လဲချားမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းကို မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဌာနက လုပ်ကိုင်ဆောင်ရွက်ပြီး လဲချားမြို့နယ်နှင့် အခြားမြို့နယ်ချင်းဆက်လမ်းများကို နေပြည်တော်လမ်းအထူး ၅ စီမံကိန်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း၊ ပြီးခဲ့သည့်ကာလများတွင် တစ်ရာသီသာသာ ကောင်းသည့်လမ်းများဖြစ်သည့်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့ ကို ဖြတ်သန်း သွားသော ပြည်ထောင်စုလမ်းမကြီးများ ဖြစ်သည့် လွိုင်လင်- ပန်ကေတု- သီပေါလမ်း၊ လွိုင်လင် - မိုင်းနောင်- မိုင်းရှူးလမ်းတို့ကို အသုံးပြုပြီး နေ့ညမရွေး သွားလာနေကြရာတွင် လမ်းအခက်အခဲရှိမှုကြောင့် အဆိုပါလမ်းများသည် သွားရေးလာရေး ခက်ခဲလှပါကြောင်း၊ လဲချားမြို့နယ်အတွင်းရှိ တံတားများ၊ လမ်းများသည် ကျဉ်းမြောင်းသည့်အတွက် မကြာခဏ ယာဉ်တိုက်မှုများဖြစ်ပွားလေ့ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လဲချားမြို့နယ်အတွင်း တံတားလမ်းများနှင့် မြို့နယ်တွင်းလမ်း၊ တံတားများ ချဲ့ကားပြုပြင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
လဲချားမြို့ကို ဖြတ်သန်းသွားသော ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် လွိုင်လင်- ပန်ကေတု- သီပေါလမ်း၊ လွိုင်လင်- မိုင်းနောင်- မိုင်းရှူးလမ်းတို့ကို အသုံးပြု၍ နေ့/ညမရွေးသွားလာနေရသည့်အတွက် အဆိုပါလမ်းပိုင်းများအား တိုးချဲ့ပြုပြင်ပေးရန် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရှိ လဲချားမြို့သည် လွိုင်လင်- လဲချား- ပန်ကေတု- သီပေါ လမ်း ဖြတ်သွားသော မြို့ဖြစ်ပါကြောင်း၊ လွိုင်လင်မြို့နယ်သည် မိုင်တိုင် ၂၀ မှ ၄၈ အထိ ၂၈ မိုင်ပါဝင်ပါကြောင်း၊ ထို့အတူ လွိုင်လင်- လဲချား- မိုင်းနောင်- မိုင်းရှူးလမ်းအပိုင်းသည်လည်း လဲချားသည် မိုင်တိုင် ၀၀ ဖြစ်ပြီး ၂၈ မိုင်အထိသည် လဲချားမြို့ နယ်အပိုင်းဖြစ်ပါကြောင်း၊ လဲချားမြို့နယ်သည် လမ်းမကြီးနှစ်ခုတွင် ၂၈ မိုင်စီ ပါဝင်သော မြို့နယ်ဖြစ်ပါကြောင်း၊ လွိုင်လင်- လဲချား- ပန်ကေတု- သီပေါလမ်းသည် လဲချားမြို့နယ်အတွင်း ပါဝင်ပြီး မိုင်တိုင်၂၀ မှ ၄၈ အထိ ဖြစ်ကာ လမ်းအကျယ် ၁၂ ပေရှိသော ကတ္တရာလမ်း အမျိုးအစားဖြစ်ပါကြောင်း၊ ယင်းလမ်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအထူးပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေကျပ် ၂၀၅ သန်းနှင့် ကတ္တရာလမ်းပေါက်များ ဖာထေးခြင်း ၇ မိုင် ၄ ဖာလုံ ဆောင်ရွက်ခဲ့ပြီး တံတားများအနေဖြင့် ၃ ပေ ရေပြွန် ၆ စင်းနှင့် ၅ ပေမှ ၄၀ ပေအရှည်ရှိသော တံတား ၅ စင်း စုစုပေါင်း တံတားရေပြွန် ၁၁ စင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၂၉၃ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လဲချား- မိုင်းနောင်- မိုင်းရှူးလမ်းသည် လဲချားမြို့နယ်အပိုင်းတွင် မိုင်တိုင် ၀၀ မှ ၂၈ အထိပါဝင်ပြီး ကတ္တရာလမ်းသည် ၂ မိုင်၊ အမာခံလမ်းသည် ၂၆ မိုင်ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၈၂၆ သန်းဖြင့် ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၂ မိုင်၊ ကတ္တရာလမ်းသစ် ၄ မိုင်၊ ၅ ပေအရှည်နှင့် ၁၈ ပေနှင့် ၂၆ ပေအကျယ်ရှိသော ကျောက်စီကမ်းကပ်ခုံ၊ သံကူ ကွန်ကရစ်ရေပြွန် ၆ စင်းဆောင်ရွက်ခဲ့ရာတွင် ယခုဘဏ္ဍာရေးနှစ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၃၃၇၉ သန်းဖြင့် ၁၂ ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း ၂၂ မိုင်နှင့် ၇၀ ပေအရှည် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း ၂ စင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လဲချားမြို့နယ်အတွင်း တံတားကျဉ်းခြင်း၊ လမ်းကျဉ်းခြင်းတို့ကြောင့် မကြာခဏယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ရှိသဖြင့် လမ်း၊ တံတားများ တိုးချဲ့ပြုပြင်ပေးရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း၍ လဲချားမြို့တွင်းသည် ၁၂ ပေအကျယ် ကတ္တရာလမ်းဖြစ်ပြီး အဆိုပါလမ်းဖြတ်သန်းလျက်ရှိသော တစ်ရက်ပျှမ်းမျှယာဉ် ၅၁ စီးခန့် ရှိသည့်အတွက် ၁၂ ပေအကျယ်ကတ္တရာလမ်းနှင့် လုံလောက်မှုရှိသော်လည်း လွိုင်လင်- လဲချား- ပန်ကေတု- သီပေါလမ်းသည် AH 112 ခေါ်သော Asia Highway လမ်းကြီးတစ်လမ်း ဖြစ်နေသည့်တွက် ၁၈ ပေအကျယ် ကတ္တရာလမ်းတိုးချဲ့ရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ ၁၆၈၇ သန်း တောင်းခံပြီး ၁၂ ပေအကျယ် ကတ္တရာလမ်းကို ထပ်ပိုးလွှာတင်ခြင်း ၁၁ မိုင် ၄ ဖာလုံနှင့် ၃၄ ပေအကျယ် လမ်းတာချဲ့ခြင်း ၆ မိုင်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လဲချားမြို့နယ်အတွင်း ဖြတ်သန်းသွားသော လွိုင်လင်- ပန်ကေတု- သီပေါလမ်းနှင့် လဲချား- မိုင်းနောင်- မိုင်းရှူးလမ်းကို လမ်းဆုံဖြစ်သော လဲချားမြို့အတွင်း လမ်းသည် ၁၂ ပေအကျယ်သာရှိသည့်အတွက် မိမိတို့အနေဖြင့် ယင်းလမ်းများသည် AH 1 တွင် ပါနေသည့်အတွက် ၁၈ ပေအကျယ်လမ်းဖြစ်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစိုင်းမောင်တင် (လဲချား) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဖြေကြားချက်သည် အားလုံး အဆင်ပြေသော်လည်းအချို့နေရာများတွင် ကတ္တရာလမ်း၏ အကျယ်သည် ၁၀ ပေတောင်မရှိသည့်အတွက် ဝန်ကြီးဌာနမှ သိရှိမှုရှိ/မရှိနှင့် နောင်လာမည့် ဘတ်ဂျက်နှစ်များတွင် လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းဖြစ်သော စိုက်ကျွင်းအတွက် ဘတ်ဂျက်များ လျာထားခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
