြိုး ရေးစက်မှုဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရပ်ကွက်သုံးရပ်ကွက်အဖြစ်သို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့ပါတယ်။ ယခုအခါမှာ သီလဝါအထူးစီးပွားရေးဇုန်အနီးမှာ တည်ရှိပါတယ်။ ထို့အတွက်ကြောင့် အဆိုပါရပ်ကွက်သုံးရပ်ကွက်ဖြစ်တဲ့ အေးမြသီတာရပ်ကွက်၊ ရွှေပြည်သာရပ်ကွက် နှင့် သီတာမြိုင်ရပ်ကွက်များမှာ ယခုအချိန်အထိ လျှပ်စစ်မီးမရရှိသေးတဲ့အတွက် ယင်းရပ်ကွက်များကို လျှပ်စစ်မီးသွယ်တန်းပေးမှုအစီအစဉ်ရှိ၊မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးနိုင်ပါရန် မေးမြန်းထားပါသည် ။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ခင်၏ မေးမြန်းထား သောမေးခွန်းနှင့်ပတ်သက်၍ ဖြေကြားသွားမှာဖြစ်ပါတယ်။ ကျောက်တန်းမြို့နယ်၊ အေးမြသီတာ ရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်နှင့် သီတာမြိုင်ရပ်ကွက်တို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးဖို့ အတွက် အေးမြသီတာရပ်ကွက်မှာ ၆.၆ ကေဗွီဓာတ်အားလိုင်း ၁၃၀၀ ပေ၊ ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာ၊ ၃၁၄ ကေဗွီ ထရန်စဖော်မာနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁.၁ မိုင်တည်ဆောက်ရန် အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၄၈ သန်းခန့်ကိုလည်းကောင်း၊ ရွှေပြည်သာရပ်ကွက်တွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ပေ ၁၀၀၊ ၃၃/ဝ.၄ ကေဗွီ ၅၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၃.၃၈ မိုင်ကိုတည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေကျပ်သန်း ၁၁၄ သန်းခန့်ကို လည်းကောင်း၊ သီတာမြိုင်ရပ်ကွက်တွင် ၁၁/ဝ.၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂.၄၁ မိုင်တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ၆၈ သန်းကိုလည်းကောင်း အသီးသီးသုံးစွဲရမှာ ဖြစ်ပါတယ်။ အေးမြသီတာရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်နှင့် သီတာမြိုင်ရပ်ကွက်သုံးခုကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် စုစုပေါင်းကျပ်သန်းပေါင်း ၂၃၀ ကျော် လိုအပ်မည်ဖြစ်ပါတယ်။ ကျောက်တန်းမြို့နယ်တစ်ခုတည်းမှ ရပ်ကွက်သုံးခုကို တစ်ပြိုင်တည်းဆောင်ရွက်ရန် ရန်ပုံငွေအကန့် အသတ်ရှိပါ၍ ရပ်ကွက်တစ်ခုချင်းအလိုက် နှစ်စဉ်ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းဖြေကြားထားပါသည် ။
