လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်က ပြည်သူများ အကျိုးစီးပွားတိုးတက်စေ ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ စိုက်ပျိုးမြေဧရိယာတိုးချဲ့နိုင်စေရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စည်းကမ်းချက်များ၊ စနစ်တကျချမှတ်၍ ပုဂ္ဂလိကကဏ္ဍ လုပ်ပိုင်ခွင့်များ ပေးအပ်ဖော်ထုတ် စိုက်ပျိုးစေခဲ့တာကို တွေ့ရှိရပါတယ်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့က မြေယာလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ စည်းကမ်းချက်များနှင့်အညီ မြေနေရာချထား၍ စိုက်ပျိုးလုပ်ကိုင်စေခဲ့သော်လည်း စည်းကမ်း ဥပဒေနှင့်အညီ စိုက်ပျိုးဆောင်ရွက်နေသူများရှိသလို စည်းကမ်းနဲ့မညီတဲ့ စည်းကမ်းပျက် ပုဂ္ဂလိက ပုဂ္ဂိုလ်အချို့ရှိနေ၍ နိုင်ငံတော်အနေနဲ့ များစွာနစ်နာဆုံးရှုံးမှုရှိနေကြောင်း လေ့လာသိရှိရပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေနဲ့ ပြည်သူများရဲ့အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး မေးမြန်းမယ့် မေးခွန်း ကတော့ မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့် အသုံးပြုခွင့်များရယူထားပြီး မူလကတိကဝတ်များကို ဖောက်ဖျက်၍ စည်းကမ်းနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ခြင်းမရှိသေးတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်ရယူထားသူများအား နိုင်ငံတော်က မည်ကဲ့သို့ စိစစ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် အကျိုးရှိစေရန်အတွက် မည်ကဲ့သို့ အရေးယူဆောင်ရွက်လျက်ရှိသည်ကို ဖြေကြားပေးပါရန် လေးစားစွာ ဖြင့် မေးမြန်းထားပါသည်။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်သန့်က နိုင်ငံတော်မှပြည်သူများအကျိုးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စည်းကမ်းချက်များချမှတ်၍ လုပ်ပိုင်ခွင့်များ ချထားပေးခဲ့ရာမှာ စည်းကမ်းနှင့်မညီသော မြေလွတ်၊ ြမေလပ်နှင့် မြေရိုင်းရယူထားသူများအား မည်ကဲ့သို့ စိစစ် ဆောင်ရွက်ပြီး နိုင်ငံတော်အကျိုးရှိစေရန် မည်သို့အရေးယူဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါ ကြောင်း မေးထားတာတွေ့ရှိရပါတယ်။ မေးခွန်းမေးတဲ့ အတွက်လည်းပဲ ဦးအောင်သန့်ကို ကျေးဇူး တင်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်ပတ်သက်လို့ ကျွန်တော် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းက ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ပိုင် မြေသယံဇာတ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ယင်းနှင့် ဆက်နွယ်လျက်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများတွင် ထိရောက် မှန်ကန်စွာ အကျိုးရှိရှိ အသုံးချစီမံဆောင်ရွက်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၁၂-၇-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၇/၂၀၁၁ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအနေနဲ့ နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွား အား အမှန်တကယ်ဖော်ဆောင်နိုင်မည့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် အဓိက ရည်မှန်းချက်နှင့် နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လက်တွေ့ အမှန်တကယ် ရင်းနှီးမြှုပ်နှံ၍ စိုက်ပျိုးမွေးမြူလုပ်ကိုင်ကြမည့် ပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေနဲ့ ဥပဒေနှင့်အညီ မှန်ကန်သည့်လုပ်ကိုင်ခွင့် အခွင့်အလမ်းရရှိရေး၊ ကျေးလက်ဒေသနေ တောင်သူလယ်သမားများနှင့် မိသားစုတစ်ပိုင်တစ်နိုင်ရင်းနှီးလုပ်ကိုင်လိုကြသူများ၊ လုပ်ကိုင်ခွင့် အခွင့် အလမ်းများရရှိလာစေရေးအတွက် ဥပဒေအရလမ်းဖွင့်ပေးပြီး စနစ်တကျစိစစ်ခွင့်ပြုရေး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လက်တွေ့အမှန်တကယ်ရင်းနှီးမြှုပ်နှံ၍ အသုံးပြုလုပ်ကိုင်ကြခြင်းမရှိဘဲ အခွင့်အလမ်းတစ်ရပ်အနေဖြင့် လုပ်ပိုင်ခွင့်ရယူထားခဲ့သူများကို ဥပဒေအရပယ်ဖျက်ပြီး၊ အမှန်တကယ် ရင်းနှီးမြှုပ်နှံအသုံးပြု လုပ်ကိုင်ကြမည့်သူများအား ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ပြုပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဥပဒေပညာရှင်များဖြင့် အကြိမ်ကြိမ်ညှိနှိုင်းတိုင်ပင်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကြမ်းကို ရေးဆွဲပြီးတင်ပြလျက်ရှိပါတယ်။
နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ခိုင်မာသည့် ဥပဒေတစ်ရပ် ပေါ်ပေါက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ကိုယ်စား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကြမ်းကို ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ ၃-၁၀-၂၀၁၁ ရက်နေ့တွင် တင်သွင်း ခဲ့ပါသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ရယူမှုများအား စိစစ်ရာမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့နှင့် ဒေသအာဏာပိုင် တို့မှခွင့်ပြုပေးခဲ့တဲ့ ဧရိယာစုစုပေါင်း ၃၈.၉၈ ဧက သိန်းအား အမှန်တကယ်ဖော်ထုတ် စိုက်ပျိုး အသုံးပြုပြီး ဧရိယာ ၉.၈၆ ဧကသိန်းသာဖြစ်၍ စိုက်ပျိုးအသုံးပြုရန် ကျန်နေတဲ့ဧကများမှာ ၂၉.၁၂ ဧကသိန်း ကျန်ရှိနေကြောင်းတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင် ဖော်ပြပါရှိသည့် စည်းကမ်းနှင့်မညီသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းရယူထား သူများကိုစိစစ်ပြီး နိုင်ငံတော်အကျိုးရှိစေရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းပြီးပါက မြေယာလုပ်ပိုင်ခွင့် ကြိုတင်လက်ဦးမှုရယူထားကာ စိုက်ပျိုးမှုမရှိခြင်းများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီအနေနဲ့စိစစ်ပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင် အသုံးပြုသူများကိုသာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားထားပါသည်။
