လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေအရ နိုင်ငံတော်ကြီး ဘက်စုံထောင့်စုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နိုင်ငံတကာနှင့်ခင်မင်ရင်းနှီးစွာ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေတောင်သူလယ်သမား မိသားစုများဖြစ်ကြပြီး မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိကထားဆောင်ရွက်နေသူများ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့နောင်လာမည့်ကာလတွင် တိုးတက်လာမည့် လူဦးရေ သန်း ၁၀၀ အတွက် မျှော်မှန်း ပြီး ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းကို တိုးတက်ထုတ်လုပ်နိုင်ဖို့ စိုက်ပျိုးရေးပညာရှင်များရဲ့ အကူအညီဖြင့် စိုက်ပျိုးကြိုးပမ်း လုပ်ကိုင်လျက်ရှိကြပါတယ်။ တောင်သူလယ်သမားများအနေနဲ့ နေ့စဉ်ပြောင်းလဲ တိုးတက်နေတဲ့ စိုက်ပျိုးရေးနည်းပညာရပ်များနဲ့အတူ မိမိတို့နိုင်ငံအတွင်း ကြိုးပမ်းဆောင်ရွက် နေမှုများ၊ နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်နေမှုများကို များစွာစိတ်ဝင်စားလျက်ရှိကြပြီး ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များဆိုင်ရာ သတင်းအချက်အလက်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် နေမှုများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို နေ့စဉ်နှင့်အမျှ မျက်စိဖွင့်၊ နားစွင့်စောင့်ဆိုင်းလျက်ရှိနေကြတာကို တွေ့မြင်နေကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအနက်က လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေမှုများအပေါ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ သည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် မိမိတို့နိုင်ငံအတွက် အလားအလာကောင်းများ အခြေအနေကို တောင်သူလယ်သမားများအား သိရှိနိုင်ကြစေရန်အတွက် သက်ဆိုင်ရာမှ ရှင်းလင်းတင်ပြပေးပါရန် လေးစားစွာဖြင့် တင်ပြမေးမြန်းထားပါသည်။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေကြောင်းနှင့် မင်္ဂလာပါလို့ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေး ပညာရှင် ဦးအောင်သန့်၏ မေးခွန်းအပေါ် ကျွန်တော် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမှ ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ မေးခွန်းမှာ မြန်မာနိုင်ငံ သည် လက်ရှိအခြေအနေအရ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ရင်းနှီး ခင်မင်စွာ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတို့အနက်မှ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေမှုများအပေါ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်လုပ်ငန်း များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် အလားအလာကောင်းများ အခြေအနေကို ြဖေကြားပေးပါရန်ကို မေးမြန်းထားခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း အဖွဲ့အစည်းများနှင့် သော်လည်းကောင်း၊ နှစ်နိုင်ငံချင်းအလိုက်သော်လည်းကောင်း၊ ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် ကိုးခု၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ သုံးခု၊ INGO များနှင့် ၁၅ ခုနှင့် အဆိုပြုထားတဲ့ INGO များနဲ့ လေးခု၊ စုစုပေါင်း ၃၁ ခုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းတင်ပြလိုပါတယ်။ ဒေသတွင်းအဖွဲ့အစည်းများအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်း (Association of South East Asia Nations- ASEAN)၊ မဟာမဲခေါင်ဒေသခွဲစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (Greater Mekong Sub- region Economic Cooperation - GMS)၊ ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ (Ayeyarwaddy, Chaophraya, Mekong Economic Cooperation Strategy-ACMECS), ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (Bay of Bangal Initiative for Multi-Sectoral Technical and Economic Cooperation - BIMSTEC)တို့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ၊ လူသားအရင်းအမြစ်နှင့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
အာဆီယံအဖွဲ့အစည်းအောက်မှာ ကျန်အဖွဲ့ဝင် ကိုးနိုင်ငံနှင့် လယ်ယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာမူဘောင်များ ချမှတ်ခြင်း၊ တိုးတက်မှုအခြေအနေများအား သုံးသပ်ဆန်းစစ်ခြင်း၊ အနာဂတ် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအတွက် ညှိနှိုင်းခြင်းများအား ၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အဝန်းပေါ်ပေါက်လာရေးကိုဦးတည်လျက် ပူးပေါင်းပါဝင် ဆောင်ရွက် လျက် ရှိပါတယ်။ ယင်းပူးပေါင်းဆောင်ရွက်မှုကို အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါ်ပေါက်လာ သည်အထိ ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ပါတယ်။ အာဆီယံစီးပွားရေး အသိုက်အဝန်း ပေါ်ပေါက် လာပါက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာရုံသာမက စားနပ်ရိက္ခာဖူလုံမှု၊ စားနပ်ရိက္ခာ ဘေးအန္တရာယ်ကင်းရှင်းမှု၊ ကုန်သွယ်ရေးလွယ်ကူချောမွေ့မှု အကျိုးကျေးဇူးများရှိလာမှာ ဖြစ်ပါတယ်။ ထို့ပြင် အာဆီယံရဲ့လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ အပေါင်းသုံးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများနှင့်လည်း လယ်ယာကဏ္ဍဆိုင်ရာနည်းပညာများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများစွာရှိလျက်ရှိပါတယ်။
