လယ်ယာမြေပိုင်ဆိုင်မှုပုံစံ(၇)များကို မြန်ဆန်စွာနှင့်မှန်ကန်စွာထုတ်ပေးနိုင်ရန်၊ ကုန်ထုတ် လမ်းဖောက် လုပ်ရာတွင် ညှိနှိုင်းဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စေ ရန်နှင့် မြေနုကျွန်း ပြဿနာများကို မြေပုံပေါ်တွင်ဖြေရှင်းနိုင်ရန် ခေတ်မီနည်းစနစ်များအပြင် (Drone)ဖြင့် တိုင်းတာပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြို့နယ်များတွင် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၊ လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စစ်ဆေးရေး ကော်မတီဟူ၍ မြေယာကိစများ ဖြေရှင်း ဆောင်ရွက်နေခြင်း များရှိပါကြောင်း၊ ယင်းသို့ဖြေရှင်းဆောင်ရွက်ရာတွင် မြေကြီးမြေပုံ မှန်ကန်ရန်နှင့် မြေရာဇဝင်မှန်ကန်ရန်သည် အဓိကလိုအပ်ပါကြောင်း၊ မြေကြီးမြေပုံ မမှန်ခြင်း၊ မြေရာဇဝင်မမှန်ကန်ခြင်းများဖြစ်ပေါ်ပါက မြေပြဿနာများကို ဖြေရှင်း၍ မရနိုင်ပါကြောင်း၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေတွင် မြေတိုင်းတာသည့်နေရာတွင် မြေတိုင်းစာရေးသည် နှစ်စဉ်ကွင်းဆင်းသည့်အခါ ကွင်းမြေပုံ အသီးသီးပေါ်တွင် ကန်သင်းပြင်ခြင်းနှင့် အခွန်စည်းကြပ်ရန်တိုင်းတာခြင်းများအားဖြင့် မြေပုံနှင့် မြေပုံစာရင်း ၁(ခ)များကို အမြဲတမ်းပြည့်စုံမှန်ကန်အောင် ပြုလုပ်ရမည် ဟူ၍ ပါရှိပါကြောင်း၊ အခွန်မြေတိုင်းစာရေးသည် ကွင်းဆင်းသည့်အခါ မြေပုံများကို တည်ဆဲနေ့ရက်အထိ မှန်ကန်အောင်ပြုလုပ်ထားရန် တာဝန်ရှိကြောင်းကို အပိုဒ် ၉၂၆ တွင် ပြဋ္ဌာန်းထားသည့်အပြင် ဤစည်းကမ်းကို ကြပ်တည်းစွာလိုက်နာစေရမည်။ အကြောင်းထူးရှိသော ကွေ့မှတစ်ပါး အခြားကွေ့များ၌ ဦးပိုင်နှင့်လယ်ကွက် နယ်နိမိတ်များပြောင်းလဲသွားခြင်းများကို မတိုင်းတာဘဲ ပျက်ကွက်ခြင်းကို လက်မခံနိုင်သဖြင့် တားမြစ်ရမည်ဟု ပါရှိပါကြောင်း၊ ကြေးတိုင်နှင့်မြေစာရင်း၏ လမ်းညွှန်ချက်(၆)ချက်တွင်လည်း မြေကြီးမြေပုံမှန်ကန်ရင် ဟူ၍ လည်းပါရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် လယ်ထွန်စက်မျာ၊ ဘတ်ဟိုးများ၊ လယ်မြေထဲတွင် အဆောက်အဦးများ၊ ခြံကွက်များ ဖြစ်ပေါ်လာပြီဖြစ်သည့်အပြင် ယင်းကိစ္စရပ်များကို တိတိကျကျအရေးယူဆောင်ရွက်နိုင်ခြင်း အင်မတန်နည်းသည်ကို တွေ့ရှိရပါကြောင်း၊
ယင်းကိစ္စရပ်များကို ဌာနနှင့်ဆွေးနွေးသည့်အခါတိုင်း ဝန်ထမ်းမရှိပါဟူ သည့် အဖြေပေးချက်ကိုရရှိပါကြောင်း၊ ယခုအချိန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် Drone ဖြင့် လယ်ယာမြေများ တိုင်းတာခြင်းများကို တွေ့ရှိရပြီး ယင်းသို့တိုင်းတာခြင်းကို မြေစာရင်းအနေဖြင့် အသိအမှတ်ပြုကြောင်းကို တိကျစွာ ပြောနိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် Drone ဖြင့် တိုင်းတာကို အသိအမှတ်ပြု/မပြု၊ အသိအမှတ်ပြုပါက ယင်းကိစ္စရပ်ကို အားသွန်ခွန်စိုက်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အသိအမှတ်မပြုပါက မြေပြင်ကို မည်သိုပုံစံမျိုးဖြင့် မြေပြင်ကအခြေအနေကို မြေပုံပေါ်တင်ရန် ပြင်ဆင်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေနှင့် မြေကြီးမြေပုံမှန်ကန်ရန် ဌာန၏ အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သည့် မြေတိုင်းတာခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေမှုအြခေအနေတွေကို ဦးစွာတင်ပြလိုပါကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်တဲ့ အထက်ပါလုပ်ငန်းကို နည်းစနစ်ဟောင်းက တိကျမြင့်မားသည့် ခေတ်မီမြေတိုင်းကိရိယာ(RTK GPS, Total Station)တွေကို အသုံးပြုဆောင်ရွက်နေသကဲ့သို့ မြေပုံရေးဆွဲရာတွင်လည်း ကွန်ပျူတာ စနစ်သုံး GIS Software တွေကို အသုံးပြုခြင်းအားဖြင့် ဒစ်ဂျစ်တယ်စနစ်ကွင်းမြေပုံများ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒစ်ဂျစ်တယ်စနစ်ကွင်းမြေပုံတွေကို