(စ)-အိန္ဒိယအစိုးရထံမှရရှိမည့် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ငွေများကို ခိုင်ပြည်နယ်၏ မည်သည့်ဒေသများတွင် သုံးစွဲမည်နှင့်‌ ဒေသများရွေးချယ်ရာတွင် မည်သည့်စံနှုန်းများဖြင့် သတ်မှတ်မည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၆.၂၀၁၈)

 

(စ)-အိန္ဒိယအစိုးရထံမှရရှိမည့် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကြားတွင် မည်သို့စီမံခန့်ခွဲကြမည်၊ ရခိုင်ပြည်နယ်၏ မည်သည့်ဒေသများတွင် သုံးစွဲမည်နှင့်‌ ဒေသများရွေးချယ်ရာတွင် မည်သည့်စံနှုန်းများဖြင့် သတ်မှတ်မည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ရခိုင်ပြည်နယ်သည် နိုင်ငံတကာသံတမန်အသိုင်းအဝိုင်း၊ သတင်းမီဒီယာအသိုင်းအဝိုင်း၏ အာရုံစိုက်သည့် ဒေသတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတချို့နှင့် ကုလသမဂ္ဂအဖွဲ့အစည်းတချို့သည် မိမိတို့နိုင်ငံအပေါ် ရခိုင်အရေးနှင့် ပတ်သက်ပြီး ခက်ခက်ခဲခဲသွားနေရသည့် Democratic Transition ကို အပြုသဘောဆောင် ကူညီခြင်းမဟုတ်ဘဲ ဖိအားပေးခြင်း၊ အဓမ္မစွပ်စွဲခြင်းများကို နောက် R2B တို့ ICC တို့နှင့် ခြိမ်းခြောက်ခြင်းများရှိပါကြောင်း၊ တစ်ချိန်တည်း မိမိတို့နိုင်ငံအပေါ် မိတ်ဆွေကောင်းမပီသသည့် အိမ်နီးချင်းများရှိသကဲ့သို့ မိတ်ဆွေကောင်းပီသသည့် နိုင်ငံများ၊ အိမ်နီးချင်းများလည်း တွေ့မြင်နေရပါကြောင်း၊ တရုတ်နှင့်အိန္ဒိယသည် ကုလသမဂ္ဂစင်မြင့်တွင် မြန်မာပြည်ဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့ပါကြောင်း၊ အိန္ဒိယသည် စိတ်ဓာတ်ရေးရာ အရသာမက မြန်မာနိုင်ငံအတွက် ငွေကြေးဆိုင်ရာထောက်ပံ့ ကူညီမှုများကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပေးခဲ့ပါကြောင်း၊

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ Foreign Secretary ဖြစ်သည့် ဒေါက်တာဂျိုက်ရှင်ကာရိုးစ်သည် ၂၀-၁၂-၂၀၁၇ နေ့တွင် တွေ့ဆုံပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ရခိုင်ပြည်နယ်၏ အခြေခံအဆောက်အအုံနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးမှုအတွက် အိန္ဒိယအစိုးရက ထောက်ပံ့ငွေအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်း ဖြင့် ငါးနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံဖြစ်ပြီး Look East Policy အရ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံကို ချိတ်ဆက်ရန်အတွက် ပလက်ဝတွင် ဆိပ်ကမ်းတစ်ခု၊ စစ်တွေတွင်ဆိပ်ကမ်းကြီးတစ်ခု ဆောက်လုပ်နေပါကြောင်း၊ ထို့ကြောင့် အိန္ဒိယ၏ကူညီမှုသည် ဆင်းရဲမွဲတေနေသည် ရခိုင်ပြည်အတွက် တစ်စုံတစ်ရာဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်မည်ဆိုတာ အမှန်တရားဖြစ်ပါကြောင်း၊ အရေးကြီးသည်မှာ စီမံခန့်ခွဲမှုဖြစ်သည့်အတွက်ကြောင့် အိန္ဒိယနိုင်ငံမှရရှိသည့် ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကြားထဲ မည်ကဲ့သို့ စီမံခန့်ခွဲကြမည်နည်း၊ ၎င်းပံ့ပိုးကူညီသည့် ငွေများကို Development Zone အလိုက်သတ်မှတ်သည့်အခါ မည်သည့်ဒေသများတွင် သုံးစွဲမည်နည်းနှင့် သုံးစွဲရန်အတွက် သုံးစွဲသည့်ဒေသများကို ရွေးချယ်သည့်အခါတွင်လည်း မည်ကဲ့သို့စံနှုန်းများနှင့် ရွေးချယ်သနည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့သည် ရခိုင် ပြည်နယ်တွင် နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ ပေးခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို မြှင့်တင်နိုင်ရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀-၁၂-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရကိုယ်စား အိန္ဒိယနိုင်ငံနိုင်ငံခြားရေး အတွင်းဝန်တို့က လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ အိန္ဒိယအစိုးရထံမှရရှိမည့် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၁-၄-၂၀၁၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇) ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း၏ အခန်း(၁၃) ထောက်ပံ့ငွေအပိုဒ် ၁၇၁ တွင် နိုင်ငံတော်မူဝါဒအရ ထောက်ပံ့ငွေများ သုံးစွဲရာတွင် ထောက်ပံ့ငွေ ရရှိသည့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့ငွေရငွေခေါင်းစဉ်အောက်တွင် ရငွေစာရင်းသွင်းပြီး အသုံးစရိတ်များကို သုံးစွဲရာတွင် သာမန်အသုံးစရိတ်အတွက် ဖြစ်ပါက သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်တွင်လည်းကောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြစ်ပါက ငွေလုံးငွေရင်းအသုံးစရိတ် ခေါင်းစဉ်အောက်တွင်လည်းကောင်း စာရင်းသွင်းရမည်ဟု ဖော်ပြထားရှိရာ အိန္ဒိယအစိုးရမှ ထောက်ပံ့မည့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ငါးနှစ်အတွက် အမေရိကန် ဒေါ်လာ ၂၅ သန်းကို ပြည်ထောင်စုဘတ်ဂျက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ပြည်ပအကူအညီရငွေ၊ ငွေလုံး ငွေရင်းရငွေ (၀၁) ပစ္စည်းခေါင်းစဉ်အောက်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေကို ရငွေအဖြစ်လည်းကောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ် တည်ဆောက်ရေး ခေါင်းစဉ်အောက်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေကို သုံးငွေအဖြစ်လည်းကောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်ထည့်သွင်း လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

နားလည်မှုစာချွန်လွှာပါ သဘောတူညီမှုအရ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်း သတ်မှတ်ထားသော်လည်း လုပ်ငန်းလိုအပ်ချက်အရ ဒေါ်လာ ၂၅ သန်းကို ငါးနှစ်အတွင်း လိုအပ် သလို မျှဝေသုံးစွဲပိုင်ခွင့်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်ရန်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြိုတင်ညှိနှိုင်းပြီး လုပ်ဆောင်လိုသောလုပ်ငန်းများကို အိန္ဒိယနိုင်ငံအစိုးရသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့်‌ ပေးပို့ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရာ စီမံကိန်းဒေသများ ရွေးချယ်ရာတွင် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများနှင့်‌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ထံ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက လျာထားစီမံကိန်းများကို တင်ပြတောင်းခံခဲ့ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ၊ ဒေသအတွင်း ဖွံ့ဖြိုးရေးကဏ္ဍများနှင့် ဆက်စပ်ကဏ္ဍများ မည်ကဲ့သို့ ဆောင်ရွက်နိုင်သည်ကို အိန္ဒိယနိုင်ငံအစိုးနှင့် MoU ထိုးပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ တောင်းခံမှုအရ တင်ပြပါပြည်ထောင်စုဝန်ကြီးဌာန ငါးခုက စီမံကိန်းလုပ်ငန်း ၁၈ ခုအတွက် စုစုပေါင်း ခန့်မှန်း US Dollar ၂၆.