(က)-ရှေ့နေလုပ်ငန်းကို မကြော်ငြာရဆိုသည့်အယူအဆကို ပြန်လည်စိစစ်သုံးသပ်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၆.၆.၂၀၁၈)

၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ(၂၀၈) ရှေ့နေကြီးဦးအောင်သိန်းအမှုတွင် မိမိ၏ အမည်ပါလိပ်စာကတ်ပြားများကို မိမိ၏တပည့်များမှတစ်ဆင့် ကမ်းလှမ်းဝေငှခြင်း၊ မိမိ၏လုပ်ငန်းကို ကြော်ငြာခြင်း၊ အမှုသည်ကို တပည့်များမှ ဖိတ်ခေါ်ခြင်း၊ အမှုသည်ကို တပည့်များနှင့်လွှဲအပ်ကာ မိမိ၏ အမည်သုံးစေခြင်းတို့ကို ရှေ့နေများ စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာနှင့်ညီစေဆိုပြီး သုံးသပ်၍ ရှေ့နေများ ကြော်ငြာသည့်လုပ်ငန်းကို တားမြစ်ထားသောစီရင်ထုံးတစ်ခု ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ စာစောင်များနှင့် သတင်းစာများတွင် ရှေ့နေလိပ်စာ ဖော်ပြပြီး ကြော်ငြာကဏ္ဍတွင်ထည့်သွင်းခြင်း၊ အင်တာနက်၊ Website တွင် တင်ထားခြင်းသည်လည်း ကြော်ငြာခြင်း ဖြစ်ပါကြောင်း၊ စီးပွားရေးရှုထောင့်က ကြည့်ပါက ရှေ့နေလုပ်ငန်းသည် ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံတွင် ရှေ့နေကြီးများက ထိခိုက်ဒဏ်ရာရသည့်အမှုတွင် အထူးကျွမ်းကျင်သည့်ရှေ့နေဖြစ်ကြောင်း၊ မတော်တဆထိခိုက်မှုဖြစ်ခဲ့ပါက ဖုန်းဆက်လိုက်ပါ၊ ရှေ့နေခ တစ်ပြားတစ်ချပ်မျှ ပေးစရာမလိုအပ်ပါကြောင်း၊ လျော်ကြေးရမှသာပေးပါဟူ၍ တီဗွီလိုင်းပေါ်တွင် အတိအလင်းကြော်ငြာနေသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့နိုင်ငံ၏ဥပဒေအရ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာများသည် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းအဖြစ် သတ်မှတ်ပြီး ကြော်ငြာခွင့်ပေးထားခြင်း ဖြစ်ပါကြောင်း၊ ရှေ့နေပေါ့ဆမှုကြောင့် အမှုသည်နစ်နာဆုံးရှုံးမှုပေါ်ပေါက်ပါက ရှေ့နေများအပေါ် အရေးယူဆောင်ရွက်ခွင့်ရှိကြောင်း ရှေ့နေလိုက်သူများအက်ဥပဒေပုဒ်မ ၄၄ တွင် ပြဋ္ဌာန်းထား ပါကြောင်း၊ ထို့ကြောင့် ရှေ့နေလုပ်ငန်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းတစ်ခု ဖြစ်ပါ ကြောင်း၊ စီရင်ထုံးသည် လမ်းညွှန်ချက်၊ တစ်နည်းအားဖြင့် အဆင့်မြင့်တရားရုံး၏စီရင်ချက်တစ်ခုသာ ဖြစ်ပါကြောင်း၊ မိခင်ဥပဒေ၊ ပြဋ္ဌာန်းဥပဒေမဟုတ်ပါကြောင်း၊ နိုင်ငံတကာဥပဒေပြုအဖွဲ့အစည်းများကို လေ့လာရာတွင် ဥပဒေတစ်ရပ်ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ၎င်းဥပဒေပြဋ္ဌာန်း ပြီး ငါးနှစ်ကျော်ကြာမှ ခေတ်စနစ်နှင့်ညီ/မညီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီ/မညီ၊ ပြန်လည် သုံးသပ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်လေ့ရှိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅ တွင် နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုးကို ကူညီဆောင်ရွက်မည်ဟု အတိအလင်းပြဋ္ဌာန်းထားပါကြောင်း၊ ရှေ့နေများသည် ဥပဒေနှင့် အသက်မွေးဝမ်းကျောင်းလုပ်သည့်အတွက် ပညာရှင်အမျိုးအစားတွင် ပါဝင်သည့်အတွက်  ရှေ့နေကြီး ဦး‌အောင်သိန်း၏အမှုမှာ နှစ်ပေါင်း  ၅၀ ကျော်ကြာမြင့်ပြီးဖြစ်သည့် စီရင်ထုံးဖြစ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အချက်များအရ ရှေ့နေလုပ်ငန်းမကြော်ငြာရဟူသည့်အယူအဆကို ပြန်လည်ပြင်ဆင်သုံးသပ်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှေ့နေလုပ်ငန်းကို