(စ) ဒီရေတား လယ်တာများနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ (၂၇.၁.၂၀၁၂)

 လေးစားရပါသော ဥက္ကဋ္ဌကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားတဲ့ပုဂ္ဂိုလ်များအားလုံး ကျန်းမာ၊ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ပေါက်တော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင် ဖြစ်ပါတယ်။ မေးမြန်းလိုတဲ့အချက် ကတော့ ပေါက်တောမြို့နယ် ကျေးလက်နေတောင်သူလယ်သမားများအတွက် အဓိကလိုအပ်နေတဲ့ ကျိုးပေါက်ပျက်စီးနေသော တာတမံများကို ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်ပြီး လူနှင့်ကျွဲနွား တိရစ္ဆာန်တို့ရဲ့အသက်အိုးအိမ်ပစ္စည်းများကို ကာကွယ်နိုင်သည်အထိ စက်ယန္တရားများဖြင့် ခိုင်ခိုင်မာမာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းလိုတဲ့အချက် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပကတိအခြေအနေကို အနည်းငယ် ဖတ်ကြားတင်ပြခွင့် ပေးစေလိုပါတယ်။ ကျွန်တော်တို့ ပေါက်တော မြို့နယ်ဟာ အဓိကလယ်ယာလုပ်ငန်းလုပ်ကိုင်သူ ၇၀ ရာခိုင်နှုန်းရှိပြီး ရေလုပ်ငန်းလုပ်ကိုင်သူ ၂၀ ရာခိုင်နှုန်း၊ တခြားလုပ်ငန်းလုပ်ကိုင်သူ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ပေါက်တောမြို့နယ်ရဲ့ တောင်ဘက် ပိုင်း ဖရုံကာကျွန်း ၃ ကျွန်းအပါအဝင် နယ်မြေအများစုဟာ ဘင်္ဂလားပင်လယ်နဲ့ ဆက်စပ်လျက် ရှိနေပါတယ်။ ပေါက်တောမြို့နယ်မှာ ဒီရေထိန်းတာတမံ ၁၁ ခုရှိပါတယ်။ ဒီတာတမံတွေရဲ့ ရေဘေး ကာကွယ်ဧကအနေဖြင့် လယ်ဧက ၃၀၀၀၀ခန့် ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီရေထိန်း တာတမံ အများဆုံးရှိတဲ့မြို့နယ် တစ်မြို့နယ်လည်း ဖြစ်ပါတယ်။ ယခုအခါမှာ ဒီတာတမံ ၁၁ ခုလုံးဟာ ဘယ်တာ မှ အကောင်းမရှိတော့ပါဘူး။ အားလုံးကျိုးပေါက် ပျက်စီးနေကြပြီ ဖြစ်ပါတယ်။ တချို့တာတမံတွေ သည် တာရိုးတောင်ရှာမတွေ့ဘဲ မြေပြင်နဲ့တစ်သားတည်း ဖြစ်နေကြပါသည်။ ဒီတာတွေကို လေ့လာ ကြည့်သလောက် ၁၉၅၇ ခုနှစ်မှ ၁၉၆၇ ခုနှစ်အတွင်း တာ ၉ ခုကို ထိုအချိန်က ARDC လို့ ခေါ်တဲ့ Agriculture and  Real Development  Completion စိုက်ပျိုးရေးနှင့်လယ်ယာမြေဖွံဖြိုး တိုးတက်ရေးကော်ပိုရေးရှင်းမှ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၇၀ ခုနှစ်မှစပြီးတော့ ကျန်တာတစ်ခုကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ  တာဝန်ယူတည်ဆောက်ပြီး ယခင်တာ ၉ ခုကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ပေါက်တောမြို့နယ်ဟာ ၁၉၆၈၊ ၁၉၇၀၊ ၁၉၉၀၊ ၂၀၀၄၊ ၂၀၁၀ ဂီရိလေမုန်တိုင်း ဒဏ်တွေကြောင့်  ဒီတာတမံတွေ အသီးသီးကျိုးပေါက် ပျက်စီးခဲ့ရပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေရာမှာ ကျွန်တော် အနည်းငယ်အလေးထားတင်ပြလိုတာက တာတမံ များ ကျိုးပေါက်ပျက်စီးသွားရင် တာရှည်မနေစေဘဲ ပြန်လည်ဆည်ဖို့ဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၀-၂၀၁၁ မိုးတွင်းကာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် တာတစ်ခုကျိုးပေါက်ပျက်စီး သွားရင် ၂၀၁၁-၂၀၁၂ ပွင့်လင်းရာသီရောက်ရင် ပြန်လည်ဆည်ဖို့ ဖို့လိုအပ်ပါတယ်။ ခုလိုပျက်စီး နေတဲ့တာတွေ နှစ်တွေချီပြီးတော့ တာရိုးတွေရှာမတွေ့တာ ဖြစ်ပါတယ်။ နယ်မြေရှိလယ်သမားတွေဟာ မိမိတို့လယ်မြေများကို အပြည့်အဝမလုပ်ကိုင်နိုင်ဘဲ မိမိတို့လုပ်အားငွေဖြင့် တစ်ပိုင်တစ်နိုင်ဆည်ဖို့ပြီး လုပ်ကိုင်နေရပါတယ်။ တာများကျိုးပေါက်နေတဲ့အတွက် လယ်မြေများပျက်စီးသွားသလို စပါးစိုက် ဧကလည်း လျော့နည်းသွားပါတယ်။ တချို့လယ်မြေတွေဟာ ပုဇွန်တာများ၊ ဆားကွင်းများဖြစ်နေကြ တဲ့အတွက် လယ်သမားများနဲ့ ပုဇွန်တာလုပ်ငန်းရှင်များ ပြဿနာတွေ ဖြစ်နေကြပါတယ်။ ကင်းတင်း ကာရီတွေဟာလည်း သေးငယ်တဲ့အတွက် ဒီရေကြီးခြင်းကိုခံနိုင်ရည်မရှိခြင်း၊ လေမုန်တိုင်းဒဏ်ကြောင့် ရေငန်ဝင်ရောက်မှု၊ ထူးကဲဒီရေတက်မှု တာတမံများကျိုးပေါက်မှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာမှုများနှင့် မုန်တိုင်းများ ဖြတ်ကျော်ဝင်ရောက်မှုများကြောင့်  လူ့အသက်များ၊ ကျွဲ၊ နွားတိရိစ္ဆာန်များ၊ ပစ္စည်းများ နှစ်စဉ်ဆိုသလိုဆုံးရှုံးမှုများ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် လယ်သမားများအတွက် အဓိကအားထားနေရတဲ့တာတမံများကို ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ခိုင်ခိုင် မာမာဆည်ဖို့ရန် အထူးလိုအပ်လျက်ရှိနေကြောင်း နယ်မြေရှိ တောင်သူလယ်သမားများက တင်ပြ တောင်းဆိုကြပါတယ်။ သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှလည်း ၂၀၁၀-၂၀၁၁ တာတမံဆည်ဖို့ခဲ့သော်လည်း တာပေါင်ရိုးများသေးငယ်သည့်အတွက် တစ်နှစ်မခံဘဲ ကျိုးပေါက်ပျက်စီးမှုများရှိနေတာကို တွေ့ရပါတယ်။ တာတမံမှာလည်း တစ်ပိုင်းတစ်စမပြီးသေးဘဲရှိ နေပါတယ်။ ဒီနှစ် ၂၀၁၁-၂၀၁၂ မှာ တာဖူးတဝန်ချောင်း၊ အလယ်ကျွန်းတာ၊ ရွာချောင်းကြီးတာများကို အပြည့်အဝပြန်လည်ဆည်ဖို့ခြင်းမဟုတ်ဘဲ လူထုအားနဲ့ ဆည်ဖို့နိုင်တဲ့အတွက် ခိုင်ခံ့မှုအားနည်းကာ ငွေကုန်ကြေးကျများပြီး အချိန်ကုန်ငွေကုန်တာပဲ အဖတ်တင်ပါတယ်။ တစ်နှစ်မခံဘဲ ကျိုးပေါက်သွား တာဖြစ်ပါတယ်။ တာတမံများဆည်ဖို့တဲ့အခါမှာလည်း ဦးစားပေးအဆင့်သတ်မှတ်ပြီး ဆောင်ရွက် စေလိုပါတယ်။ လယ်မြေဧကများများရှိတဲ့တာကြီးတွေကို ပင်လယ်နဲ့တိုက်ရိုက်ထိတွေ့ ဆက်စပ်နေတဲ့ ဥပမာ-ပုဏ္ဏားကြီး ဆင်ပိုက်စလူးပြင်တာဆိုရင် ၉၇၈၄ ဧကရှိပါတယ်။ ဧက ၁၀၀၀၀ နီးပါးရှိပါတယ်။ ထို့အတူ သိုက်ပေါင်းချောင်းတာ ၅၈၅၂ ဧက၊ ပြန်လျောက်ပြန်ခေါင်တာဆိုရင် ၅၁၃၀ ဧက၊ အဲ့လိုတာကြီးတွေကို ဦးစားပေးအဆင့်အနေနဲ့ ဆည်ဖို့ဖို့လိုအပ်တယ်လို့ သုံးသပ်တင်ပြလိုပါတယ်။ ဒါကြောင့် ကျေးလက်နေလယ်သမားတို့၏ လူမှုဘဝတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်တဲ့ ဒီရေထိန်းတာတမံများကို မုန်တိုင်းဒဏ်မှ ကာကွယ်ရန် ဒီရေကြီးခြင်း၊ ဒီရေလှိုင်းများရိုက်ပုတ်ခြင်းများမှ ကာကွယ်နိုင်ရန်အတွက် ခိုင်မာပြည့်တင်းသည့် တာပေါင်ရိုးကြီးများကို စက်ယန္တရားများဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း ခုလို မေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ပထမဦးစွာ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်မှ ရခိုင်ပြည်နယ်၊ ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်၏ ပေါက်တောမြို့နယ်အတွင်းရှိ ဒီရေတားလယ်သမားတာများအား စီမံကိန်းတာများအဖြစ် သတ်မှတ်၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်များ ရှိ၊ မရှိ။ ရှိပါက မည်သည့်အစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးခွန်းမေးမြန်း ထားချက်အပေါ်မှာ ဖြေကြားတင်ပြသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ နယ်မြေလူထုရဲ့အကျိုးအတွက် ယခုကဲ့သို့ မေးမြန်းခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်အား ယခုကဲ့သို့ ဖြေကြားခွင့်ရရှိခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

          ရခိုင်ပြည်နယ်အတွင်းမှာ ထုထည်ကြီးမားစွာဖြင့် ခိုင်ခန့်အောင်ပြင်ဆင် တည်ဆောက်ပေးရန် လိုအပ်လျက်ရှိနေတဲ့ လယ်သမားတာစုစုပေါင်း ၃၉၄ ခုရှိတဲ့အနက် ပထမဦးစားပေးပြင်ဆင်ပေးရန် အဓိကလိုအပ်နေတဲ့တာပေါင်း ၈၆ ခုကို ၂၀၁၂-၂၀၁၃ ခုနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရန်ပုံငွေ တင်ပြတောင်းခံထားပြီးတော့မှ ၎င်းတာများကိုဦးစားပေး(၁)အနေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းတင်ပြအပ်ပါတယ်။ ပြည်နယ်အတွင်းမှာ ဦးစားပေးဆောင်ရွက် ပေးမယ့် လယ်သမားတာ ၈၆ ခုအနက်မှ ယခုတင်ပြတဲ့ ပေါက်တောမြို့နယ်အတွင်းမှာ ပါရှိနေတဲ့ ဒီရေတား လယ်သမားတာ ၁၄ ခုလည်းပါဝင်ပါကြောင်းနှင့် ယခုနှစ်ပွင့်လင်းရာသီကာလအတွင်းမှာ အချိန်မီလုပ်ငန်းများပြီးစီးအောင် အဆင့်အလိုက်အကောင်အထည်ဖော် ပေးသွားမည် ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ တာများကိုလည်းပဲ အဆင့်အလိုက်ဦးစားပေးလိုအပ်ချက် များပေါ် မူတည်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ စက်ယန္တရားများအသုံးပြုပြီးတော့မှ ပိုမိုခိုင်ခံ့အောင်အတွက် တည်ဆောက်ပြုပြင်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်းဖြေကြားထားပါသည်။