၅ သန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းလုပ်ငန်း ၁၀ ခုအတွက် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၄.၅ သန်းတို့ကို အဆိုပြုတင်ပြထားခဲ့ပါကြောင်း၊ ထိုတင်ပြချက် များ၊ တန်ဖိုးများသည် ငါးနှစ်စာအတွက် တင်ပြခြင်းဖြစ်ပါကြောင်း၊ အဆိုပါလျာထားစီမံကိန်းများနှင့်‌ တန်ဖိုးများသည် အဆိုပြုထားခြင်းများဖြစ်ပြီး ထပ်မံညှိနှိုင်းအတည်ပြုရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန များ လျာထားသည့် စီမံကိန်းများအနေဖြင့် နယ်စပ်ဝန်ကြီးဌာနက လမ်းဖောက်လုပ်ရေးလုပ်ငန်းများ အတွက်ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်း တင်ပြပါ စီမံကိန်းလုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင်လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်‌ ပြည်သူ့အင်အားဝန်ကြီးဌာနက တင်ပြပါ NEC (Neo face Reverse) Hardware နှင့် Software ဝယ်ယူလိုခြင်း အတွက်လည်းကောင်း၊ ပညာရေးဝန်ကြီး ဌာနကလည်း တင်ပြပါလုပ်ငန်းများအတွက်ကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနကလည်း မြို့နယ် ၁၇ မြို့တို့တွင် မူလတန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကိစ္စ၊ အမျိုးသမီး၊ ကလေးများနှင့်သက်ငယ် လူငယ်သင်တန်းကျောင်းဖွင့်လှစ်ရန် အမျိုးသမီးနှင့် အမျိုးသမီးငယ်များအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတစ်ကျောင်း ဖွင့်‌လှစ်ရန်တို့အတွက်ကိုလည်း တင်ပြခဲ့ကြပါကြောင်း၊

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်း စိစစ်ပြီးမှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် လေ့ကျင့်ရေးစင်တာများ တည်ဆောက်ရန်ကိစ္စ၊ မာန်အောင်၊ ရမ်းဗြဲ၊ ပေါက်တော၊ စစ်တွေနှင့်ကျောက်ဖြူ၊ မြောက်ဦးမြို့နယ်များတွင် သဘာဝဘေးဒဏ်ခံ School can Shelter နဲ့ Multi Purpose Shelter များ ဆောက်လုပ်ခြင်းအတွက်ကိုလည်းကောင်း၊ နောက် ကျန်းမာရေးအတွက် လိုအပ်သည့် သားဖွားသင်တန်း၊ ကျန်းမာရေးလုပ်သားသင်တန်း၊ ဆေးပစ္စည်းကိရိယာထောက်ပံ့ခြင်း၊ မြို့နယ်တိုက်နယ်ဆေးရုံ ၂၅ ခုအတွက် အမှိုက်မီးရှို့စက်များ တပ်ဆင်ခြင်းနောက် ကျေးရွာ ၃၄ ရွာတွင် RC တစ်ထပ် ကျောင်းဆောင်သစ်တစ်လုံးစီ ဆောက်လုပ်ခြင်းနှင့် လေးခန်းတွဲ ပညာရေးဝန်ထမ်း အိမ်ရာသစ်များဆောက်လုပ်ခြင်း၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကလည်း လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နောက် အိမ်တိုင်ရာရောက် မြို့နယ်အလိုက် ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများအနေဖြင့်လည်း ဆည်များတည်ဆောက်ခြင်း၊ သင်တန်းများ၊ သုတေသနခြံများ၊ ရေချိုငါးမွေးကန်များ ‌ဖော်ထုတ်ခြင်းများ အသေးစားစွမ်းအင်စီမံကိန်းအနေနှင့် ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ် ခမောင်းဆိပ်တို့တွင် Solar Power Plan များဖြင့် လျှပ်စစ်ဓာတ်အားပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန် အဆိုပြုတင်ပြထားပါကြောင်း၊ ထို့အတူ အိန္ဒိယနိုင်ငံကလည်း အိမ်ရာများလှူဒါန်းလိုပါကြောင်း