မဟာမဲခေါင်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးမှာ အဖွဲ့ဝင်ြခောက်နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၏ ညှိနှိုင်းရေး တာဝန်ခံ (Focal Point) အဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယင်းပူးပေါင်းဆောင်ရွက်ရေး အောက်မှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စိုက်ပျိုးရေးအထောက်အကူပြုအစီအစဉ် အဆင့် ၁ (၂၀၀၆-၂၀၁၀)(Core Agriculture Support Program-CASP I)ကို ပါဝင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိ သည့် စိုက်ပျိုးရေးသတင်းအချက်အလက်ကွန်ရက်လုပ်ငန်း (Agriculture Information Network) စာမျက်နှာမှာ မိမိတို့၏ လယ်ယာကဏ္ဍဆိုင်ရာအချက်အလက်များကို တင်ပြဖော်ပြပေးနိုင်ခဲ့ခြင်း၊ GMS ဒေသတွင်း ဇီဝလောင်စာနှင့် ကျေးလက်ဒေသပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာမူဝါဒ ရေးဆွဲရေးအတွက် မြန်မာနိုင်ငံ၏ ဇီဝလောင်စာများနှင့် ကျေးလက်ဒေသ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုင်ရာစိစစ်သုံးသပ်မှု (Assessment of Bio-fuels and Rural Renewable Energy) ပြုလုပ် နိုင်ခဲ့ခြင်း၊ နယ်စပ်ကုန်သွယ်မှုနှင့် လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုချောမွေ့ရေးအတွက် ရည်ရွယ်သည့် အပင်နှင့်အပင်ထွက်ကုန်များ၏ ပိုးမွှားရောဂါကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများကို တက်ရောက်ခွင့်ရရှိခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိခဲ့ပါတယ်။ စိုက်ပျိုးရေးအထောက်အကူပြု အစီအစဉ်အဆင့် ၂ ကို ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ယင်းအစီအစဉ်အောက်မှာ ဆောင်ရွက်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း များ၊ ဆွေးနွေးပွဲများကို ပါဝင်တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာတွင်လည်း လယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်မှု အတွက် ဦးဆောင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ဤပူးပေါင်း ဆောင်ရွက်မှုအောက်မှာ လယ်ယာကဏ္ဍယှဉ်ပြိုင်နိုင်မှု စွမ်းရည်တိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်တိုးတက်ရေး၊ ခိုင်မာရေးဆိုင်ရာသင်တန်းအစီအစဉ်အချို့၊ အစားအစာ လုံခြုံစိတ်ချရေး ဆိုင်ရာစည်းမျဉ်းများနှင့် စီမံခန့်ခွဲမှုစနစ်တိုးတက်ရေး၊ ခိုင်မာရေးကို ရည်ရွယ်သည့် စိုက်ပျိုးရေး နည်းစနစ်ကောင်းများ (Good Agricultural Practices) များလိုက်နာကျင့်သုံးရေးနှင့် ကျွမ်းကျင်မှု သင်တန်းအစီအစဉ်များ၊ မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသီးနှံ များနှင့် မျိုးစေ့ထုတ်လုပ်ရေးသင်တန်းများကို ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ မြန်မာနိုင်ငံအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
နှစ်နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘီလာရုစ်နိုင်ငံတို့နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရချင်း ( G to G ) နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးဆောင်ရွက်လျက် ရှိပါတယ်။ ဗီယက်နမ်နိုင်ငံ ကုမ္ပဏီများနှင့် ရင်းနှီး မြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကိုလည်း (MOU)ကို လည်း လက်မှတ်ရေးထိုးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ရှေ့အလားအလာအနေဖြင့် မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုအရ ရေဆင်းမှာ စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးအဆင့်မြင့်ဌာန (Agricultural Research Center) တစ်ခုကိုလည်း အိန္ဒိယနိုင်ငံအစိုးရနဲ့ ပူးပေါင်းတည်ထောင်ရန် အစီအစဉ် ရှိပါတယ်။ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း FAO နှင့် အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာန IRRI အပြည်ပြည် ဆိုင်ရာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့ IFAD၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ KOICA ၊ ထိုင်းအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ TICA တို့နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအထောက်အကူများ၊ လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်ရေးများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
FAO နှင့် ထောင်စုနှစ်ရည်မှန်းချက် ပန်းတိုင်များရောက်ရှိရေးကိုလည်း ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ယင်းပန်းတိုင်များကို ရောက်ရှိချိန်မှာ လယ်ယာကဏ္ဍသာမက ကဏ္ဍအားလုံးဖွံ့ဖြိုး တိုးတက်ပြီး ဆင်းရဲမှုများလျော့နည်းပပျောက်ကာ ကျေးလက်ပြည်သူများ၏လူနေမှုဘဝ အဆင့်အတန်း တိုးတက်လာမှာ ဖြစ်ပါတယ်။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ရင်းနှီးခင်မင်စွာ ဆက်သွယ် ဆောင်ရွက်လျက်ရှိပြီး လယ်ယာကဏ္ဍမှာ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနဲ့ အလားအလာကောင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားထားပါသည်။
