(ဃ)-ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ဆော့လော်မြို့၊ လန်ဆယ်ကျေးရွာအုပ်စုအတွင်းရှိ လန်ဆယ်ရွာမကြီး၊ သဘန်ခကျေးရွာနှင့် အခြားရေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၆.၂၀၁၈)

 

၂၃-၄-၂၀၁၆ ရက်နေ့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာ အုပ်စုနှင့် အခြားကျေးရွာများ၌ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး သစ်တုံးအဟောင်းများ မျောပါကာ လန်ဆယ်ကျေးရွာအုပ်စုနှင့် အခြားကျေးရွာများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ကြရပါကြောင်း၊ ထိုကဲ့သို့ ရေဘေးဒဏ်ခံစားရသည့် အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ထောင်စုဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့်  စားနပ်ရိက္ခာများ၊ အခြားလူသုံးကုန်ပစ္စည်းများ သယ်ဆောင်ပို့ခဲ့ပေးသည့်အပြင် ရေဘေးသင့်ခဲ့သည့် ဒေသမှ ကျောင်းသား/သူများ ပညာဆက်လက် သင်ကြားနိုင်စေရေးအတွက် တပ်မတော် ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ပို့ဆောင်ပေး၍ ရေဘေးသင့်ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ပြီး ပညာသင်ကြားခွင့်ရရှိအောင် ကချင်ပြည်နယ်အစိုးရမှလည်း ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ လိုက်ပါလျက် ‌ရေဘေးသင့်ကျောင်းသား/သူ များရှိရာသို့ သွားရောက်ကြည့်ရှုပေးခဲ့ပြီး လိုအပ်သည်များကိုလည်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော်မှအရာရှိများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များအားလုံးကို အထူးပင်ဝမ်းသာဂုဏ်ယူ ကျေးဇူးတင်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအနေဖြင့် လမ်းဖောက်လုပ်ပေးခြင်း၊ တံတားတည်ဆောက်ပေးခြင်း ဆောင်ရွက်ပေးနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ကို လည်း ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် ရေဘေးကြုံတွေ့ခဲ့ရစဉ် ထိခိုက်နစ်နာမှု အများဆုံးကြုံတွေ့ ခံစားခဲ့ရသည့် လန်ဆယ်ကျေးရွာ၊ သဘန်ခကျေးရွာတို့မှာ ယနေ့အထိ ရေကြီးရေလျှံမှုဖြစ်ခဲ့စဉ် မျောပါ လာခဲ့သည့် သစ်တုန်းအဟောင်းများကြားထဲ၌ ဖြစ်သလိုခက်ခက်ခဲခဲ နေထိုင်နေကြရသည်ကို တွေ့မြင်ရသည့်အတွက်ကြောင့် သစ်တုံးအဟောင်းများကို ဖယ်ရှားရှင်းလင်းပေးခြင်း၊ လူနေအိမ်ကွက်များ စနစ်တကျဖော်ထုတ်ပေးခြင်း၊ လူနေအိမ်များ၊ ယဉ်ကျေးမှုရုံးများ၊ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း စသည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အထူးလိုအပ်လျက် ရှိနေပါကြောင်း၊

          ၂၃-၄-၂၀၁၆ ရက်နေ့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအုပ်စုအတွင်းရှိ လန်ဆယ်ရွာမကြီး သဘန်ခကျေးရွာအနီး အခြားရေဘေးသင့် ကျေးရွာများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်
အဖြေ

