ကျွဲ၊ နွားအရှင် များကိုပြည်ပသို့တင်ပို့ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၅-၁၀-၂၀၁၇ ရက် နေ့တွင် (၄၉/၂၀၁၇) စာအမှတ်ဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ ယခုလိုရောင်းသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် စက်မှုလယ်ယာကိုအပြည့်အဝ မကူးပြောင်းနိုင်သေးသည့်အခြေအနေတွင် ခိုင်းကျွဲနှင့် နွားများ ပြတ်လပ်သွား မည်စိုးပါကြောင်း၊ ထို့ကြောင့် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းနွားမွေးမြူမှု ဟန်ချက်ညီရန် လိုအပ်ပါကြောင်း၊ ပြည်ပတင်ပို့ရသည့် ရည်ရွယ်ချက်များကို ကြည့်မည်ဆိုပါက လွတ်လပ်သည့် ဈေးကွက်ဖော်ဆောင်မှု၊ တရားမ ဝင် လမ်းကြောင်းမှ တရားဝင်လမ်းကြောင်းပေါ်ရောက်ရန်၊ မွေးမြူသူ တောင်သူလယ်သမားများ အလုပ်အကိုင် အခွင့်အလမ်းတိုးရန်၊ တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ထားသည်ကို တွေ့ရပါကြောင်း၊ သို့သော် ပြည်တွင်း တွင် ကျွဲ၊ နွား သယ်ယူမှုများ မှ အခက်အခဲများ နှင့် ကြုံတွေ့နေရပါကြောင်း၊ မြို့နယ်ကျော်၊ ခရိုင်ကျော်၊ တိုင်းကျော် စသည်ဖြင့် သယ်ရသည့်နေရာတွင်လည်း တကယ့်မွေးမြူသည်တောင်သူလယ်သမားများမှ မိမိနွားကို သယ်ယူရတာတောင်မှ ခက်ခဲနေပါကြောင်း၊ ရောင်းချသည့်နေရာတွင်လည်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ထိန်းကျောင်းမှုများလုပ်ထားပါကြောင်း၊ တစ်ကြိမ်ကို အကောင် ၁၀၀ တစ်ခါတည်းသယ်ရမည်၊ စုဆောင်းရပ်ရှိသည့်ခရိုင်တွင်သာ ဝယ်ရမည်၊ ငါးနှစ် အထက်ဖြစ်ရမည်၊ နွားအထီးဆိုပါက သင်းကွပ် ပြီးသားဖြစ်ရမည်၊ Animal Quarantine Certificate လက်မှတ် တိရစ္ဆာန်ရောဂါကင်းရှင်းကြောင်း လက်မှတ်ရယူပေးရမည်ဆိုသည့် အချက်များနှင့် ထိန်းကွပ်ထား ပါကြောင်း၊ တစ်ကြိမ် အကောင် ၁၀၀ သယ်ဖို့ ဆိုသည်မှ သာမန်တောင်သူတွေအနေဖြင့် မဖြစ်နိုင်ပါကြောင်း၊ တရားမဝင် လမ်းကြောင်းနှင့် သယ်နေသည့်သူများကို တရားဝင်လမ်းကြောင်းနှင့်သယ်နိုင်ရန်အတွက်ကို လုပ်ပေးသလို၊ အကောင် ၁၀၀ တစ်ခါတည်းသယ်ရန်ဆိုသည့်အခါမှာ အခက်အခဲများရှိနေသည့်အတွက် Permit ရောင်းစား သည့်ပြဿနာများလည်း ကြုံလာရနိုင်ပါကြောင်း၊ ၂၂-၃- ၁၉၆၆ ရက်နေ့ လယ်ယာ စိုက်ပျိုးရေးနှင့်သစ်တောရေးရာဌာန၊ စိုက်ပျိုးရေးဌာနစု၏ အမိန့်ကြော်ငြာစာနှင့် ၁၀-၈- ၂၀၁၂ ရက် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများကြောင့် ပြည်တွင်းနွားသယ်ရသည်မှလည်း ခက်ခဲနေပါကြောင်း၊ နွားများထုတ်ရောင်းပြီး ပြည်တွင်းတွင် နွားမွေးမြူမှုမည်မျှတိုးတက်လာပြီး နွားမွေးမြူမှုဆိုသည်မှာ နွားမျိုး၊ အစားအစာဖြစသည့် စားကျက်၊ နောက် မွေးမြူပုံနည်းစနစ်များဖွံ့ဖြိုးရန်လိုပါကြောင်း၊ နွားမျိုးများအနေဖြင့် ဌာနမှ မျိုးချောင်းများဖြန့်ပေးနေသည်မှာ မှန်သော်လည်း ဌာနမှာရှိသည့် နွားသိုးများသည်လည်း အကန့် အသတ်နှင့်သာရှိပြီး စားကျက်များလည်း လုံလုံလောက်လောက် မရှိပါကြောင်း၊ နည်းစနစ်ပိုင်းဆိုင်ရာအရ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ Master များ၊ Ph.D များစသည်ဖြင့် ထုတ်ပေးနေသော်လည်း စာရွက် ပေါ်တွင်သာသင်ပြီး တကယ်လက်တွေ့ကင်းဆင်းနိုင်သည့် Demonstration Farm၊ စားကျက်များ လုံလောက် အောင်မရှိသည့်အခါမှာ လက်တွေ့ပိုင်းဆိုင်ရာ ဆောင်ရွက်မှု မှာလည်း အားနည်ချက်များ ရှိနေပါကြောင်း၊ ထို့ကြောင့် နွားမွေးမြူသည့်သူများနှင့် တောင်သူများ နည်းစနစ်ပိုင်းများတွင် အဆင်ပြေအောင်၊ တကယ် မွေးမြူသည့် တောင်သူလယ်သမားများ ရောင်းချရသည့်နေရာတွင် အဆင်ပြေအောင်မည်ကဲ့သို့ ဆောင်ရွက် ထားပြီး ယခုကြုံတွေနေရသည့် အခက်အခဲများကို တကယ်ကုန်သွယ်မည့်သူများ နှင့် နွားမွေးမည့်တောင်သူ များ အဆင်ပြေရန်နှင့် တောင်သူလယ်သမားများ အလုပ် အကိုင် အခွင့်အလမ်းများ တိုးတက်ရန်မည့်ကဲ့သို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းသွားပါသည်။
ကျွဲ၊ နွားအရှင်များ ပြည်ပကိုတရားဝင်တင်ပို့ခြင်းအားဖြင့် နိုင်ငံတော်မှာ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရန်၊ နယ်စပ်ဖြတ်ကျော်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန်၊ ပြည်သူများ ကျွဲ၊ နွားများ ပြည်ပတင်ပို့ ရောင်းချမှုမှရရှိသည့်ဝင်ငွေဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် တရားမဝင်ကျွဲ၊ နွားများ ပြည်ပတင်ပို့နေခြင်းကို ပပျောက်ပြီး နိုင်ငံ၏ပို့ကုန်ဝင်ငွေတိုးမြှင့်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဈေးကွက်စီးပွားရေးနှင့်အညီ ကျွဲ၊ နွားပြည်ပတရားဝင်ရောင်းချခွင့် ကို ၉-၁၀-၂၀၁၇ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၄၉/၂၀၁၇)ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို ကျွဲ၊ နွားအရှင်များ ပြည်ပတင်ပို့မှုလုပ်ငန်းတွင် မွေးမြူထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းဆိုသည့် ကဏ္ဍနှစ်ရပ်ရှိနေပြီး အခြေခံကျသည့် မွေးမြူထုတ်လုပ်ခြင်းအပိုင်းအတွက် မိမိတို့ ဝန်ကြီးဌာနမှ စီမံဆောင်ရွက်ရပါကြောင်း၊ ၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း ရှေ့ပြေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု ရှေ့ပြေးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ကျွဲ ၁၈ သိန်း၊ နွား ၉၇ သိန်း ကျွဲ၊ နွားကောင်ရေစုစုပေါင်း ၁၁၅ သိန်းရှိသည်ဟု ခန့်မှန်းရရှိထားပါကြောင်း၊ ၎င်းကျွဲ၊ နွားကောင်ရေ ပမာဏ ၁၁၅ သိန်းမှ နှစ်စဉ်သားပေါက်ပြီး ပိုလျှံပြီးဈေးကွက်ပို့နိုင်သည့်အရွယ်ရောက်သည့် ကျွဲ၊ နွားများမှ ၁၁ သိန်း ရာခိုင်နှုန်းအားဖြင့် ၉.