ထုတ်လုပ်ရန် ခေတ်မီမြေတိုင်းကိရိယာများဖြစ်သည့် RTK GPS အစုံ ၇၀၀ နှင့် Total Station ၄၄၄ စုံကိုလည်း ဝယ်ယူဖြည့်တင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နေပြည်တော်တိုင်း ဒေသကြီး/ပြည်နယ်/ ခရိုင်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အသီးသီးကို ဖြန့်ဝေထားရှိဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နှစ်စဉ်မြေတိုင်းစီမံချက်များရေးဆွဲခြင်းနှင့်အတူ နိုင်ငံတော်၏ ဘတ်ဂျက် ခွင့်ပြုငွေပေါ်မူတည်ပြီး မြေတိုင်းတာမြေပုံရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊
မှန်ကန်တိကျသည့် မြေအသုံးချမှုဆိုင်ရာ သတင်းအချက်အလက်တွေရရှိရန်၊ ခေတ်မီလယ်ယာ မြေဖော်ထုတ်ရာတွင် မြေတိုင်းတာမြေပုံရေးဆွဲခြင်းများဆောင်ရွက်ရန် မောင်းသူမဲ့လေယာဉ် ငယ်များ(Drone) အသုံးပြုဆောင်ရွက် နိုင်မည်ဆိုပါက ပိုမိုလျင်မြန်မှန်ကန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါသော်လည်း အဆိုပါ Drone များကို အသုံးပြုပြီး မြေတိုင်းတာခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ပုံရိပ်အရည်အသွေးမြင့်သည့် ကင်မရာများကို တပ်ဆင်အသုံးပြုပြီး ရိုက်ကူး ရရှိသည့် ပုံရိပ်များကို ကွန်ပျူတာစနစ်အသုံးပြုသည့် မြေပုံများထုတ်လုပ်နိုင်ရန် အရည်အသွေးမြင့် ကွန်ပျူတာ(High Capacity Computer)များ ၊ Drone ကိုင်တွယ်အသုံးချမှုဆိုင်ရာ နည်းပညာများ၊ မြေပုံတိုင်းတာထုတ်လုပ်ခြင်းဆိုင်ရာ နည်း ပညာများနှင့် လက်တွေ့ကျွမ်းကျင်မှုသင်တန်းများ၊ ဆက်စပ် ပစ္စည်းများ ပြည့်စုံစွာဖြည့်ဆည်းပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊
ယခုအခြေအနေတွင် Drone များကို အသုံးပြုရန် ဒစ်ဂျစ်တယ် ကွင်းမြေပုံများ ထုတ်လုပ်ခြင်းအပါအဝင် လယ်ယာြမေပိုင်ဆိုင်မှုဇယား ပုံစံ(၇)ထုတ်ပေးခြင်း၊ ကုန်ထုတ် လုပ်ငန်းဖောက်လုပ်ခြင်းနှင့် မြေနုကျွန်းပြဿနာများကို ခေတ်မီမြေတိုင်း ပစ္စည်းများဖြင့်သာ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်သည့် အြခေအနေများရှိနေသည့်အတွက် Drone ဖြင့် မြေတိုင်းတာပေးနိုင်ရန် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း ပြန်လည် ဖြေကြားပါသည်။
ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်(ဘီးလင်းမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
Drone နှင့် တိုင်းတာပါက လုပ်ငန်း ပိုမို မှန်ကန်မြန်ဆန်မှုရှိသော်လည်း ဌာနက ဆောင်ရွက်နိုင်ရန် ခက်ခဲသည်ဟု ဖြေကြားခဲ့ပါကြောင်း၊ မြေကြီးမြေပုံ မှန်ကန်ရန်သည် အရေးကြီးပါကြောင်း၊ ယခုအခြေအနေတွင် မြေကြီးမြေပုံမမှန်ကန်ခြင်းကြောင့် ပြည်သူများ စိတ်ဆင်းရဲနေရပါကြောင်း၊ ထို့အပြင် အစိုးရတစ်ရပ်၏ တည်ငြိမ်မှုအတွက် မြေကြီးမြေပုံမှန်ကန်မှုသည် အများကြီးအထောက်အကူ ပြုနေပါကြောင်း၊ Drone ၏ တန်ဖိုးသည် သိန်း ၃၀နှင့် ၃၅ သိန်းကြားရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးသည် Agisoft Software ကို ခရိုင်အဆင့်တွင်ထားရှိပြီး Drone ကို မြို့နယ်အလိုက်တိုင်း အသုံးပြုနိုင်ရန် ဌာနက နည်းစနစ်မှန်မှန်သင်ပေးမည်ဆိုပါကမြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်မည်ဖြစ်ခြင်းကြောင့် ဌာနကအားစိုက်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
Drone တွေအသုံးပြုဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ ပိုမိုလျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တင်ပြခဲ့သည့် အကန့်အသတ်များကို ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးနိုင်မယ့်အဖွဲ့အစည်းများရှိလာနိုင်မည်ဆိုပါက ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားနိုင်မည့် အခြေအနေဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