မကြော်ငြာရဟူသည့်အယူအဆသည် တရားလွှတ်တော်ရှေ့နေများကောင်စီက ရှေ့နေရှေ့ရပ်များ လိုက်နာကျင့်သုံးရန် လုပ်ငန်းလမ်းညွှန်အဖြစ်ထုတ်ဝေခဲ့သည့် ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်နှင့်အခွင့်အရေးများ စာစောင် အပိုဒ် ၄၁ ကို ရည်ညွှန်းခြင်းဖြစ်ပါကြောင်း၊ ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များ၊ အခွင့်အရေးများနှင့် အမှုလိုက်ပါ ဆောင်ရွက်ခြင်းများနှင့် စပ်လျဉ်းသည့် ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝန်သိက္ခာများ အပိုဒ် ၄၁ တွင် ရှေ့နေရှေ့ရပ်များသည် မိမိအမည်နှင့် နေရပ်လိပ်စာ ရိုက်နှိပ်ထားသည့်ကတ်ပြားများကို ဝေငှ၍ မိမိ၏ လုပ်ငန်းကိုကြော်ငြာခြင်း၊ လျှောက်လွှာပုံစံ ဗလာစာရွက်များပေါ်တွင် မိမိအမည်၊ လိပ်စာကို ရိုက်နှိပ်၍ ကြိုတင်လက်မှတ်ရေးထိုးကာ အခြားသူများလိုအပ်သလို အသုံးပြုရန်ပေးအပ်ခြင်းများသည် ကျင့်ဝတ် သိက္ခာနှင့်ညီညွတ်ခြင်းမရှိသဖြင့် သတိပြုသင့်ပါသည်ဟု ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ တရားရုံးချုပ်၊ စာမျက်နှာ(၂၀၈) ရှေ့နေကြီး ဦးအောင်သိန်းအမှုတွင် ရှေ့နေရှေ့ရပ်များအတွက် အမှု လိုက်ပါဆောင်ရွက်ရာတွင် လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာကျင့်သုံးရန်သတ်မှတ်ပေးထားပါကြောင်း၊ ရှေ့နေရှေ့ရပ်များသည် ဥပဒေပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနေကြရသူများ ဖြစ်ပါကြောင်း၊ ဥပဒေပညာရပ်ကို တတ်မြောက်သော ကျွမ်းကျင်သည့်ရှေ့နေရှေ့ရပ်ကြီးများအနေဖြင့် တရားရုံးများက အမှုကိုစစ်ဆေးဆုံးဖြတ်ရာတွင်၊ အမှန်တရားကိုဖော်ထုတ်ရှာဖွေရာတွင် တရားရုံးများကို ကူညီရန်နှင့် မိမိလိုက်ပါဆောင်ရွက်ပေးရသော အမှုသည်များအတွက် တရားဥပဒေနှင့်အညီ ရသင်‌့ရထိုက်သော တရားမျှတမှုရရှိရေးအတွက် အစွမ်းကုန်လိုက်ပါဆောင်ရွက်ပေးရန် တာဝန်များကို အဓိကအားဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရပါကြောင်း၊ အခြားစီးပွားရေးလုပ်ငန်းများနှင့် သဘောသဘာဝတူညီမှု မရှိသည့် ရှေ့နေရှေ့ရပ်လုပ်ငန်းကို အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူထားပြီး ဈေးကွက် စီးပွားရေးစနစ်အရ လွတ်လပ်စွာဈေးကွက်ပြိုင်ဆိုင်ရန်အလို့ငှာ နည်းလမ်းအမျိုးမျိုးဖြင့် ရှေ့နေ လုပ်ငန်းကို ကြော်ငြာမောင်းခတ်ပါက ငွေရရှိရေးအတွက်သာ ရည်မှန်းချက်ထားရှိရာရောက်နိုင်ပြီး ဦးတည်ချက်မှာလည်း တရားမျှတရေး၊ အမှန်တရားဖော်ထုတ်ရေးအတွက်မဟုတ်ဘဲ မိမိအမှုသည် အနိုင်ရရှိရေး၊ အောင်နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်ရာရောက်နိုင်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၅ အရ နိုင်ငံတော်က အသိပညာရှင်၊ အတတ်ပညာရှင်များ၏အကျိုးကို ကူညီ ဆောင်ရွက်မည်ဟူသည့် ပြဋ္ဌာန်းချက်နှင့်လည်း ညီညွတ်မည်မဟုတ်သည်ကို သတိမူသင့်သည်ဟု ယူဆပါကြောင်း၊

ထို့ကြောင့် ရှေ့နေလုပ်ငန်းကို မကြော်ငြာရဟူသည့်အယူအဆကို နိုင်ငံတော်တရားရုံးချုပ်က စီရင်ထုံး တွင် မှတ်ချက်ပြုခဲ့သည်ကို တရားလွှတ်တော်ရှေ့နေများကောင်စီကညွှန်ပြ၍ အမှုလိုက်ပါ ဆောင်ရွက် ခြင်းနှင့်စပ်လျဉ်းပြီး ရှေ့နေရှေ့ရပ်များ၏ကျင်‌့ဝတ်သိက္ခာဖြင့်လိုက်နာရန် သတ်မှတ်ပေးခြင်းသာ ဖြစ်သည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြင်ဆင်ဆောင်ရွက်ရန် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။