(ဂ)-နိုင်ငံအတွင်းနေထိုင်သူအားလုံးအား ID နံပါတ်တစ်ခုချင်းစီဖြင့် Database တည်ဆောက်ခြင်းကို ဦးစားပေးဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၃.၆.၂၀၁၈)

 

၂၉.၇.၂၀၁၆ ရက်နေ့တွင် ချမှတ်ခဲ့သည့် စီးပွားရေးမူဝါဒ (၁၂) ရပ်တွင် Data IT System, Digital Government Strategy, E-Government System ကို အကောင်အထည်ဖော်ဆောင်ရွက် မည်ဆိုသည့် အချက်တစ်ချက် ပါပါကြောင်း၊ E-Government System စနစ်ကို ကျင့်သုံးမည်ဆိုလျှင် ဝန်ကြီးဌာန တစ်ခုချင်းစီအတွက် Database သည် မရှိမဖြစ်ရှိရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ မိမိတို့ (လဝက) တွင် လက်ရှိအခြေအနေထိ Database နှင့် ပတ်သက်ပြီး Soft Copy များမရှိဘဲ စာရွက်စာတမ်းနှင့် သိမ်းထားသည့် အခြေအနေသာရှိပါကြောင်း၊ Database ရှိလာသည့်အခါ ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ဆောင်ရွက် ယုံတင်မက ပြည်သူကို ဝန်ဆောင်မှုပေးရန်လည်း လိုလားပါကြောင်း၊ ပြည်သူ ဝန်ဆောင်မှုပေးသည့်အခါ လက်ရှိမိမိတို့၏ ID နံပါတ်တည်ဆောက်ပုံအား ကွန်ပျူတာစနစ်အတွက် အဆင်မပြေပါကြောင်း၊ ထိုအခါ မိမိတို့တွင် လက်ရှိနံပါတ်မှာ ပြည်နယ် သို့မဟုတ်ရင် တိုင်းဒေသကြီးကို ကိုယ်စားပြုသည့် နံပါတ်အရှေ့တွင်ရှိပါကြောင်း၊ ထို့နောက် သင်္ကေတမြို့နယ် ကိုယ်စားပြုသည့် အက္ခရာရှိပြီး နောက်ဆုံးတွင် ကိုယ်ပိုင်နံပါတ်တစ်ခုစီ သတ်မှတ်ထားပါကြောင်း၊ မိမိတို့၏ အိမ်နီးနားချင်းများဖြစ်သည့် ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်မှ  ID များမှာ ထိုင်းတွင် Smart Card သုံးပြီး Microchip နှင့် Bar Code နှစ်ခုစလုံးပါပါကြောင်း၊ Smart Card သည် ကုန်ကျစရိတ်ရှိပါကြောင်း၊ Microchip ကို ဖတ်နိုင်ရန် စက်လိုပါကြောင်း၊ တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်မှာ ID နံပါတ်တစ်ခုစီကိုသာ သုံးထားပါကြောင်း၊ နံပါတ်သာသုံးရသောကြောင့် ကုန်ကျစရိတ် သက်သာပါကြောင်း၊ မိမိတို့မှာ လုပ်ငန်းတိုင်းအတွက်ကို ဘတ်ဂျက်က အမြဲတမ်းကပ်ပြီး စဉ်းစားနေရသဖြင့် တင်ပြခြင်းဖြစ်ပါကြောင်း၊ E-Government အတွက် Database များ တည်ဆောက်ရန်လိုသည့် အချိန်တွင် Print Media ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်မည်ဆိုသည့်ကိစ္စ ပါလာပါကြောင်း၊ ထိုအခါ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန်က ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများသည် မှန်းဆတွက်ချက်ခဲ့ရသည့်အတွက် အချက်အလက်များ လွဲမှားမှုရှိခဲ့ပြီး ကြားဖြတ်သန်းခေါင်စာရင်း ပိုပြီးတိကျသည့် အချက်အလက်များကိုရရှိရန် ရည်ရွယ်လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောထားသည့်အခါ မိမိတို့အနေဖြင့် မှန်ပါသလားဆိုတာ သိချင်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၂၀၁၇ ခုနှစ်၊ သန်းခေါင်စာရင်းကောက်မည်ဆိုလျှင် တစ်ဖက်တွင် E-Government အတွက် ပြင်ဆင်ရမည့်အချိန်နှင့် ငွေကြေးများကို မိမိတို့ကဘက်မှာလည်း သုံးမည်ဆိုလျှင် အင်အားလျော့သွားမည် စိုးရိမ်သည့်အတွက်ဖြစ်ပါကြောင်း၊ မိမိစောစောကပြောသည့် National Database ကိုပြောခြင်းဖြစ်ပါကြောင်း၊ မိမိတို့က နိုင်ငံသားတစ်ဦးချင်းစီအတွက် ID နံပါတ်တစ်ခုချင်းစီ ယူမည်ဆိုလျှင် တစ်ယောက်ချင်း၏ Biographic, Biometric အချက်အလက်များ ယူထားမည်ဆိုလျှင် နိုင်ငံသားတစ်ယောက်သည် နံပါတ်တစ်ခုရခြင်းအားဖြင့် ရွေးကောက်ပွဲလုပ်သည့်အခါ မဲစာရင်းပြုစုသည့် အခါတွင် ၎င်းနံပါတ်နှင့် အလွယ်တကူရမည် ဖြစ်ပါကြောင်း၊ နိုင်ငံကူးလက်မှတ်ဆိုလျှင် ထိုနံပါတ်နှင့် တစ်ခါတည်းချိတ်ဆက်လို့ရမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်ကိစ္စဖြစ်ဖြစ်၊ အခွန်ကောက်ခံသည့် ကိစ္စဖြစ်ဖြစ် E-Government System ကို လွယ်ကူချောမောစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ID နံပါတ်တစ်ခုချင်းစီနှင့် Database တည်ဆောက်ခြင်းကို ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိဆိုသည့် မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း။