ကမ်းလှမ်းမှုအရ ပထမ(၁)နှစ်အတွက် ခွဲဝေရရှိမည့် အမေရိကန်ဒေါ်လာ ၅ သန်းအနက်မှ အိန္ဒိယနိုင်ငံအစိုးရပိုင် Hindu Stand Prefect Ltd. မှ ထုတ်လုပ်သော အသင့်တပ်ဆင်အိမ်ရာ အလုံး ၂၅၀ လုံးကို ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ငါးသလောက်ကျေးရွာ ရခိုင်တိုင်းရင်းသားများအတွက် ၄၂ လုံး၊ ရွှေသွားကျေးရွာ ဟိန္ဒူဘာသာဝင်များအတွက် ၁၄၈ လုံး၊ ကြိမ်ချောင်းတောင် မူဆလင်များအတွက် ၆၀ လုံးတို့ကို အိန္ဒိယနိုင်ငံအစိုးရက ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီး၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လျာထားစီမံကိန်းများကို ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ရွေးချယ်အတည်ပြု ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ အိန္ဒိယအစိုးရ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းကို ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို တိုက်ရိုက်အကျိုး ရှိစေမည့် စီမံကိန်းလုပ်ငန်းများကို ရွေးချယ်၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး အကျိုးရှိစွာ စီမံခန့်ခွဲသုံးစွဲသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဦးလှစော (မြောက်ဦးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စီမံကိန်းဦးစီးဌာနနှင့် ရေးဆွဲထားသည့်အခါ ရခိုင်ပြည်နယ်အတွက် သီးခြားပေးသည့် ဘတ်ဂျက် ဖြစ်ပါကြောင်း၊ သီးခြားပေးသည့် အကူအညီဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ်ရယ်လည်း မဟုတ်၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကို နိုင်ငံတကာကပေးသည့် အကူအညီကို စီမံခန့်ခွဲသည့်အခါ နောက်ဆုံးမှာပါခဲ့သလို လုပ်ငန်းစီမံခန့်ခွဲသည့်အခါ ပြည်သူ့ကိုယ်စားလှယ်များနှင့် ညှိနှိုင်း ဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့ခြင်းရှိ/မရှိ သိလိုပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များကို နိုင်ငံတကာပေးသည့် အကူအညီများနှင့် ဆောင်ရွက်သည့်အခါ နောင် Development Zone များ ရွေးချယ်သည့်အခါ ညှိနှိုင်းဆွေးနွေးခွင့်ရှိရန်အတွက် အဆိုပါပြည်သူ့ကိုယ်စားလှယ်များကို အကြံပေးပါဝင်ဆွေးနွေးနိုင်ခွင့်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

မိမိတို့ဝန်ကြီးဌာနအနေဖြင့် နှစ်နိုင်ငံ MoU ရေးထိုးပြီး ဆောင်ရွက်သည့်လုပ်ငန်းသည် ပထမဆုံး အကြိမ် ဖြစ်ပါကြောင်း၊ ပထမဆုံးအကြိမ်တွင် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရတို့ထံကိုလည်း တောင်းခံပါကြောင်း၊ ရရှိလာသော စီမံကိန်းအားလုံးကိုလည်း နောက်ဆုံးတွင်တင်ပြခဲ့သကဲ့သို့ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ၎င်းလုပ်ငန်းများသည် ပြည်သူအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိ/မရှိ၊ ပိုမိုကောင်းမွန်သောအစီအစဉ်ဖြစ်/မဖြစ်တို့ကို ညှိနှိုင်းတိုင်ပင်ပြီး နှစ် အလိုက် လုပ်ဆောင်မည့်လုပ်ငန်းများ စသည်ဖြင့် မိမိတို့တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပထမဆုံးဖြစ်သည့်အတွက် Stakeholder အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဦးစားပေးဆောင်ရွက်သွားခြင်း ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။