(ခ) မဲဇာတာတမံနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ (၃၀.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ဒေသတွင်းရှိ တောင်သူလယ်သမားများရဲ့အကျိုးငှာ မဲဇာတာတမံပြုပြင်ရေးကိစ္စအား တင်ပြသွားမှာ ဖြစ်ပါတယ်။ မဲဇာတာတမံကို ၁၉၈၂ ခုနှစ်က လယ်ယာစိုက်ပျိုးရေးနှင့်ဆည်‌ြမောင်းဝန်ကြီးဌာန၊ ဆည်‌ြမောင်းဦးစီးဌာနမှ ဆောင်ရွက်တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ပေးခဲ့သော တာတမံအလျားဟာ ၄၂၅၀၀ ပေ၊ တာထိပ်ဝအကျယ် ၈ ပေ၊ အမြင့် ၆ ပေဖြစ်ပါတယ်။ ၎င်းကဲ့သို့ တည်ဆောက်ပေးခဲ့ခြင်းကြောင့် ကျေးရွာအုပ်စု ၇ အုပ်စုရှိ မိုးစပါးသီးနှံနဲ့ အခြားသီးနှံစိုက်ဧက ၂၈၀၀၀ ဧကခန့်အတွက် မဲဇာရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိအ‌ြခေအနေကို တင်ပြရမယ်ဆိုရင် မဲဇာတာတမံရဲ့သက်တမ်းဟာ နှစ် ၃၀ ခန့်ရှိခဲ့ပါပြီ။ ပြုပြင်ထိန်းသိမ်းမှုမရှိတဲ့အတွက် အချို့နေရာများမှာ ပျက်စီးမှုရှိလာခြင်းကြောင့် မဲဇာရေကြီးမြင့်မှုကို မကာကွယ်နိုင်တော့ဘဲ မိုးစပါးသီးနှံနဲ့ အခြားသီးနှံစိုက်ဧကများဟာ နှစ်စဉ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်တာကို တွေ့ရှိရပါတယ်။ ဒေသခံမိဘပြည်သူ တောင်သူလယ်သမားများ အနေနဲ့တာတမံကြီးကို ပြုပြင်ပေးနိုင်ရေး တင်ပြကြတဲ့အတွက် သက်ဆိုင်ရာပညာရှင်များနဲ့ ကွင်းဆင်း တိုင်းတာခဲ့ကြရာလုပ်ငန်းတစ်ခုလုံးရဲ့ ကုန်ကျစရိတ်ဟာ ကျပ် ၆၈၇၅ဝဝဝဝ ခန့် ကုန်ကျမှာဖြစ်ကြောင်း သိရပါတယ်။ သို့အတွက် ၎င်းတာတမံပြုပြင်ရေးကိစ္စရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြခဲ့ရာ ကုန်ကျစရိတ်များပြားခြင်းကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဆက်လက် တင်ပြရေးလမ်းညွှန်ခဲ့ပါတယ်။ ဒါကြောင့် ထီးချိုင့်မြို့နယ် မဲဇာတာတမံအား သက်ဆိုင်ရာဝန်ကြီးဌာနမှ အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ သိလိုတဲ့အတွက် ဒေသခံ တောင်သူလယ်သမားများရဲ့ကိုယ်စား လေးစားစွာဖြင့် မေးမြန်းထားပါသည်။