ဖြေကြားသူ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ID နံပါတ်တစ်ခုချင်းနှင့် Database တည်ဆောက်ခြင်းလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေနှင့် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် စီးပွားရေးမူဝါဒ (၁၂) ရပ်ထဲတွင် Data ID Card System, Digital Government strategy, e-Government ကို ဆောင်ရွက်နိုင်ရန်ဟု အတိအလင်းဖော်ပြသည့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် Sustainable Development ကို SGDG Target 16.9 တွင်လည်း သက္ကရာဇ် ၂၀၃၀ တွင် လူတိုင်းမွေးစာရင်းအပါအဝင် မှတ်ပုံတင်တစ်ခုရရှိရေး ပါဝင်နေပါကြောင်း၊ တရားဝင်မှတ်ပုံတင်စနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုပင် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် လက်ရှိအစိုးရသစ် တာဝန်ယူချိန်မှစပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုင်ငံတကာအဆင့်မီ Smart Card အဖြစ် ပြောင်းလဲထုတ်ပေးနိုင်ရေး လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းအနေနှင့် ကနဦးလေ့လာဆန်းစစ်ခြင်းကို ၂၀၁၆ ခုနှစ် မေလမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ နည်းပညာအသုံးပြုပြီး နိုင်ငံခြားသားမှတ်ပုံတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်အပါအဝင် ကုမ္ပဏီအဖွဲ့အစည်း ၄၇ ခုက ရှင်းလင်းဆွေးနွေးခြင်း၊ အခြားဝန်ကြီးဌာနများနှင့်  မိမိတို့ဝန်ကြီးဌာနမှ အရာထမ်းများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆွေးနွေးချက်များအရ ကမ္ဘာ့နိုင်ငံများတွင် လူဦးရေမှတ်ပုံတင်ခြင်း၊ (EID Population) နှင့် နိုင်ငံသားမှတ်ပုံတင်ခြင်း (National Registration) ဟူ၍ အဓိကအားဖြင့် စနစ်နှစ်မျိုးရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို နည်းပညာအသုံးပြု၍ Digital စနစ်နှင့် ပြောင်းလဲထုတ်ပေးသည့် စနစ်ကိုသာ လုပ်ဆောင်မည်ဆိုလျှင် နိုင်ငံအတွင်း နေထိုင်သူအားလုံး၏ အချက်အလက်များကို ရရှိနိုင်ရန်ခက်ခဲပါကြောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကိုသာ ထိန်းသိမ်းနိုင်ပြီး လုံခြုံရေးအရ အခြားအစိုးရအဖွဲ့အစည်းများနှင့် မျှဝေသုံးစွဲနိုင်မှု မပြုနိုင်ပါကြောင်း၊ နိုင်ငံတော်မှအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် E-Governmental အဆင့်နှင့် Singal Platform တစ်ခုတည်းဖြစ်ရန် ဆောင်ရွက်မရသည့် အားနည်းချက်များကို တွေ့ရှိရသည့်အတွက် နည်းပညာအသုံးပြုပြီး နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးသည့်စနစ်တွင် နိုင်ငံအတွင်းနေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် လက်ဗွေ၊ မျက်ကြည်လွှာ၊ မျက်နှာဓာတ်ပုံ၊ Biometric Data များကို သိမ်းဆည်းပြီး လူတစ်ဦးချင်းစီအတွက် Unit ID Number တစ်ခုစီပေး၍ Database