(ဂ)-လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းနယ်နိမိတ်အကျယ် သတ်မှတ်ပေးပြီး လမ်းမကြီးများဘေး အုတ်စီရေမြောင်းများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်း သည်‌့ မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၆.၂၀၁၈)

 

လှိုင်သာယာမြို့တွင် စက်မှုဇုန်၁၂ ဇုန်နှင့် လူဦးရေကိုးသိန်းကျော်နေထိုင်ပြီး အများပြည်သူများသုံးစွဲ ပြီးစွန့်ပစ်သည်‌့ ရေဆိုးများသည် စီးဆင်းမှုမရှိဘဲ လူနေအိမ်များအောက်နှင့် လမ်းမများပေါ်မှာ စွန့်ပစ် ရေများရှိနေသောကြောင့် ကူးစက်ရောဂါ ဖြစ်စေသော ဝမ်းရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအတွက်ကျန်းမာရေးအန္တရာယ်စိုးရိမ်စရာဖြစ်ပါကြောင်း၊ လှိုင်သာယာ မြို့နယ်သည် ပန်းလှိုင်မြစ်၊ လှိုင်မြစ်တို့နှင့် ထိစပ်လျက်ရှိပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရေ မြောင်းများကို စနစ်တကျဖော်ဆောင်ပေးခဲ့ခြင်းမရှိသည်‌့အတွက် မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုဒဏ် ကို အများပြည်သူခံစားရပါကြောင်း၊ ယခု လှိုင်သာယာမြို့နယ်တွင် ကွန်ကရစ်လမ်းများကို ခင်းပေးနေ သော်လည်း ရေစီးရေလာမကောင်းသဖြင်‌့ ရေနစ်မြုပ်မှုဒဏ်ခံရပါက ၎င်းလမ်းများလည်း မကြာမီ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်ပါကြောင်း၊ လမ်းနယ်နိမိတ်များ စနစ်တကျသတ်မှတ်ပေးခဲ့ ခြင်းမရှိသည့် အတွက် ရေမြောင်းများတူးဖော်ရာတွင်  အခက်အခဲများဖြစ်စေပါကြောင်း၊ ထို့ကြောင့် မြို့အင်္ဂါရပ်နှင့် ညီစေရန်အတွက် လှိုင်သာယာမြို့နယ်အတွင်းရှိ လမ်းများကို လမ်းအကျယ်နယ်နိမိတ်များကို စနစ် တကျသတ်မှတ်ပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းမကြီးများ ဘေးဘယ် / ညာတွင် အုတ်စီ ရေမြောင်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများရေးဆွဲပြီး နှစ်စဉ်စီမံကိန်း ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ကောင်စီဝင် ဦးအောင်မြင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လှိုင်သာယာအတွင်းရှိလမ်းများကို ကွန်ကရစ်လမ်းများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာ ရေးကော်မတီမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ မဆောင်ရွက်မီ လမ်းနယ်နိမိတ် များ ပြန်လည်တိုင်းတာခြင်း၊ လမ်းဘေးမြေသားမြောင်းများပါ တူးဖော်ရန်အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လှိုင်သာယာမြို့နယ်အတွင်းမှာ အဓိက လမ်းမကြီးများ၏ လမ်းဘေးရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းနယ်နိမိတ် အကျယ်သတ်မှတ်ပေးပြီး လမ်းမကြီးများ ဘေးတွင် အုတ်စီရေမြောင်းများပြုလုပ်ပေးနိုင်ရန် ၂၀၁၉-၂၀ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်ရန် စီမံ လျာထား ထားပါကြောင်း၊ ကျန်စစ်သားလမ်းဘေးရေမြောင်း၊ ရွှေလင်ဗန်းချောင်းနှင်‌့ စူလတန် ချောင်းကြား ပေ ၅၂၀၀၊ ဗိုလ်အောင်ကျော်လမ်းရေမြောင်း၊ ညောင်တုန်းလမ်းနှင်‌့ ပဲခူးလမ်းကြားတွင် ပေ ၄၀၀၀ ကျော် တို့ကိုစတင် ဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း နှင့် ဘဏ္ဍာရေးနှစ်များအလိုက် နောက်ထပ်ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီးရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ကို ဆက်လက် လျာထားဆောင်ရွက်ပေးပါမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။