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

 လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုး၏ မဲဇာတာတမံအားပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဟူသော မေးခွန်းနှင့်ပတ်သက်၍ ကျွန်တော် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌ြမောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမှ ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ ပြည်သူလူထု၏ အကျိုးအတွက်မေးမြန်းပေးခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးအား ယခုကဲ့သို့ ဖြေကြားခွင့်ရရှိခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း တင်ပြလိုပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မဲဇာတာတမံမှာ ဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သော ကျေးလက်တာတမံဖြစ်ပြီး ၁၉၇၈ ခုနှစ်တွင် စတင်တည်ဆောက်၍ ၁၉၈၂ ခုနှစ် တွင် ပြီးစီးခဲ့ပါတယ်။ တာတမံသည် အလျား ၄၂၅၀၀ ပေ၊ ထိပ်ဝအကျယ် ၈ ပေ နှင့် အမြင့် ၆ ပေ၊ အောက်‌ြခေအကျယ် ၃၀ ပေခန့်ရှိသော ‌ြမေသားတာပေါင်အမျိုးအစား ဖြစ်ပါတယ်။ မဲဇာတာတမံ သည် ထီးချိုင့်မြို့နယ်အတွင်းရှိ လေသာအုပ်စု၊ ဇီးသောင်အုပ်စု၊ ဆင်ဖြူဆိပ်အုပ်စု၊ ကံပေါက်အုပ်စု၊ ကြက်သွန်ခင်းအုပ်စု၊ ကွင်းကြီးအုပ်စု၊ တည်တောအုပ်စုရှိ စိုက်ပျိုးမြေဧက ၂၈၀၀၀  ခန့်ကို မဲဇာမြစ်ရေ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါတာတမံသည် ဆည်‌ြမောင်းဦးစီးဌာန၏ နည်းပညာနှင့်ကျေးရွာလူထု လုပ်အားတို့ဖြင့် ပူးပေါင်းတည်ဆောက်ထားပြီး ကျေးရွာအစီအစဉ်ဖြင့် ထိန်းသိမ်းထားသော တာတမံဖြစ်ပါတယ်။ နှစ်စဉ် မိုးရာသီမဲဇာချောင်းရေကြီးချိန်မှာ မဲဇာချောင်းမှ ရေများတာအတွင်းပိုင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း မိုးနှောင်းကာလ ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန် တာတမံအတွင်း ပိတ်မိနေသော ရေများကို ထုတ်နုတ်လျှော့ချရန်အတွက် တာတမံအစိတ်အပိုင်းအချို့ကို ချိုးဖောက်သောအလေ့အထ ရှိခဲ့ကြပါတယ်။ ထိုသို့ဆောင်ရွက်မှု ကြောင့် မိုးရာသီမြစ်ရေကြီးချိန်မှာ ရေဝင်ရောက်၍ လယ်‌ြမေများ ရေနစ်မြုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ၂ဝဝ၇-၂ဝဝ၈ ခုနှစ်မှာ မဲဇာတာကျိုးပေါက်မှု အလျား ၇ဝဝ ပေခန့်ကို တောင်သူများ အင်အားဖြင့် ဆောင်ရွက်ခြင်းမပြုနိုင်သဖြင့် ဆည်မြောင်းဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်ပေးခဲ့ရပါတယ်။ သာမန် အချိန်တွင် မဲဇာတာတမံအား ပြင်ဆင်ထိန်းသိမ်းမှုကို ကျေးရွာအစီအစဉ်ဖြင့်သာ ဆောင်ရွက်ခဲ့ပြီး ဆည်‌ြမောင်းဦးစီးဌာနသို့ တင်ပြခဲ့ခြင်းမရှိသဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းမရှိခဲ့ပါ။ ယခုနှစ်မှသာ ကျိုးပေါက်ပျက်စီးမှုများပြား၍ ကျေးရွာအစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်ရန် အခက်အခဲရှိပါသဖြင့် ဌာနသို့တင်ပြခြင်း ဖြစ်ပါတယ်။

ကွင်းဆင်းလေ့လာ တိုင်းတာချက်များအရ တာတမံကျိုးပေါက်မှု ၁၅ နေရာရှိခဲ့ပါတယ်။ ယခင်မူလက မဲဇာတာတည်ဆောက်ခဲ့ရာမှ ရေဘေးကာကွယ်ရေးအတွက်သာ ရည်ရွယ်တည်ဆောက် ခဲ့သဖြင့် ရေတံခါးများ တပ်ဆင်ခဲ့ခြင်းမရှိခဲ့ပါ။ မိုးတွင်းကာလ မဲဇာမြစ်ရေကြီးချိန်မှာ ရေများတာ အတွင်းသို့ မဝင်ရောက်စေရန်ကာကွယ်ပြီး မိုးနှောင်းကာလ ဆောင်းသီးနှံစိုက်ပျိုးချိန်မှာ တာတမံ အတွင်း ပိတ်မိနေသောရေများကို လိုအပ်သလို ထိန်းညှိထုတ်နုတ်ပေးနိုင်ဖို့အတွက် ရေတံခါး ၇ ခုခန့် တပ်ဆင်ပေးရန် လိုအပ်ကြောင်း ကွင်းဆင်းတွေ့ရှိရပါတယ်။ ထို့ကြောင့် မဲဇာတာတမံ၏ ကျိုးပေါက် သွားသော တာကျိုးပေါက် ၁၅ နေရာပြန်လည် ပိတ်ဆို့ခြင်း၊ တာတမံတောင့်တင်းခိုင်မာအောင် ဆောင်ရွက်ခြင်း၊ ရေတံခါးများတည်ဆောက်ပေးခြင်းလုပ်ငန်းများကို အသေးစိတ်ကွင်းဆင်းတိုင်းတာ၍ ဒီဇိုင်းပုံစံများရေးဆွဲပြီး လုပ်ငန်းများစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ သို့ ရန်ပုံငွေတင်ပြတောင်းခံသွားပါမည်။ ရန်ပုံငွေခွဲ‌ဝေရရှိမှုအပေါ်မူတည်၍ ပြုပြင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများထံ စနစ်တကျလွှဲအပ်၍ တာတမံ၊ ရေတံခါးများကို ထိန်းသိမ်းစောင့်ရှောက် သွားစေမည်ဖြစ်ပါကြောင်း ဖြေကြားထားပါသည်။