တွင် မှတ်တမ်းတင် ထိန်းသိမ်းထားခြင်း လုပ်ငန်းများကို ပထမအဆင့်အနေနှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မှတ်တမ်းတင်ပြီးသည့်သူများကို နိုင်ငံသားဥပဒေနှင့်အညီစိစစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်များကို Smart Card နှင့် ပြောင်းလဲထုတ်ပေးခြင်း လုပ်ငန်းများကိုလည်း ဒုတိယအဆင့်အနေနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ NEID-National Electronic Identity စနစ်နှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် တွေ့ကြုံနိုင်သည့် အခက်အခဲများ ကြာမြင့်သည့် အချိန်များကို သိရှိနိုင်ရန် စမ်းသပ်ဆောင်ရွက်ခြင်းအနေနှင့် ပြည်ထောင်စုနယ်မြေ၊ မန္တလေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ၈.၁၂.၂၀၁၆ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့ထိ စုစုပေါင်း ၄၄၃၄၉ ဦးကို စနစ်တကျမှတ်တမ်းတင် ကောက်ယူပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲများဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ ရန်ကုန်နှင့်မန္တလေးတို့တွင်လည်း နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူနိုင်ငံသား စုစုပေါင်း ၃၆၆၄၄ ဦး၊ ပြည်ပအလုပ်သမား လက်မှတ်ရေးထိုးပေးရေးရုံးတွင် စုစုပေါင်း ၄၉၆၉၈ ဦးနှင့် ထိုင်းနိုင်ငံသံရုံးတွင် ၂၀၁၄၅၈ ဦး၊ ထိုင်းနိုင်ငံ CIA ထုတ်ပေးရေးစခန်းတွင်ရှိသည့် အလုပ်သမားများအတွက် ထုတ်ပေးထားသည့် CIA စခန်း ၁၁ ခုရှိပါ ကြောင်း၊ ထိုစခန်းများတွင် စုစုပေါင်း ၁၀၀၅၄၀၆ ဦးကိုလည်း Biometric Data နှင့် Biographic Data များကို စနစ်တကျကောက်ယူပြီး သိမ်းဆည်းထားပြီး ဖြစ်ပါကြောင်း၊ NEID စနစ်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးဦးစီးသည့် တာဝန်ရှိသူများလည်း မိမိတို့ညှိနှိုင်းဆွေးနွေး ဖြစ်ပါကြောင်း၊

အလားတူ ၁၂.၁၂.၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၇) တွင် NEID စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးကြပြီး မူအားဖြင့် သဘောတူညီချက် ရရှိပြီးဖြစ်ပါကြောင်း၊ NEID စနစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့ရေးအတွက် NEID စနစ်စီမံကိန်းအကောင်အထည်ဖော်ရေး ဗဟိုကော်မတီနာယကကို ဒုတိယသမ္မတပါဝင်သည့် ကော်မတီနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေးကိုလည်း ပြည်ထောင်စုအစိုးရရုံး၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊

မိမိတို့ဝန်ကြီးဌာနအနေနှင့် NEID စနစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လေ့လာဆန်းစစ်ခြင်း၊ စမ်းသပ်ဆောင်ရွက်ခြင်း၊ မူဝါဒရယူခြင်းနှင့် ကော်မတီများဖွဲ့စည်းခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ID နံပါတ်တစ်ခုချင်းစီနှင့် Database တည်ဆောက်ခြင်းကိုလည်း  ဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။