၂၀၁၆ ခုနှစ်တွင် ဆော့လော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် လန်ဆယ်ကျေးရွာ အုပ်စုအတွင်းရှိ ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကချင်ပြည်နယ်အစိုးရကလည်း ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၆-၅-၂၀၁၆ ရက်နေ့ကစပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ထောက်ပံ့ငွေများနှင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ရေဘေးသင့်ကျေးရွာ ရှစ်ရွာအတွက် နေအိမ် ၂၁၂ လုံး၊ အိမ်ထောင်စု ၂၁၂ စုမှ လူဦးရေစုစုပေါင်း ၁၃၅၁ ဦး အတွက် ဆန်ရိက္ခာဖိုးများ၊ အိမ်ဆောက်ပစ္စည်းဖိုးများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာစများ၊ အိမ်အမိုးသွပ်များ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ငါးသေတ္တာများ၊ ထောက်ပံ့ပေးခဲ့သည့်အပြင် ပြည်ထောင်စုဝန်ကြီးက ၆-၅-၂၀၁၆ ရက်နေ့တွင် အဆိုပါဒေသကို ရဟတ်ယာဉ်ဖြင့် ထောက်ပံ့ရေး၊ ကယ်ဆယ်ရေး သွားရောက်စဉ်တွင်လည်း လန်ဆယ်မှရဟတ်ယာဉ် ခေါ်ဆောင်လာသည့် ကျောင်းသား/သူ ၁၁၉ ဦးတို့အတွက်ကိုလည်း ပညာသင်စရိတ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၃၆၉ သိန်းကျော်ကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ရေဘေးသင့်ပြည်သူများ စားနပ်ရိက္ခာပြတ်တောက်မှု၊ ပြတ်လပ်မှုမရှိစေရေးအတွက်လည်း ၂၀၁၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ အလှူရှင်များမှ လှူဒါန်းငွေများဖြင်‌့လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လထိလှူဒါန်းငွေများဖြင့်လည်းကောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေ စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ မြို့ပြနှင့်သွားလာရေး ခက်ခဲမှုအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအနေဖြင့် လမ်းကြောင်းဖောက်လုပ်ရန်အတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ထောက်ပံ့မှုဆောင်ရွက် ပေးခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဖြင့် ပြည်နယ်အစိုးရအဖွဲ့တို့က ရေဘေးသင့်အိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းများကို ဝယ်ယူရန်အတွက်ကိုလည်း တစ်အိမ်ထောင်ကို ကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၁၃၀ ကိုလည်း ရေဘေးသင့်အိမ်ထောင်စုအလိုက် ထောက်ပံ့ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရေဘေးသင့်ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ဆော့လော်-လန်ဆယ်-လန်ကင် လမ်းပေါ်ရှိ ပေ ၁၄၀ နှစ်ထပ်သံပေါင်ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် လန်ဆယ်ကျေးရွာတွင် ပေ ၂၀၀ နှစ်ထပ်သံပေါင် ဘေလီတံတား တည်ဆောက်ခြင်း လုပ်ငန်းတို့သည် လည်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးခြင်းဖြစ်ပါကြောင်း၊ လန်ဆယ်-လန်ကင်လမ်းပေါ်ရှိ လုံးချောင်း ကူးဘေလီသံပေါင် တံတား ပေ ၈၀ ဖြင့် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းက နည်းပညာ မှားယွင်းမှုကြောင့် အသစ်ပြန်လည်တည်ဆောက် လျက်ရှိရာ ၂၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းသိရှိရပါသည်။

လန်ဆယ်-လန်ကင်မြေသားလမ်း မိုင် ၂၀ နှင့် ၁၅ မိုင်ပြုပြင်ခြင်းအစား ချီဖွေ-လန်ဆယ်-လန်ကင် လမ်းကြောင်းပေါ်ရှိ မြေလမ်း ၂၅ မိုင်တွင် ၁၅ မိုင်မြေပြိုဖယ်ရှားခြင်း၊ ပေ ၂၀ အကျယ် လမ်းတာချဲ့ခြင်းနှင့် Box Culvert ၁၄ စင်းတည်ဆောက်ခြင်း လုပ်ငန်းများကလည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ချီဝန်ရွာနှစ်ထပ်ဘေလီတံတား တည်ဆောက်ခြင်း လုပ်ငန်းကလည်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အပြင် လန်ဆယ်တံတားအထက်ချောင်းနှင့် ရဝမ်ယဉ်ကျေး မှုရုံးကြား၌ ရေထိန်းနံရံကြားက ရေကာတာအမြင့် ၁၅ ပေနှင့် အရှည် ၃၀၀ ပေရေကာတာတည်ဆောက်ခြင်း လိုအပ်ချက်ကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူး တော်ဝင်မြစ်ကြီးနား ဆောက်လုပ်ရေးကုမ္ပဏီတို့နှင့် ညှိနှိုင်းပြီး ကုမ္ပဏီ၏လှူဒါန်းမှုနှင့် ဆောက်လုပ်သည့်လုပ်ငန်းကလည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ပါကြောင်း၊ ရေဘေးကြောင့်ပျက်စီးခဲ့သည့် လန်ကင်ကြိုးတံတားကိုလည်း ရပ်/ရွာအဖွဲ့အစည်း များ၊ ဌာနေပြည်သူ့စစ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကိုယ်ထူကိုယ်ထ ဆောင်ရွက်သည့်လုပ်ငန်း များကလည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ ပြည်နယ်အခြေခံ ပညာဦးစီးဌာနကလည်း ရန်ပုံငွေ ၁၉.၅ သန်းနှင့် အ.လ.က(ခွဲ) လန်ဆယ်တွင် Steel Structure ကျောင်း ဆောင်တစ်ဆောင် ဆောက်လုပ်နေသည်မှာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် လန်ဆယ်ရွာအတွင်းရှိ ရေမျောသစ်တုန်းများ ဖယ်ရှားခြင်းနှင့် ရွာတွင်းလမ်း ဖောက်လုပ်ခြင်းကိုလည်း ကျပ်သိန်း ၁၀၀ ဖြင့်ဆောင်ရွက်လျက်ရှိတာသည်မှာ ၂၅-၃-၂၀၁၈ ရက်နေ့တွင် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကျယ်ပြန့်သည့်အတွက် ဘေးအန္တရာယ်များ ကျရောက်လာပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းပြီးဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အောက်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ၃၀-၁-၂၀၁၈ ရက်နေ့တွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနကို အသစ်ဖွဲ့စည်းပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ရေတိုရေရှည်သတ်မှတ်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် ကဏ္ဍများအလိုက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်လျက် ရှိသဖြင့်အရေးပေါ် လိုအပ်ပါကလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြလမ်းညွှန်မှုခံယူပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။