(ဃ)-ပြည်ထဲရေးဝန်ကြီးဌာနအမည်ပေါက် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်များကို သတ်မှတ်ပြီး ကွက်ကျဲတိုင်းတာပေးရန် အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၆.၂၀၁၈)

 

လယ်ယာမြေဥပဒေပုဒ်မ ၃ (က) တွင် လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်၊ စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမာန်စိုက်ပျိုးသည်‌့ ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေ ဟုသော်လည်းကောင်း၊ သတ်မှတ်သည်‌့မြေများကို ဆိုသည်ဟု အတိအကျဖော်ပြထားပါကြောင်း၊ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အဦနှင်‌့ ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသည့် မြေများမပါဝင်ဟု ပါသည့်အတွက်ကြောင်‌့ မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ် သတ်မှတ်ထားသည့်အတွင်း လူနေအိမ်ရာများမရှိလျှင် စီမံခန့်ခွဲမည့်ဥပဒေသည် လယ်ယာမြေဥပဒေ ဖြစ်ပါကြောင်း၊ ၎င်းကို နယ်နိမိတ်ပေါ်မူတည်ပြီး စီမံခန့်ခွဲရန် မည်သို့မျှ မလွယ်ကူနိုင်ပါကြောင်း၊ ထို့အတွက်ကြောင်‌့ မြို့၊ ကျေးရွာ၏နယ်နိမိတ်များကို သတ်မှတ်ပြီးမှ မြို့၊ ရွာအသစ်များ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အမှန်မှာ စနစ်ကျသည့် စီမံခန့်ခွဲမှုမျိုးဖြစ်ပါကြောင်း၊ လက်ရှိဖြစ်နေသည်မှာ နယ်များတွင်ဆိုပိုဆိုးပြီး ကျေးရွာများကို အသစ်ဖော်ဆောင်ရန် ခဏထား၊ ရှိသည့်ကျေးရွာများ၏ နယ်နိမိတ်ကို မဖော်ဆောင်နိုင်ပါကြောင်း၊ ထို့ကြောင့် အိမ်ကွက်များသည် ဖြစ်ချင်သလို ဖြစ်နေပါကြောင်း၊ ၎င်းပြဿနာက မခိုင်မာသည့် အခါကျလျှင် ‌မြေကိုမည်သည့် ဥပဒေနှင့် စီမံခန့်ခွဲရမည်နည်းဆိုသည်မှာ အခက်အခဲဖြစ်စေပါကြောင်း၊ ထို့ကြောင့် လွတ်လပ်သည့် နိုင်ငံတွင် မှီခိုရန်မလိုအပ်သည့် ကျေးရွာသည် မှီခိုရန်အမြဲလိုအပ်နေပါကြောင်း၊ မည်သည့်အတွက်ကြောင့် ဆိုသည်မှာ မြို့နှင့်ကျေးရွာများကို စနစ်တကျ မဖော်ဆောင်ခဲ့သည့်အတွက် လူနေသည့် နေရာများကို အိမ်ခြေ ၅၀ ပြည့်သည်နှင့် သတ်မှတ်ခဲ့သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပါကြောင်း၊

နိုင်ငံတော်၏ ဘတ်ဂျက်နှင့် လမ်းများ၊ လျှပ်စစ်မီးများစနစ်တကျတည်ဆောက်ထားပြီး လူနေထိုင်သည့် မြေကွက်များ ဖြစ်ပါကြောင်း၊ အမှန်တကယ် ယခုလို တိတိကျကျ ဖော်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ၎င်းသည် ခရိုင်ကော်လိတ်တော်အရာရှိ အခုခရိုင်အုပ်ချုပ်ရေးမှူးများ၏ တာဝန်ဖြစ်ပါကြောင်း၊ အဓိကအားဖြင်‌့ မြေအမျိုးအစားပေါ်မူတည်ပြီး ဥပဒေအရ စီမံခန့်ခွဲရခြင်းရှိပါကြောင်း၊ နောက်တစ်ခုက နိုင်ငံသားများ တစ်ဦးနှင့်တစ်ဦး၏ နေထိုင်မှုအပေါ် လက်ဝါးကြီးအုပ်မှုမရှိအောင် ကြွယ်ဝမှု အခွန်ကိစ္စများ ထိုကိစ္စများကို တိတိကျကျစီမံခန့်ခွဲနိုင်ရန်အတွက် မြို့နယ်နိမိတ်နှင့် ကျေးရွာ နယ်နိမိတ်များကို သတ်မှတ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာန အမည်စာရင်းပေါက်မြို့နယ် ၃၃၀၊ မြို့ ၄၅၂ မြို့နှင့်ရပ်ကွက် ၃၃၆၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၅၈၅ အုပ်စုနှင်‌့ ကျေးရွာပေါင်း ၆၃၃၄၆ ရွာ ရှိပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင်‌့မန္တလေး စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိသည့်မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်မြေတိုင်းတာခြင်း လုပ်ငန်းကို လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင်‌့မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များအတွက် မြေတိုင်းတာခြင်းနှင်‌့ မြေပိုင်ဆိုင်မှုစာရင်း ကောက်ယူခြင်းကို သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီများမှ စီမံခန့်ခွဲဆောင်ရွက်လျက် ရှိကြပါကြောင်း၊

          ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်အမိန့်ထုတ်ပြန် သတ်မှတ်ထားသော မြို့မြေ၊ ကျေးရွာမြေများတွင် မူလမြို့မြေ၊ ကျေးရွာမြေများ ပါဝင်သည့်အပြင် လယ်ယာမြေ၊ မြေလွတ်မြေရိုင်း၊ သစ်တောမြေနှင့် စားကျက်မြေများပေါ်တွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက တိုးချဲ့တည်ထောင်ထားသော မြို့/ကျေးရွာမြေများလည်း ပါဝင်လျက်ရှိနေကြပါကြောင်း၊ မူလမြို့မြေ၊ ကျေးရွာ‌မြေများကို နယ်နိမိတ်တိုင်းတာ သတ်မှတ်ပြီး ပြုစုထိန်းသိမ်းထားသည့် မြေပုံများရှိသော်လည်း တိုးချဲ့မြို့/ကျေးရွာ မြေအများစုသည် တရားဝင်မြေတိုင်းတာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် တရားဝင်မြို့/ကျေးရွာ မြေများအဖြစ် မြေပုံများတိုင်းတာရေးဆွဲ ထုတ်လုပ်ထားရှိရန် လိုအပ်ချက် ရှိနေသေးပါကြောင်း၊

အဆိုပါကိစ္စရပ်နှင်‌့စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင်လည်း အတိအလင်းပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရ ဒေသအတွင်းရှိ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုမိန့်ရရှိသည်နှင့်အတူ တရားဝင်မြို့မြေ၊ ကျေးရွာမြေဖြင်‌့ မြေအမျိုးအစားပြောင်းလဲခြင်း မပြုရသေးသည့် မြေများသည် လယ်ယာမြေအမျိုးအစား သို့မဟုတ် မြေလွတ်၊ မြေလပ်နှင်‌့ မြေရိုင်းအမျိုးအစားများ ဖြစ်မည်ဆိုလျှင် အခြားနည်းအသုံးပြုခွင့် ခွင်‌့ပြုချက်ရရှိရန် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင်‌့အညီ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သစ်တောမြေ၊ စားကျက်မြေများ ဖြစ်မည်ဆိုလျှင် သစ်တောမြေ၊ စားကျက်မြေမှ ပယ်ဖျက်ခွင့်ကို ရရှိရေးဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်အမိန့်ထုတ်ပြန်ပြီးလျှင် ကွက်စိပ်၊ ကွက်ကျဲတိုင်းတာခြင်းကို ၁၈၈၀ ပြည်‌့နှစ်၊ မြန်မာနိုင်ငံတော် နယ်သတ်လက်စွဲဥပဒေအရ ဆက်လက်ဆောင်ရွက်ရပါကြောင်း၊ မြို့မြေ၊ ရွာမြေများတိုင်းတာပိုင်းခြား သတ်မှတ်ခြင်း ကိစ္စနှင်‌့စပ်လျဉ်းပြီး မြေယာပိုင်ဆိုင်နည်းကို စစ်ဆေးရန်အတွက် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရန်၊ မြေတိုင်းတာရန်၊ နယ်နိမိတ်များကို အတည်ပြုရန်နှင့် မြေယာစာရင်းရေးသားရန် ကိစ္စရပ်များကို မြန်မာနိုင်ငံတော် အောက်ပိုင်းမြို့နှင်‌့ကျေးရွာရှိ မြေယာလက်စွဲ ဥပဒေနောက်ဆက်တွဲ ၂၊ ဥပဒေအခန်း (၁) မှ (၆) အထိ ပြဋ္ဌာန်းထားရှိမှုနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အမည်စာရင်းပေါက် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်များ ကွက်ကျဲ၊ ကွက်စိပ်မြေတိုင်းတာခြင်း လုပ်ငန်းများကို နှစ်စဉ်မြေတိုင်း စီမံချက်များ ချမှတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ခေတ်မီမြေတိုင်း ကိရိယာများ အသုံးပြုပြီး နိုင်ငံတော်၏ ဘတ်ဂျက်ခွင်‌့ပြုရန်ပုံငွေနှင့်အတူ စီမံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်ထဲရေးဝန်ကြီးဌာန အမည်စာရင်းပေါက် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်များကို ကွက်ကျဲ၊ ကွက်စိပ်မြေတိုင်းတာ ဆောင်ရွက်နိုင်ရန် နှစ်စဉ်မြေတိုင်း စီမံချက်များရေးဆွဲပြီး လိုအပ်မည့် ရန်ပုံငွေကိုလည်း တင်ပြတောင်းခံဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ဝန်နှင့်အားမျှတစွာ ဆောင်ရွက်နိုင်ရန်အတွက် လုံလောက်သည့် ဝန်ထမ်းအင်အားအပြည်‌့အဝ ခန့်ထားနိုင်ရေးအတွက်ကိုလည်း တင်ပြဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊

          လက်ရှိအ‌ခြေအနေတွင် ယင်းလုပ်ငန်းများ ယခုထက်ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခွင်‌့ပြုရန်ပုံငွေအကန့်အသတ်များ ရှိနေပါကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများအနေဖြင့်လည်း ဌာန၏ပင်မ လုပ်ငန်းအပြင် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင်‌့မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေပါ များပြားလှသည့် မြေယာဆိုင်ရာ လုပ်ငန်းတာဝန်များကိုလည်း တစ်ဘက်က ထမ်းဆောင်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ ယင်းအနေအထားများကြောင်‌့ မြို့မြေ၊ ကျေးရွာမြေများအားလုံးအပေါ် ကွက်ကျဲ၊ ကွက်စိပ်မြေတိုင်းတာခြင်း လုပ်ငန်းကို အရှိန်အဟုန်ဖြင့် တွန်းတင်ဆောင်ရွက်သွားရန် အခြေအနေမပေးသည့် အလျောက် အပြည့်အဝဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့်  အနေအထားဖြစ်နေပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။