၅ ရာခိုင်နှုန်းရှိပါကြောင်း၊ ၎င်းစာရင်းဇယားများအခြေခံအရ ပြည်တွင်းအသုံးပြုမှု အတွက် နှစ်စဉ် ကျွဲ၊ နွားကောင်ရေ လေးသိန်းခန့်လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ရရှိပြီး ဈေးကွက် တင်ပို့နိုင်မည့်ကောင်ရေနုတ်မည် ဆိုပါက ကောင်ရေ ခုနစ်သိန်းခန့်ပိုလျှံမည်ဖြစ်သော်လည်း တရားမဝင် လမ်းကြောင်းမှ စီးထွက်သွားနိုင်မှုများလည်း ရှိနေသည့်အတွက် ပိုလျှံကျွဲ၊ နွားများ အရေအတွက်ကို ပြည်ပ တင်ပို့ရေးတွင် စနစ်တကျစိစစ်ဆောင်ရွက်နေရပါကြောင်း၊ ယခု လုပ်ငန်းစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှစပြီး ၂၀၁၈ ခုနှစ် မေလ အထိ ခြောက်လတာ ကာလတွင် ကျွဲ၊ နွား များ ပြည်ပကိုတရားဝင်တင်ပို့ခွင့်ပြုခဲ့သည့် အရေအတွက်သည် ယခုနှစ် မေလကုန်တွင် ကျွဲ ၆၇၇၁ ကောင်နှင့် နွား ၅၀၀၂၂ ကောင် စုစုပေါင်းကောင်ရေ ၅၆၇၉၃ ကောင်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံအတွင်း ကျွဲ၊ နွား အရင်းအမြစ်များ စဉ်ဆက်မပြတ်တည်တံ့နေစေရန် ထိန်းကျောင်းဆောင်ရွက်နေပါကြောင်း၊ ကျွဲ၊ နွား အရှင်များ ပြည်ပ တင်ပို့သည့်လုပ်ငန်းစဉ် Standard of Operating Procedures-SOP ရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး တရားဝင်တင်ပို့လျှောက်ထားလာတာနှင့်အညီ အဆိုပါ ပို့ကုန် ကျွဲ၊ နွားများ၏ ကျန်းမာရေးစိစစ်စစ်ဆေး သဘောထားမှတ်ချက်ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးရသည့် တာဝန်ရှိသလို တစ်ဖက်တွင်လည်း သက်ဆိုင်ရာ မြို့နယ်/ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများကို မိမိတို့ဒေသအတွင်း တိရစ္ဆာန် အရင်း အမြစ်များလုံလောက်မှုရှိ/မရှိ စိစစ် တင်ပြ၍ တင်ပို့ခွင့်ကို တစ်ကြိမ်လျှင် အများဆုံးအကောင် ၁၀၀ သာ ခွင့်ပြု ပေးပါကြောင်း၊ ခွင့်ပြုကောင်ရေကို တစ်ကြိမ်တည်းသာ သယ်ဆောင်ခွင့်ပြုနိုင်ပြီး ယာယီစု ဆောင်းထားရှိသည့် ခရိုင်အတွင်းမှာသာ ဝယ်ယူစုဆောင်းစေပါကြောင်း၊ အသက်ငါးနှစ်နှင့်အထက် ကျွဲ၊ နွားများကို ပြည်ပသို့ တင်ပို့ပြီး နွားထီးဆိုပါက သင်းကွပ်ပြီးနွားထီးများကိုသာ တင်ပို့စေခြင်းဖြစ်ပါကြောင်း၊ စစ်ဆေးတွေ့ရှိရသည့် အရေအတွက် အသိအမှတ်ပြုတံဆိပ်များ တပ်ဆင်ပေးခြင်းနှင့်အတူ တိရစ္ဆာန်ရောဂါများ ထိန်းချုပ် စောင့်ကြည့် စစ်ဆေးရေးစခန်းများတွင် Animal Quarantine Certificate ကိုရယူပြီး လုပ်ငန်းစဉ်မျိုးနှင့် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ကုန်ဈေးကွက်၏ သဘောတရား ကိုချိန်ဆပြီး မွေးမြူထုတ်လုပ်ရေး အပိုင်းအတွက် ရေရှည် ကျွဲ၊ နွားသယံဇာတများ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ငါးနှစ်အစီမံရေး ဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ သားစပ်နိုင်သည့်နွားမများ၏ ၉၅ ရာခိုင်နှုန်းကို သားစပ်စေခြင်းနှင့် ကျန်ငါးရာခိုင်နှုန်းကို မေထုန်မဲ့သားစပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးဇုန် ၂၈ ဇုန်ဖော်ထုတ်ထားပြီး နည်းပညာ ပြန့်ပွားရေး၊ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အာဟာရဗေဒဆိုင်ရာများ သိရှိနားလည်စေရန်အတွက် ပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ပေးခြင်းနှင့်အတူ တိရစ္ဆာန်မွေးမြူရေးနှင့် အာဟာရ ဗေဒဆိုင်ရာ၊ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆိုင်ရာ ပညာပေးဆောင်ရွက်မှုများကို ကျေးရွာအုပ်စု ၁၆၅၀၀ ဆောင်ရွက်နိုင်ခဲ့ပြီး တိုးချဲ့ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စားကျက်နှင့်စပ်လျဉ်းပြီး စီမံခန့်ခွဲရသည့် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲသည့်စားကျက်မြေ ဧက ၇၄၀၀၀ ခန့်ရှိပါကြောင်း၊ စားကျက်စိုက်ပျိုး ခွင့်ကို လျှောက်ထားလာပါကလည်း မိမိတို့အနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ခွင့်ပြုလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စားကျက်မြေများတွင် အာဟာရအတွက် အထွက်နှုန်းကောင်း၊ တိရစ္ဆာန်အစာ မြက်၊ ဘောစကိုင်းကဲ့သို့သော ပဲနွယ်မျိုးများကို စိုက်ပျိုးနိုင်ရန် ဖြန့်ဖြူးပေးထားမှုရှိပါကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသည့် နည်းစနစ်များ၊ အစာရှားပါးချိန်တွင် သိုလှောင်ကျွေးမွေးနိုင်ရန် မြက်ချဉ်ဖတ်ပြုလုပ်နည်းစသည့်သင်တန်း များနှင့်အတူ တိရစ္ဆာန်များ၏ အစာအာဟာရတန်ဖိုးများ စစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍမွေးမြူရေးကို တစ်ဖက်က ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် အားပေးသလို ကျွဲ၊ နွားမွေးမြူထုတ်လုပ်မှု ယခုလိုလုပ်ငန်းစဉ်များတွင် တင်ပို့သူအနေဖြင့် မိမိ ကိုယ်တိုင် မွေးမြူ၍သော်လည်းကောင်း၊ မွေးမြူသူအားထောက်ပံ့ပေးခြင်းဖြင့် လည်းကောင်း၊ ထုတ်လုပ်သူ အဖြစ်ပါဝင်ဆောင်ရွက်လာနိုင်ဖို့အတွက် စည်းရုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျွဲ၊ နွားအရှင် ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်နှင့်ယှဉ်တွဲပြီး ပြည်တွင်း ခိုင်းကျွဲ၊ နွား ပြတ်လပ်မှု မရှိစေရေး၊ စနစ်တကျ အစီအမံ များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တစ်နိုင်တစ်ပိုင်တောင်သူများအတွက် အလွယ်တကူ ဆောင်ရွက် သွားနိုင်ရန် သက်ဆိုင်ရာပို့ကုန်ပိုင်းကို တာဝန်ရှိသည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနဖြင့် နှစ်ဖက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
